သတင်း

မြင့်မားလာသော IS ခြိမ်းခြောက်မှု အာဆီယံ နိုင်ငံများ ပူးပေါင်းဆောင်ရွက်

Want create site? Find Free WordPress Themes and plugins.

အရှေ့တောင်အာရှနိုင်ငံများသည် ဒေသတွင်းတွင် အစ္စလာမ်မစ်နိုင်ငံ (IS) အဖွဲ့၏ အင်အား ကြီးထွားလာသောကြောင့် စစ်သွေးကြွ လှုပ်ရှားမှုများကို ဟန့်တားနိုင်ရန် အတွက် ၎င်းတို့၏ လုံခြုံမှု အားနည်းသည့် နယ်စပ်များတွင် သူလျှို လေယာဉ်များနှင့် မောင်းသူမဲ့ လေယာဉ်များကို အသုံးပြုရန် စီစဉ်လျှက်ရှိကြောင်း အဆိုပါနိုင်ငံများမှ ကာကွယ်ရေး အရာရှိများက လွန်ခဲ့သော သီတင်းပတ်ကုန်က ပြောသည်။

အင်ဒိုနီးရှား၊ မလေးရှားနှင့် ဖိလစ်ပိုင် နိုင်ငံများသည် လက်ရှိ ရေကြောင်း ကင်းလှည့် အစီအစဉ်များ အပြင် ဆူးလူးပင်လယ်ပြင်မှ ၎င်းတို့၏ နယ်စပ်များကို ယခုလမှ စတင်ပြီး လေကြောင်းမှ ပူးတွဲ ကင်းလှည့်ကြမည် ဖြစ်သည်။

IS အဖွဲ့နှင့် ဆက်စပ်နေသော စစ်သွေးကြွများနှင့် ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်းတွင် ဖြစ်ပွားနေသည့် စစ်ပွဲ၏ ရိုက်ခတ်မှု များကို တုံ့ပြန်ရန် အတွက် ပိုမို ပူးပေါင်းဆောင်ရွက်ကြရန်လည်း ဒေသတွင်း အာဏာပိုင်များက တောင်းဆိုခဲ့သည်။ ထိုစစ်ပွဲသည် အရှေ့တောင်အာရှဒေသတွင် အစွန်းရောက် အုပ်စုက အခြေစိုက်စခန်း ထူထောင်နေကြောင်း အထင်ပေါ်ဆုံး သတိပေးချက် ဖြစ်သည်။

“ကျနော်တို့ရဲ့ ပွင့်နေတဲ့ နယ်စပ်တွေကို အကြမ်းဖက်အုပ်စုက အသုံးချပြီး တပ်ဖွဲ့ဝင်တွေ၊ ပစ္စည်းတွေ ပို့ဆောင်နေကြတယ်” ဟု အာဆီယံ (ASEAN) ၏ အထွေထွေအတွင်းရေးမှူး လီလျှောင်မင်းက စင်္ကာပူတွင် နှစ်စဉ်ကျင်းပသော လုံခြုံရေးဆိုင်ရာ ဆွေးနွေးပွဲ ဖြစ်သည့် ရှန်ဂရီလာ ဆွေးနွေးပွဲတွင် ပြောသည်။

အာဆီယံ ဒေသတွင် လူဦးရေ သန်း ၆၀၀ ကျော် နေထိုင်ကြပြီး ကမ္ဘာတွင် မွတ်စလင် အများဆုံးရှိသော အင်ဒိုနီးရှား နိုင်ငံလည်း ပါဝင်သည်။ အခြားသော မွတ်စလင် အများစုနေထိုင်သည့် မလေးရှားနှင့် အင်ဒိုနီးရှား နိုင်ငံတို့မှ အာဏာပိုင်များက ထောင်နှင့် ချီသော ၎င်းတို့ နိုင်ငံသားများသည် IS အဖွဲ့ကို ထောက်ခံကြကြောင်းနှင့် ထိုအစွန်းရောက် အဖွဲ့နှင့် ပူးပေါင်းရန် ဆီးရီးယားသို့ ထွက်ခွာသွားသူ ရာနှင့်ချီ ရှိသည်ဟု ယုံကြည်ရကြောင်း ပြောသည်။

အင်ဒိုနီးရှားနိုင်ငံတွင် လွန်ခဲ့သော ၁၇ လ အတွင်း ဖြစ်ပွားခဲ့သော အသေးစား တိုက်ခိုက်မှုများ အနက် နောက်ဆုံးဖြစ်သော ရဲတပ်ဖွဲ့ဝင် ၃ ဦးသေဆုံးစေခဲ့သည့် ဗုံးခွဲ တိုက်ခိုက်မှုသည် IS အဖွဲ့၏ လက်ချက်ဖြစ်သည် ဟု အင်ဒိုနီးရှား အာဏာပိုင်များ က ပြောသည်။

မကြာသေးမီ လများ အတွင်းက ဒါဇင်နှင့် ချီသော အင်ဒိုနီးရှားနှင့် မလေးရှားမှ တိုက်ခိုက်ရေး သမားများသည် ဥပဒေစိုးမိုးမှု ကင်းမဲ့ပြီး ဓါးပြပေါများသော ပင်လယ်ပြင်ကို ဖြတ်ကာ ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်း မင်ဒါကျွန်း သို့ ထွက်ခွာ သွားခဲ့ကြသည် ဟု ထောက်လှမ်းရေး အရာရှိများကလည်း ပြောသည်။ မင်ဒါနိုကျွန်း သည် ကက်သလစ်ဘာသာဝင် အများစု ရှိသော ဖိလစ်ပိုင်နိုင်ငံတွင် မွတ်စလင် အများအပြား ရှိရာဒေသ ဖြစ်သည်။

ရှန်ဂရီလာ ဆွေးနွေးပွဲအတွင်း သီးခြားဆွေးနွေးပွဲ တခုတွင်လည်း မာရာဝီမြို့မှ စစ်သွေးကြွ တိုက်ခိုက်မှု အတွက် ဖိလစ်ပိုင်နိုင်ငံကို ကူညီရန်လည်း အာဆီယံအဖွဲ့နှင့် အမေရိကန်တို့ကလည်း ပူးတွဲ ကတိကဝတ် ပြုခဲ့ကြသည်။

“အမေရိကန်-အာဆီယံ ဆွေးနွေးပွဲမှာ ထင်ထင်ရှားရှားတွေ့ရတာကတော့ အမေရိကန်ရော အာဆီယံ အဖွဲ့ဝင်နိုင်ငံတွေကပါ ဖိလစ်ပိုင်နိုင်ငံကို သတင်းအချက်အလက် အရ ဖြစ်စေ၊ ထောက်လှမ်ရေး သတင်း အရဖြစ်စေ အရာရာ ကူညီဖို့ ရပ်တည်ကြတာပါပဲ” ဟုစ င်္ကာပူ ကာကွယ်ရေး ဝန်ကြီး နန်အန်းဟန်က ပြောသည်။

ပူးပေါင်းကင်းလှည့်ခြင်းနှင့် ထောက်လှမ်းရေး သတင်းအချက်အလက် ဖလှယ်ခြင်း

IS အဖွဲ့ လိုလားသော အဘူဆေယက် အုပ်စု၏ ပြန်ပေးဆွဲမှုများ ဖြစ်ပေါ်လာခဲ့ပြီးနောက် အင်ဒိုနီးရှား၊ မလေးရှားနှင့် ဖိလစ်ပိုင် နိုင်ငံများသည် အိမ်နီးခြင်း စင်္ကာပူနိုင်ငံ၏ အကူအညီဖြင့် ဆူးလူးပင်လယ်တွင် လွန်ခဲ့သော နှစ်က စတင်ကာ ပူးတွဲ ကင်းလှည့်နေကြသည်။

“ဘာမှ မကူညီဘဲ နေတယ် လို့ စွပ်စွဲတာမျိုးကို ရှောင်ရှားနိုင်အောင် အနည်းဆုံး ဒီ ၃ နိုင်ငံ ပူးတွဲပြီး ရေကြောင်း၊ လေကြောင်း ကင်းလှည့်ကြမယ်” ဟု မလေးရှား ကာကွယ်ရေး ဝန်ကြီး ဟစ်ရှန်မူဒင် ဟူစိန်က ပြောသည်။ လေကြောင်း ကင်းလှည့်ခြင်းကို ဇွန်လ ၁၉ ရက်နေ့တွင် စတင်မည် ဟုလည်း သူဆက် ပြောသည်။ “ကျနော်တို့ ဘာမှ မလုပ်ဘဲ နေရင် သူတို့ ဒီဒေသမှာ ခြေကုတ်ရသွားမယ်” ဟုလည်း သူက ဆက်ပြောသည်။

သူ၏ နိုင်ငံအနေဖြင့် ဖိလစ်ပိုင်နှင့် နယ်စပ်တွင် မောင်းသူမဲ့ လေယာဉ်နှင့် ထောက်လှမ်းရေး သူလျှိုုလေယာဉ်များ ဖြန့်ချထားရန် စဉ်းစားနေသည် ဟု အင်ဒိုနီးရှားကာကွယ်ရေးဝန်ကြီး ရာမစ်ဇတ် ရာကူဒူက Reuters သတင်းဌာနသို့ ပြောသည်။

ထိုအစီအစဉ်များကို လုပ်ဆောင်ရခြင်းမှာ ဖိလစ်ပိုင် ထိုးစစ်အတွင်း စစ်သွေးကြွများ လွတ်မြောက်ကာ အိမ်နီးချင်း နိုင်ငံများသို့ ရောက်ရှိသွားနိုင်သည် ဟူသော စိုးရိမ်မကင်း ဖြစ်နေစဉ် ယခုအစီအစဉ်များကို ချမှတ်ခဲ့ခြင်း ဖြစ်သည်။

“မာရာဝီတိုက်ပွဲမှာ ပါဝင်တဲ့ သူတွေဟာ ဖိလစ်ပိုင်တောင်ပိုင်းကို ဖြတ်ပြီး မလေးရှားနဲ့ အင်ဒိုနီးရှား ရေပိုင်နက်ထဲကို ရောက်သွားနိုင်တယ်။ ဒါသူတို့ရဲ့ တခုတည်းသော ထွက်ပေါက်ပဲ” မလေးရှားအကြမ်းဖက်မှု တိုက်ဖျက်ရေး ရဲတပ်ဖွဲ့ အကြီးအကဲ အရော့ ခန်မိုင်ဒင် ပီချေးက ပြောသည်။

အခြားသော အစီအစဉ်များ အရ မာရာဝီတိုက်ပွဲများ စတင်ပြီးနောက် အချို့သော သူများနှင့် ပတ်သက်သည့် ထောက်လှမ်းရေး သတင်းဖလှယ်မှုနှင့် စောင့်ကြည့်မှုများ ပါဝင်သည် ဟု စင်္ကာပူနှင့် မလေးရှား အရာရှိများက ပြောသည်။

စင်္ကာပူ နိုင်ငံသားများ အနေဖြင့် မိတ်ဆွေများ၊ မိသားစုများ အခြခံဝါဒီ အဖြစ် ပြောင်းလဲ နေကြောင်း သံသယရှိပါက သတင်းပေးပို့ရန် စင်္ကာပူ ကာပြည်ထဲရေး ဝန်ကြီး ရှန်မူဂန် က တနင်္ဂနွေတွင် တိုက်တွန်းခဲ့သည် ဟု စင်္ကာပူ မီဒီယာများက ဆိုသည်။

IS အဖွဲ့သည် ဆီးရီးယားနှင့် အီရတ်တွင် အရေးနိမ့် နေသောကြောင့် အရှေ့တောင်အာရှနိုင်ငံများမှာ IS အဖွဲ့ပြန့်နှံ့မည့် အန္တရာယ် ရှိနေသည် ဟု လုံခြုံရေး ကျွမ်းကျင်သူများက ပြောသည်။

“IS အဖွဲ့ဟာ အရှေ့အလယ်ပိုင်းမှာ အခြေမလှတော့ သူတို့ရဲ့ ပြည်ပ အဖွဲ့ခွဲတွေကို အရမ်း အားပေးနေတယ်။ ဒါကို ဖိလစ်ပိုင်မှာ တွေ့နေရတယ်။ ဒါပေမယ့် အရှေ့တောင်အာရှမှာ တခြားနိုင်ငံတွေလည်း ရှိနေသေးတယ်၊ အထူးသဖြင့် အင်ဒိုနီးရှားပေါ့။ အန္တရာယ်ရှိနေတယ်” ဟု လန်ဒန် နိုင်ငံတကာ စစ်ဗျူဟာ လေ့လာရေး ဌာနမှ နစ်ဂယ်အင့်စတားက ပြောသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading