သတင်း

မသန်စွမ်းသူများ တန်းတူအခွင့်အရေးရနိုင်မည့် နည်းဥပဒေ ပြဋ္ဌာန်းတော့မည်

Want create site? Find Free WordPress Themes and plugins.

နိုင်ငံသားတိုင်း ခံစားခွင့်ရှိသည့် လူ့အခွင့်အရေးနှင့် အခြေခံလွပ်လပ်ခွင့်များကို မသန်စွမ်းသူအားလုံး တန်းတူညီမျှ ရရှိ စေရန် မသန်စွမ်းသူများ၏ အခွင့်အရေး ဥပဒေဆိုင်ရာ နည်းဥပဒေကို လာမည့် ၂ လအတွင်း ပြဋ္ဌာန်းမည်ဖြစ်ကြောင်း လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ဧရာဝတီကို ပြောသည်။

ဒေါက်တာ ဝင်းမြတ်အေးက “ အခု ရှေ့နေချုပ်ရုံးကို တင်ထားပြီးပြီ။ အဲဒီကနေ ကျပြီးတာနဲ့ အစိုးရအဖွဲ့ကို သွားမယ်။ ပြီးရင် လွှတ်တော်ကိုတင်ပြီးတော့ အတည်ပြုမယ်။ မကြာလောက်တော့ဘူး အလွန်ဆုံး ၂လပဲ။ မသန်စွမ်း အဖွဲ့အစည်း တွေကလည်း များတယ်။ မသန်စွမ်း အခွင့်အရေးတွေကလည်း အများကြီး ဖော်ဆောင်ပေးရမှာမို့လို့ နည်းဥပဒေ ရေးတဲ့ အခါမှာ ကြန့်ကြာမှုတွေ အများကြီး ရှိတာပေါ့။ ဒါတွေအကုန်လုံးကို ကျော်လွှားပြီးတော့ ထွက်ရှိတော့မှာပါ” ဟု ဆိုသည်။

မသန်စွမ်းသူများ၏ အခွင့်အရေးဥပဒေကို ၂၀၁၅ ခုနှစ် မေလကတည်းက ပြဋ္ဌာန်းခဲ့သော်လည်း နည်းဥပဒေ မရှိသဖြင့် ၂နှစ်ကျော်ကြာ အသက်မဝင်ဘဲ ရှိနေခဲ့ပြီး ယင်းဥပဒေတွင် လူ့အခွင့်အရေး၊ အခြေခံလွပ်လပ်ခွင့်များ တန်းတူရေး၊ ပညာရေး၊ ကျန်းမာရေး၊ သွားလာနေထိုင်ရေး၊ အလုပ်အကိုင်၊ မသန်စွမ်းသူများ၏ အခွင့်အရေးကို ဖောက်ဖျက်မှုများအပေါ် တားမြစ်ချက်၊ ပြစ်ဒဏ်စသဖြင့် အခန်း ၁၇ ခန်း ပါရှိသည်။

မသန်စွမ်းသူများ၏ အခွင့်အရေးဥပဒေကို ရှေ့နေချုပ်ရုံးက ပြီးခဲ့သည့် လပိုင်းက ပြန်လည်ပြင်ဆင်ပြီး ချပေးခဲ့သော်လည်း လိုအပ်ချက်များ ရှိနေသဖြင့် မသန်စွမ်းအဖွဲ့များ ညှိနှိုင်းပြင်ဆင်ပြီး ရှေ့နေချုပ်ရုံးသို့ ပြန်လည် တင်ပြခဲ့ခြင်း ဖြစ်ကြောင်း မြန်မာနိုင်ငံမသန်စွမ်းသူများရှေ့ဆောင်အဖွဲ့(MILI)မှ MILI Counsellor ဦးနေလင်းစိုးက ပြောသည်။

ဦးနေလင်းစိုးက “ရှေ့နေချုပ်ရုံးက ပြန်ချပေးတဲ့အခါ ပြင်စရာတွေ တော်တော်များများ ကျန်တာတွေ့ရတယ်။ အဲဒီတော့ မသန်စွမ်းအဖွဲ့တွေ ပြန်ဆုံပြီး အစည်းအဝေး ထိုင်လိုက်ကြတာ သုံးရက်ကြာတယ်။ အချက်တွေ ပြင်တာများတော့ သမ္မတရုံးကို တန်းပို့လို့မရဘူး။ ရှေ့နေချုပ်ရုံးကို ပြန်ပို့ရတယ်။ အဲဒီရုံးက ပြန်ကျလာပြီးရင်တော့ ပြဋ္ဌာန်းဖို့ လွယ်ကူ သွားမှာပါ” ဟု ဆိုသည်။

ရှေ့နေချုပ်ရုံးမှ ပြန်ကျလာပါက လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနကို ပြန်ချ ပေးရမည်ဖြစ်ပြီး ယင်းမှတဆင့် နိုထရီကော်မတီသို့ ရောက်ရှိမည်ဖြစ်ကာ ထိုမှ သမ္မတရုံးကို ဆက်လက်ပေးပို့ရ မည်ဖြစ်ပြီး သမ္မတရုံးက လက်မှတ်ရေးထိုးပြီးပါက ဥပဒေအတည် ဖြစ်မည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

နည်းဥပဒေ ထွက်ရှိလာပါက မသန်စွမ်းသူများ၏ အခွင့်အရေးဥပဒေ အသက်ဝင်လာမည် ဖြစ်သော်လည်း မသန်စွမ်း သူများအတွက် အကာအကွယ် ပေးနိုင်ခြင်းရှိ၊ မရှိ ဆိုသည်မှာ ဥပဒေအား အသုံးချမည့်သူအပေါ်တွင်သာ မူတည်ကြောင်း မြန်မာနိုင်ငံ မသန်စွမ်းသူများ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးအောင်ကိုမြင့်က ပြောသည်။

ဦးအောင်ကိုမြင့်က “ကာကွယ်ပေးနေတဲ့ ပုဂ္ဂိုလ်တွေအပေါ်မှာ မူတည်တယ်။ အကာအကွယ်ရခြင်း၊ မရခြင်းဆိုတာ နည်းဥပဒေနဲ့ မဆိုင်ဘူး။ လက်ရှိ ဥပဒေနဲ့လည်း အကာအကွယ်ပေးလို့ ရတယ်။ နည်းဥပဒေပေါ်လာရင်တော့ ဘယ်လို ကာကွယ်ရမလဲဆိုတဲ့ လမ်းညွှန်ချက်လေး ပေါ်လာတာပေါ့။ ပြောချင်တာကတော့ ဒီဥပဒေကို အသုံးချကြမယ့် ဥပဒေ ဘက်တော်သားတွေရဲ့ ကြိုးစားဆောင်ရွက်မှု အပေါ်မှာပဲ မူတည်တယ်”ဟု ဆိုသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ မသန်စွမ်းသူများကို ပိုမို၍ ကြည့်ရှုစောင့်ရှောက်နိုင်ရန်၊ ကုလသမဂ္ဂမသန်စွမ်းသူများ၏ အခွင့်အရေးဆိုင်ရာ ကွန်ဗင်းရှင်းပါ ပြဋ္ဌာန်းချက်များကို ပိုမိုထိရောက်စွာ အကောင်အထည် ဖော်နိုင်ရန်၊ နိုင်ငံသားတိုင်း ခံစားခွင့်ရှိသည့် လူ့အခွင့်အရေးနှင့် အခြေခံလွပ်လပ်ခွင့်များကို မသန်စွမ်းသူအားလုံး တန်းတူညီမျှ ရရှိစေရန် စသဖြင့် အဆိုပါဥပဒေ၏ အခန်း ၂ တွင် ရည်ရွယ်ချက် ၉ ချက်ကို ပြဋ္ဌာန်းထားသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading