ထိုင်းလေတပ်သားတဦးထံမှ မြန်မာနိုင်ငံမှ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တဖွဲ့ထံသို့ တင်ပို့မည် လက်နက်များ ဖမ်းဆီးရမိသည့် ကိစ္စနှင့်ပတ်သက်၍ အဓိကနောက်ကွယ်က ကြိုးကိုင်သူကို စုံစမ်းစစ်ဆေး ဖော်ထုတ်ဖို့ ထိုင်း ဒုဝန်ကြီးချုပ် ကာကွယ်ရေးဝန်ကြီး ပရာဝစ် ဝေါင်ဆူဝမ်က ရဲတပ်ဖို့ ညွှန်ကြားလိုက်ပါတယ်။
ပြီးခဲ့သည့် စနေနေ့က လော့ဘူရီခရိုင် အမှတ် ၂ လေတပ်မှ တပ်ကြပ်ကြီး Phakhin Detphong ဆိုသူကို ထရက်ခရိုင် ဆူခွန်ဗစ်လမ်းမကြီးပေါ်မှာ သူ့ရဲ့ ပစ်ကပ်ကားကို ရပ်တန့်ရှာဖွေရာ AK ချေမှုန်း ရေးရိုင်ဖယ်များ၊ စက်သေနတ်များနှင့် ကျည်ဆန်များ၊ ကို ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်ပါတယ်။
လက်နက်မှောင်ခိုမှုနဲ့ ဖမ်းမိထားတဲ့ လေတပ် တပ်ကြပ်ကြီးက အမည်မသိ ကမ္ဘောဒီယား တဦးထံမှ ဝယ်ယူကာ မြန်မာတိုင်းရင်းသားလက်နက်ကိုင်တွေကို ရောင်းဖို့ ပြုလုပ်တာဖြစ်ပြီး၊ ဒီကိစ္စကို သူတဦးတည်းကသာ လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ ထွက်ဆိုထားကြောင်း ထိုင်း ဒု ကာကွယ် ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး Udomdej Sitabutr ကဆိုပါတယ်။
လက်နက်မှောင်ခိုမှုမှာ နောက်ကွယ်က ကြိုးကိုင်သူဟာ အိမ်နီးချင်းနိုင်ငံက အရေးကြီးတဲ့ ခေါင်း ဆောင်တဦး ဖြစ်တယ်လို့ ကောလာဟလ ထွက်ပေါ်နေတာနဲ့ ပတ်သက်ပြီး ထိုင်း ဒု ကာကွယ်ရေး ဝန်ကြီး ဗိုလ်ချုပ်ကြီး Udomdej Sitabutr က မှတ်ချက်တစုံတရာ ပေးခြင်းမရှိပဲ၊ ရဲတပ်ဖွဲ့က ကိုင်တွယ်ဆောင် ရွက်နေပြီး၊ နောက်ဆုံးအခြေအနေတွေကို စောင့်ဆိုင်းဖို့ ပြောဆိုလိုက်ပါတယ်။
ယခုကိစ္စနဲ့ ပတ်သက်ပြီး ပုံမှန်ထက် လုံခြုံရေးကို တိုးမြှင့်ဖို့ ထိုင်း ကာကွယ်ရေးဝန်ကြီးက ဗိုလ်ချုပ်ကြီး ပရာဝစ်က ပြောဆိုကြောင်းလည်း သိရပါတယ်။
ပြီးခဲ့တဲ့ သောကြာနေ့ကလည်း အိတ် ၃လုံးနဲ့ ထည့်ထားတဲ့ M 67 လက်ပစ်ဗုံး ၆လုံး၊ M 26 လက်ပစ်ဗုံးများကို ဘန်ကောက်မြို့က ဘန့်ခန်ခရိုင်မှာ ဖမ်းမိထားပါသေးတယ်။