ယခုနှစ် မိုးရာသီ ဖြစ်သည့် မိုးဦး၊ မိုးလယ်နှင့် မိုးနှောင်းကာလ ၃ ခုလုံးတွင် ရွာသွန်းမည့် မိုးအခြေအနေသည် ရွာသွန်းမြဲထက်ပိုပြီး မိုးကောင်းမည်ဖြစ်၍ ရေကြီး ရေလျှံမှုအတွက် ကြိုတင်ကာကွယ်ရေးနှင့် လိုအပ်သည်များကို ကြိုတင်ပြင်ဆင်ထားရန် ပညာရှင်များက အကြံပြု ပြောဆိုကြသည်။
မိုးလေဝသပညာရှင်ဒေါက်တာထွန်းလွင်က ဇွန်၊ ဇူလိုင်၊ သြဂုတ်၊ စက်တင်ဘာလများအတွင်း တပြည်လုံးအနေဖြင့် မြောက် ပိုင်း ကချင်ပြည်နယ်နှင့် တောင်ပိုင်း တနင်္သာရီတိုင်းဒေသကြီးမှလွဲ၍ ကျန်ဒေသများအားလုံးတွင် ရွာသွန်းမြဲထက်ပိုမည်ဖြစ် ပြီး မကွေး၊ ပဲခူး၊ ဧရာဝတီနှင့် မန္တလေးတိုင်းဒေသကြီးတို့တွင် မိုးအများဆုံးရွာသွန်းနိုင်သည်ဟု ဧရာဝတီကို ပြောသည်။
ဆက်လက်၍ ၎င်းက မိုးများမည့်နှစ်ဟု ခန့်မှန်းထားသောကြောင့် ရေကြီးရေလျှံမှုအတွက် စိုးရိမ်စရာရှိကြောင်း၊ ၂၀၁၅-၂၀၁၆ ခုနှစ် ရေကြီးကာလ အတွေ့အကြုံအရ ပတ်ဝန်းကျင်ထိန်းသိမ်းရေး အားနည်းခြင်း၊ သစ်တောပြုန်းတီးမှု များခြင်းတို့ကြောင့် မိုးရွာသည်နှင့် တပြိုင်နက် တောင်ကုန်းမြင့်များမှ ကျလာသော တောင်ကျရေများက ရေကြီးမှုကို ပိုဆိုးနိုင်သည့်အတွက် သတိရှိရမည့် နှစ်ကာလဟု သတ်မှတ်ထားကြောင်း ရှင်းပြသည်။
“ဘာဖြစ်ရင် ဘာလုပ်ရမလဲဆိုတာကတော့ သဘာဝဘေးအန္တရာယ် ကာကွယ်စောင့်ရှောက်ရေး စာအုပ်တွေရှိနေတာပဲ။ ဒါ တွေက လုပ်ထားပြီးသားပဲ။ အဲဒါကို ကျေညက်အောင်ကြည့်ပြီးတော့ လိုအပ်တဲ့ ကြိုတင်ကာကွယ်မှုတွေလုပ်ထား။ အရေး ကြီးတာက ကြိုတင်ကာကွယ်ဖို့နဲ့ လိုအပ်တာတွေကို ကြိုတင်ပြင်ဆင်ထားဖို့ပါပဲ” ဟု ဦးထွန်းလွင်က အကြံပြုသည်။
မြစ်ချောင်းများ အနီးအနားတွင် နေထိုင်နေကြသည့် တောင်သူလယ်သမားများအနေဖြင့် သက်ဆိုင်ရာ ကြေငြာချက် များကို သတိရှိစွာဖြင့် အမြဲမပြတ် နားထောင်နေရမည်ဖြစ်ကြောင်း၊ စိုက်ခင်းအတွက် ရေထိန်းသည့်နေရာတွင် ထိန်းတတ်ရန်လိုသကဲ့သို့ ပိုလျှံသည့်ရေများကိုလည်း ဂရုစိုက်ရန်လိုကြောင်း၊ ရေမြင့်တက်လေ့ရှိသည့် ဒေသများ၏ လက်ရှိအသုံးပြုနေသော တာတမံများ၏ အမြင့်၊ ကြံ့ခိုင်မှုများကို သေချာစိစစ်ပြီး ပြန်လည်ပြင်ဆင်ထားသင့်ကြောင်း ၎င်းက ဖြည့်စွက်ပြောဆိုသည်။
သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပညာရှင် ဦးဝင်းမျိုးသူ (Eco Dev) ကလည်း “ဒီနှစ်က မိုးကောင်းတယ်။ ရေကြီးရေလျှံ ဖြစ်မယ်ဆိုရင် တချို့ဒေသတွေမှာ စိုက်ထားတဲ့ စိုက်ခင်းတွေ၊ လယ်တွေ ပျက်စီး နိုင်တယ်။ ဒီအခါ ပြန်ပြီးတော့ ထွန်ရမယ်။ ပြန်ပြီးစိုက်ပျိုးဖို့ လိုကောင်းလိုမယ်။ လိုတဲ့အခါ စပါးမျိုး မရှိဘူးဆိုရင် အခက်အခဲရှိ မယ်။ အဲဒီအချိန်မှာ ငွေမရှိဘူးဆိုရင် အခက်အခဲတွေ ဖြစ်မှာပေါ့” ဟု ပြောသည်။
ထို့အတွက် ကြိုတင်ပြင်ဆင်မှုအနေဖြင့် ရေကြီးရေလျှံဖြစ်နိုင်သည့် မြို့နယ်များရှိ သက်ဆိုင်ရာ ခရိုင်၊ မြို့နယ်အုပ်ချုပ်ရေး မှူးများက ဖြစ်နိုင်ချေများကို ကြိုတင်တွက်ချက်ခြင်း၊ လိုအပ်ချက်များကို ကြိုတင်ပြင်ဆင်ထားခြင်းများ ပြုလုပ်ထားပါက ဖြစ်ပေါ်လာသည့် အချိန်တွင် ချက်ချင်း ဖြေရှင်းဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ၎င်းက အကြံပြုသည်။
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအနေဖြင့် ၂၀၁၆ ခုနှစ်က တိုင်းနှင့်ပြည်နယ်အတော်များများတွင် ရေကြီးနစ်မြုပ်မှုကြောင့် ပျက်စီးခဲ့သည့် စိုက်ခင်းများအတွက် တင်းပေါင်း ၆၀၀၀၀ ကျော် ပံ့ပိုးပေးခဲ့သကဲ့သို့ ယခုနှစ်အတွက်လည်း ဌာန၏ မျိုးစေ့ကျန်များအပြင် ယခုနှစ် ဘတ်ဂျက်ထဲမှ အရန်မျိုးစပါး တင်း ၅၀၀၀၀ ခန့် ဝယ်ထားရန် ထည့်သွင်းလျာထားပြီး ဖြစ်ကြောင်း ဌာန၏ ဒုတိယ အမြဲတမ်းအတွင်းဝန် ဦးမျိုးတင့်ထွန်းက ဧရာဝတီက ပြောသည်။
“အရင်တုန်းကတော့ ရေကြီးနစ်မြုပ်မှု ကာကွယ်ရေးဆိုပြီး ဒေသအလိုက် ရေကြီးတတ်တဲ့နေရာတွေမှာ ရေကြီးတာသက် သာအောင်။ ရေကြီးမှုဒဏ်မှ ကာကွယ်နိုင်အောင် မြောင်းဖောက်တာတို့၊ ရေလွှဲမြောင်း တူးတာတို့တွေကတော့ လုပ်ပေးနေ ရတာပါပဲ။ နှစ်စဉ်ပုံမှန် ပညာပေးတဲ့ ဝန်ထမ်းတွေကလည်း နယ်ရုံးတွေမှာ တောင်သူတွေနဲ့ထိတွေ့ပြီး သရုပ်ပြတာ၊ ပညာ ပေးတာ၊ သင်တန်းပေးတာရှိတယ်။ လက်ကမ်းစာစောင်တို့၊ စာအုပ်စာတမ်းတို့ ဒါတွေလည်း ပုံမှန်ဝေပါတယ်” ဟု ၎င်းက ဆိုသည်။
သဘာဝဘေးအန္တရာယ်များအတွက် ကြိုတင်ကာကွယ်ရေးနှင့် ကြိုတင်ပြင်ဆင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ၂၀၁၆ ခုနှစ် မေ ၃၁ ရက်တွင် စတင်ဖွဲ့စည်းခဲ့သည့် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ ဥက္ကဋ္ဌအဖြစ် ဦးဆောင်သော အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီအနေဖြင့်လည်း သဘာဝဘေးအန္တရာယ်ဆိုင်ရာ စစ်တမ်း ၂၀၁၆ ကို ပြုစုထားပြီး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။