ဘဏ်ချေးငွေ ရရှိရေး ထောက်ခံစာအတွက် ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးရည်မွန်က သူ့ထံမှ ကျပ်ငွေ သိန်း ၁၀၀ တောင်းခံခဲ့သည် ဟု ရန်ကုန်မြို့ Orchid Hotel ပိုင်ရှင် ဦးဌေးအောင် က စနေနေ့က စွပ်စွဲခဲ့သည်။
ဦးဌေးအောင် သည် ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနပိုင် ပြင်ဦးလွင်မှ နန်းမြိုင်ဟိုတယ်ကို ၁၅ နှစ်တာ ငှားရမ်း လုပ်ကိုင်ခွင့် ရခဲ့ပြီး တိုးချဲ့ဆောင် တခု တည်ဆောက်ခွင့်ကို ၂၀၁၆ ခုနှစ်က လျှောက်ထားခဲ့သည်။ လွန်ခဲ့သော နှစ် ဇွန်လက ဦးဌေးအောင် သည် ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်း ဝန်ကြီးဌာနမှ ထောက်ခံစာ တစောင် တောင်းခံခဲ့ သည်။ အကယ်၍ ဝန်ကြီးဌာနက ထောက်ခံစာ ပေးပါက ထိုထောက်ခံစာမှာ တိုးချဲ့ဆောင် တည်ဆောက်ရန် ငွေကို ဘဏ်မှ ရရှိရေး အတွက် အာမခံချက် ဖြစ်လာမည် ဟု ဦးဌေးအောင် မျှော်လင့်ခဲ့သည်။
ကျပ်ငွေ သိန်း ၁၀၀ ကို ဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးရည်မွန် အား ပေးရန် သူ့ကို ပြောခဲ့သည် ဟု ဟိုတယ်လုပ်ငန်းရှင် ဦးဌေးအောင်က ပြောသည်။ ထို အပေးအယူကို သူသဘောတူခဲ့ သော်လည်း သူတို့ နှစ်ဦးကြား ဆက်ဆံရေးမှာ အမြဲတမ်းအတွင်းဝန်က နန်းမြိုင် ဟိုတယ်စီမံကိန်းကို ကြီးကြပ်ရသောအခါ စတင် အက်ကြောင်း ပေါ်လာသည် ဟု ဦးဌေးအောင် က ပြောသည်။
“သူက အသေးအဖွဲ အမှားလေးတွေကို လိုက်ထောက်ပြီး ကန့်သတ်ချက်တွေ များလို့ ကျနော်တို့မှာ စီမံကိန်း အတွက် အခက်အခဲတွေ ရင်ဆိုင်နေရတယ်” ဟု သူက ဆက်ရှင်းပြသည်။
မြန်မာနိုင်ငံ၏ အကြီးမားဆုံး ဘဏ်နှစ်ခု ဖြစ်သော ကမ္ဘောဇနှင့် ဧရာဝတီဘဏ်များမှ ချေးငွေ ရရှိအောင် ညှိနှိုင်းနိုင်ခဲ့ သော်လည်း အမြဲတမ်းအတွင်းဝန်က အတည်ပြုပေးပြီး ရက်သတ္ထပတ် အနည်းငယ်အတွင်း ဝန်ကြီးဌာနက နန်းမြိုင် ဟိုတယ်တိုးချဲ့ဆောင် စီမံကိန်းကို ပယ်ဖျက်ခဲ့သည်ဟု သူက ဆက်ပြောသည်။
ထိုနောက် ဦးဌေးအောင် က အမြဲတမ်းအတွင်းဝန်သည် အာဏာအလွဲသုံးသည် ဟု သူ အဘယ်ကြောင့် ခံစားရသည်ကို ရှင်းလင်း တင်ပြပြီး နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ရုံး၊ ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနနှင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ရုံးများသို့ ထိုကိစ္စကို မတ်လတွင် တိုင်ကြားခဲ့သည်။
“ကျနော်လည်း လာဘ်ပေးလို့ အပြစ်ရှိတာကို ကျနော် သိပါတယ်” ဟု ဦးဌေးအောင် က ပြောပြီး သူလုပ်ခဲ့သော အပေးအယူ အတွက် ဆိုးကျိုးကို သူထိုက်တန်သည် ဟုလည်း ပြောခဲ့သည်။
သီတင်းပတ် အတန်ကြာသော အခါ Orchid Hotel ရှိ ဖုန်းမှ တဆင့် သူ၏ အသက်ကို ခြိမ်းခြောက်ခံရပြီး သူ့ကို လူမျိုးရေး ဆန်ဆန် အသုံး မွတ်စလင်ဟု ခြိမ်းခြောက်သူက သူ့ကို ခေါ်ဝေါ်ခဲ့သည် ဟု သူက ပြောသည်။
“ကျနော့်ကို နေရာမရွေးမှာ သတ်ပစ်လို့ ရတယ်၊ သိန်းတရာထက် ပိုမကုန်ဘူးလို့ ဖုန်းဆက်တဲ့သူက ပြောတယ်။ ကျနော့်ကို ဦးကိုနီကို ပစ်သလို မပစ်ဘဲ နဖူးအလယ်တည့်တည့်ကို ပစ်ပါလို့ ပြန်ပြောလိုက်တယ်” ဟု ဦးဌေးအောင် က ပြောပြသည်။
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥပဒေအကြံပေး ဦကိုနီသည် လွန်ခဲ့သော ဇန်နဝါရီလက ရန်ကုန်နိုင်ငံတကာလေဆိပ် အပြင်ဘက်တွင် ၎င်း၏ ဦးခေါင်းကို နောက်ဘက်မှ ပစ်သတ်ခံခဲ့ရသည်ကို ရည်ညွှန်းပြောဆိုခြင်း ဖြစ်သည်။
မကြာသေးမီလများ ကလည်း သူသည် နေပြည်တော်တွင် သတင်းစာရှင်းလင်းပွဲ ကျင်းပရန် စီစဉ်ခဲ့သော်လည်း မအောင်မြင်ကြောင်း သူက ဆက်ပြောသည်။ ထိုနောက်တွင် သူသည် ဝန်ကြီးဌာနက သူ့ကို ငွေတောင်းကြောင်းသူ၏ ဟိုတယ်တွင် ဇွန်လ ၃ ရက်နေ့က အများပြည်သူသို့ ပြောကြားခဲ့သည်။
စနေနေ့က မီဒီယာများသို့ ပြောကြားခဲ့ပြီး နောက်ပိုင်း ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနက သူ့ကို တရားစွဲရန် ဥပဒေအကြံပေး တယောက် ငှားရမ်းခဲ့သည် ဟု သတင်းကြားရကြောင်းလည်း ဆိုသည်။
“ကျနော့် လုပ်ရပ်အတွက် ကျနော် နောင်တ မရဘူး။ အဆိုးဆုံးကို ရင်ဆိုင်ဖို့ ပြင်ဆင်ထားပါတယ်” ဟု ဦးဌေးအောင် က ပြောသည်။
ပြီးခဲ့သည့် တနင်္လာနေ့ ညနေတွင် ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန က ကြေညာချက် တစောင် ထုတ်ပြန်ခဲ့ သော်လည်း ဦးဌေးအောင်၏ စွပ်စွဲချက်များကို ဖြေရှင်းခဲ့ခြင်း မရှိဘဲ နန်းမြိုင်ဟိုတယ်သည် နိုင်ငံပိုင် ဖြစ်ကြောင်းနှင့် ထိုဟိုတယ်ကို ငှားရမ်းလုပ်ကိုင်သူ ဦးဌေးအောင်ပိုင်သည့် National Trading Co. Ltd သည် ငွေပေးသွင်းမှု နောက်ကျနေပြီး ထိုငွေကို ပေးချေရန် လိုအပ်ကြောင်းသာ ဖော်ပြထားသည်။
“ထိုကုမ္ပဏီသည် ၎င်း၏ စည်းကမ်းချိုးဖောက်မှုများကို ဖုံးကွယ်ထားပြီး ဝန်ကြီးဌာနကို အပြစ်တင်ကာ ထိုကိစ္စကို ဆုံးဖြတ်သည့် ဌာနနှင့် အရာရှိများကို တိုင်ကြားခြင်း ဖြစ်သည်” ဟု ကြေညာချက်တွင် ဖော်ပြထားပြီး ဝန်ကြီးဌာနသည် ထိုကုမ္ပဏီမှ လက်ကျန်ငှားရမ်းခများကို ကောက်ခံမည် ဟုလည်း ဖော်ပြထားသည်။
ခရီးသွားလာရေး ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးတင့်သွင်ကို ဧရာဝတီသတင်းဌာနက တနင်္လာနေ့က ဖုန်းဖြင့် ဆက်သွယ်ခဲ့ သော်လည်း ဖြေကြားခြင်း မရှိခဲ့ပေ။ သတင်းရေးသားချိန် အထိ သတင်းထောက်များသည်လည်း ဦးရည်မွန်ကို ဆက်သွယ်နိုင်ခြင်း မရှိခဲ့ပေ။