သတင်း

မီဒီယာ လွတ်လပ်ခွင့် လက်ပတ်ဖြူလှုပ်ရှားမှု ၁၀ရက် ပြုလုပ်မည်

Want create site? Find Free WordPress Themes and plugins.

သတင်းမီဒီယာလွတ်လပ်ခွင့်အား ထိပါးသည့် ဥပဒေကို ရုပ်သိမ်းရန် အပါအဝင် တောင်းဆိုချက် အချို့ကို သတင်း မီဒီယာသမားများက ယနေ့တွင် ရန်ကုန်မြို့ Orchid Hotel ၌ အစည်းအဝေး ပြုလုပ်ကာ တောင်းဆိုခဲ့ပြီး တောင်းဆိုချက် များ ရရှိရန် လက်ပတ်ဖြူ လှုပ်ရှားမှုကို ၁၀ရက်တာ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ အစည်းအဝေးအပြီးတွင် ကော်မတီဝင် ၂၁ ဦးပါဝင်သော “မြန်မာသတင်းသမားများ ကာကွယ်ရေး ကော်မတီ” ကို ဖွဲ့စည်းခဲ့သည်။

အစည်းအဝေးတွင် ပါဝင်သူ ဦးသာလွန်ဇောင်းထက်က “သတင်းမီဒီယာ လွတ်လပ်ခွင့်ကို ထိပါးတဲ့ ၆၆(ဃ) မျှတမှု မရှိတဲ့ ဥပဒေကို ဖျက်သိမ်းဖို့ တောင်းဆိုတာကတော့ အစိုးရရယ်၊ လွှတ်တော်ရယ် အာဏာပိုင် အဖွဲ့အစည်း အားလုံးကိုပေါ့။ ဇွန်လ ၈ရက်နေ့ မနက် ၈ နာရီမှာ ၆၆(ဃ)နဲ့ တရား စွဲဆို ခံရတဲ့ ကိုကျော်မင်းဆွေ ရုံးထုတ်မှုကို ဝန်းရံ အားပေးမယ်။ ပြီးရင် The Voice ကိုသွားပြီး ဝန်းရံ အား ပေးမယ်။ လက်ပတ်အဖြူ ကမ်ပိန်းက ၈ ရက်နေ့မှာစမယ် ၁၈ရက်နေ့အထိ။ ပြီးရင် လက်မှတ်ကမ်ပိန်း လုပ်မယ် ” ဟု ပြောသည်။

ကော်မတီ၏ အဓိက တောင်းဆိုချက် ၃ ချက်မှာ (၁) သတင်းမီဒီယာလွတ်လပ်ခွင့်ကိုု ထိပါးနေသည့် ၆၆ (ဃ) နှင့်တရားမျှတမှု မရှိသည့် ဥပဒေများကိုု ဖျက်သိမ်းပြင်ဆင်ရန် (၂) အစိုးရ၊ တပ်မတော် နှင့် အာဏာပိုုင် အဖွဲ့အစည်းများက ၆၆( ဃ) ဖြင့် စွဲဆိုထားသော အမှုများကိုု ချက်ချင်းရပ်ဆိုုင်းရန် (၃) တောင်းဆိုုချက်များ ရရှိရေး အရပ်ဘက်အဖွဲ့အစည်းများ၊ ပြည်သူများနှင့် ပူးတွဲအကောင်အထည် ဖော်သွားမည်ဖြစ်သည် ဆိုသည့် အချက်များဖြစ်သည်။

၆၆ (ဃ)သည် လူတစ်ယောက်၏ လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့် မရှိစေရန် ချက်ချင်း ချုပ်နှောင် ဖမ်းဆီးနိုင်သည့် ဥပဒေဖြစ်သဖြင့် အမြန်ဆုံး ပြင်ဆင်ဖျက်သိမ်းရန် လိုအပ်ကြောင်း မီဒီယာကောင်စီမှ ဦးဇေယျာလှိုင်က ပြောသည်။

ဦးဇေယျာလှိုင်က “အပြစ်ထင်ရှားမှု ရှိ ၊ မရှိ ဆိုတာကို ဆုံးဖြတ်ခွင့်ရှိတဲ့ တရားလွှတ်တော်က မဆုံးဖြတ်ခင်မှာပဲ ဖမ်းချုပ်ခွင့်ရှိတယ် ဆိုတာက မဖြစ်သင့်တဲ့ ပုဒ်မပဲ။ ဦးသိန်းစိန် အစိုးရလက်ထက် က လုပ်ခဲ့တဲ့ ပုဒ်မပေါ့။ ဒါပေမယ့် သူ့လက်ထက်မှာ ၇ မှုပဲရှိတယ်။ ကျန်တဲ့ အမှုတွေက ဒီအစိုးရခေတ် ရောက်မှ ဖြစ်တာ။ ဒီပုဒ်မကို အမြန်ဆုံး ပြင်ဆင် ဖျက်သိမ်းဖို့ လိုနေတယ်လို့ ပြောချင်ပါတယ်” ဟု ဆိုသည်။

တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်က “၆၆ (ဃ) ဟာ ၂၀၀၈ အခြေခံဥပဒေရဲ့ နိုင်ငံသားတွေကို ပေး ထားတဲ့ အခွင့်အရေးကို ချိုးဖောက်ရာ ရောက်တယ်။ သတင်းမီဒီယာ ဥပဒေက နောက်မှ ပြဋ္ဌာန်းတာ၊ ၆၆ က ရှေးဦး ပြဋ္ဌာန်းတာ။ တရားမျှတတဲ့ ဥပဒေအရဆိုရင် ရှေးဦးကျတဲ့ ဥပဒေကို နောက်ကျတဲ့ ဥပဒေက လွှမ်းမိုးတယ်။ ဒါကြောင့် သတင်း မီဒီယာ သမားတွေကို အရေးယူမယ်ဆိုရင် ၆၆ နဲ့ အရေး ယူလို့မရဘူး။ သတင်းမီဒီယာ ဥပဒေနဲ့ပဲ အရေးယူလို့ရတယ်” ဟု ပြောသည်။

ယခင်အစိုးရ လက်ထက်တွင် ၆၆ (ဃ) ဖြင့် တရားစွဲဆိုခံရသည့် အမှုပေါင်း ၇ မှု၊ ပြစ်ဒဏ်ချမှတ်ခံရသူ ၅ မှုရှိခဲ့ပြီး လက်ရှိအစိုးရလက်ထက်တွင် တရားစွဲဆိုခံရမှု ၆၈ မှု၊ ပြစ်ဒဏ်ချမှတ်ခံရမှု ၁၁မှု၊ အာမခံ မရရှိဘဲ အချုပ်ကျနေမှု ၅မှုရှိကြောင်း ဆက်သွယ်ရေး ဥပဒေဆိုင်ရာ သုတေသနအဖွဲ့၏ ၂ဝ၁၇ခုနှစ်၊ ဇွန်လ ၆ ရက်နေ့အထိ ကောက်ခံရရှိထားသော စာရင်းအရ သိရသည်။

အဆိုပါ စာရင်းအရ သတင်းမီဒီယာသမားများအပေါ် ၆၆(ဃ) နှင့် အရေးယူထားသည့် အမှုပေါင်း ၉ မှု ရှိပြီး လက်ရှိတွင် သတင်းသမား ၁၄ ဦး တရားရင်ဆိုင်နေရကြောင်း သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading