အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် သည် ဗီယက်နမ်ဝန်ကြီးချုပ် ငူယင်စွန်ပက် (Nguyen Xuan Phuc) ၏ ပြီးခဲ့သည့်အပတ် ဗုဒ္ဓဟူးနေ့က အိမ်ဖြူတော် အလည်အပတ်ခရီး အတွင်း ကုန်သွယ်ရေးကိစ္စများကိုဆွေးနွေးကြပြီး အလုပ်အကိုင်များ ဖန်တီးပေးမည့် ဒေါ်လာဘီလီယံပေါင်းများစွာ တန်ကြေးရှိ သဘောတူစာချုပ်များ လက်မှတ်ရေးထိုးခြင်းကို ကြိုဆိုခဲ့သည်။
အမေရိကန် ကူးသန်းရောင်းဝယ်ရေးဌာနသည် အမေရိကန်နိုင်ငံတွင် အလုပ်အကိုင် ၂၃၀၀၀ ဖန်တီးပေးမည့် အမေရိကန် ထုတ်ကုန် ဒေါ်လာ ၃ ဘီလီယံဖိုး အပါအဝင် စုစုပေါင်း ဒေါ်လာ ၈ ဘီလီယံတန်ကြေးရှိ ဗီယက်နမ်နိုင်ငံနှင့် အရောင်းအဝယ် စာချုပ် ၁၃ ခုကို ကြေညာခဲ့သည်။
ထိုသဘောတူ စာချုပ်များတွင် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေး၊ လေယာဉ်အင်ဂျင်နှင့် ပြုပြင်ရေး ဝန်ဆောင်မှုများ အတွက် General Electric Co အတွက် ဒေါ်လာ ၅ ဒသမ ၅၈ ဘီလီယံ တန်ကြေးရှိ သဘောတူ စာချုပ်များလည်း ပါဝင်သည်။ ထိုပမာဏသည် General Electric Co အနေဖြင့် ဗီယက်နမ်တွင် အကြီးမားဆုံး ရောင်းချရခြင်း ဖြစ်သည်။
Caterpillar Inc နှင့် ဗီယက်နမ်မှ ၎င်းတို့၏ အရောင်းလုပ်ငန်းများသည် ဓာတ်အားထုတ်လုပ်ရေး စက်များ စီမံခန့်ခွဲသည့် နည်းပညာများကို ဗီယက်နမ်မှ ဓာတ်အားပေးစက် ၁၀၀ ကျော်အတွက် ရောင်းချပေးရန် သဘောတူခဲ့သည်ဟု ထို လုပ်ငန်းက ကြေညာသည်။
“သူတို့ အမေရိကန်နိုင်ငံမှာ ဒေါ်လာဘီလီယံ ပေါင်းများစွာ တန်တဲ့ အမှာစာတွေ အကြီးအကျယ်မှာယူ ခဲ့ကြတယ်။ ဒါကို ကျနော်တို့က ကျေးဇူးတင်တယ်။ ဒါက အမေရိကန်အတွက် အလုပ်အကိုင်တွေ အများကြီး ဖန်တီးပေးနိုင်ပြီး ဗီယက်နမ် အတွက် မဟာ စက်ပစ္စည်းကိရိယာတွေ ဖြစ်တယ်” ဟု ထရမ့်က အိမ်ဖြုတော်တွင် သတင်းထောက်များအား ပြောသည်။
အမေရိကန် ကူးသန်းရောင်းဝယ်ရေး ဌာနက မူလခန့်မှန်းထားသော သဘောတူညီချက်များ၏ တန်ဖိုးမှာ Heritage Foundation တွင် ငုယင်စွန်ပက် ပြောကြားသည့် ဒေါ်လာ ၁၅ ဘီလီယံအောက် များစွာ လျှော့နည်းသည်။ ထိုပမာဏ၏ အများစုကို အမေရိကန် ထုတ်ကုန်များ တင်းသွင်းရန ်အတွက် အများစု သုံးမည်ဟုလည်း သူက ဆက်ပြောသည်။
ကွန်မြူနစ် ဗီယက်နမ်နိုင်ငံသည် အမေရိကန် အတွက် ယခင်က စစ်အေးတိုက်ပွဲ ရန်သူ အဖြစ်မှ ယခုအခါ တရုတ်သြဇာ ကြီးမားလာခြင်းကို ၂ နိုင်ငံလုံး စိုးရိမ်နေရသည့် အာရှပိစိဖိတ်ဒေသတွင် အရေးပါသော ပူးပေါင်းဆောင်ရွက်ဖက် နိုင်ငံ ဖြစ်လာသည်။
နှစ်နိုင်ငံ ဆက်ဆံရေးမှာ သမိုင်းတွင် ထူးထူးခြားခြား မုန်တိုင်းထန်ခဲ့သော်လည်း ယခုအခါ နှစ်နိုင်ငံတို့သည် ကျယ်ပြန့်သော လုပ်ဖော်ကိုင်ဘက်များ ဖြစ်လာကြသည် ဟု စွန်ပက် က ထရမ့် ကို ပြောသည်။
စွန်ပက် သည် ထရမ့် နှင့် တွေ့ဆုံခဲ့ပြီး အစိုးရသစ် လက်ထက်တွင် အိမ်ဖြူတော်သို့ ပထမဆုံး သွားရောက် လည်ပတ်သော အရှေ့တောင်အာရှ ခေါင်းဆောင်ဖြစ်လာသည်။
ကုန်သွယ်ရေး ပွတ်တိုက်မှု
မကြာသေးမီ နှစ်များ အတွင်း ဗီယက်နမ်နှင့် အမေရိကန်တို့သည် လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှု အရှိန်အဟုန် မြှင့်တင်ခဲ့ သော်လည်း ကုန်သွယ်ရေးမှာမူ ဗီယက်နမ် အတွက် ဒေါ်လာ ၃၂ ဘီလီယံ ကုန်သွယ်ရေး ပိုငွေထွက်နေပြီး စိတ် အနှောင့်အယှက် ဖြစ်နိုင်ခြေ ရှိနေခဲ့သည်။ လွန်ခဲ့သော ဆယ်စုနှစ် တခုခန့်ကမူ ဗီယက်နမ် အတွက် ကုန်သွယ်ရေး ပိုငွေ ၇ ဘီလီယံသာ ရှိခဲ့သည်။
အမေရိကန်နှင့် ဗီယက်နမ်အကြား ကုန်သွယ်ရေး လိုငွေကို လျှော့ချရန် အရေးကြီးသော်လည်း လူဦးရေ သန်း ၈၀ ရှိသော ဗီယက်နမ် နိုင်ငံသည် အမေရိကန် ပို့ကုန်များ အတွက် အလျင်အမြန် ဖွံ့ဖြိုးနေသော ဈေးကွက်ဖြစ်သည် ဟု ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီး ဝယ်လ်ဘာရော့စ် က ပြောသည်။ အမေရိကန်က ဗီယက်နမ်သို့ ပို့ကုန်မှာ ၂၀၁၄ ခုနှစ်မှ စတင်ပြီး ၇၇ ရာခိုင်နှုန်း တိုးတက်လာကာ ဒေါ်လာ ၄ ဒသမ ၄ ဘီလီယံ အထိ ရောက်ရှိလာသည်။
“ဗီယက်နမ်မှာ လူလတ်တန်းစား ကြီးထွာလာခြင်းနဲ့ ဝယ်ယူနိုင်စွမ်း မြင့်မားလာခြင်းဟာ နှစ်နိုင်ငံအကြား ရေရှည် ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှု ဆက်ဆံရေး အတွက် နောက်ထပ် တွန်းအားကို ဖြစ်စေတယ်” ဟု ဝယ်လ်ဘာရော့စ် က ပြောသည်။
အမေရိကန်နှင့် ကုန်သွယ်ရေး ပိုငွေများစွာ ရှိနေသော နိုင်ငံများကို စကား ပြင်ပြင်းထန်ထန် ပြောတတ်သူ ထရမ့်က သူသည် စွန်ပက် နှင့် ကုန်သွယ်ရေး သာမက မြောက်ကိုရီးယား အရေးကိုပါ ဆွေးနွေးမည် ဟု ပြောခဲ့သည်။
အမေရိကန် အတွက် ခြိမ်းခြောက်မှု ဖြစ်လာနေသော မြောက်ကိုရီးယား ဒုံးကျည်နှင့် နျူကလီးယား အစီအစဉ်များကို စွန့်လွှတ်အောင်ဖိအားပေးရာတွင် ထောက်ခံမှုများကိုရှာဖွေနေသည်။ ဗီယက်နမ်နိုင်ငံကလည်း အလားတူ စိုးရိမ်မကင်း ဖြစ်ကြောင်း ပြောသည်။
Heritage Foundation တွင် ပြောကြားသော မိန့်ခွန်း၌ လာမည့်နိုဝင်ဘာလ ဟနွိုင်တွင် ကျင်းပမည့် APEC ထိပ်သီး စည်းဝေးပွဲကို ထရမ့် တက်ရောက်မည့် အစီအစဉ်ကို ကြိုဆိုကြောင်း စွန်ပက် က ပြောသည်။ ထိုသို့ စီစဉ်ခြင်းသည် ဒေသအပေါ် အမေရိကန်၏ စိတ်အားထက်သန်မှုကို ပြသသည့် လက္ခဏာ ဖြစ်သည် ဟု သူက ပြောပြီး ထိုထိပ်သီး ဆွေးနွေးပွဲသည် အမေရိကန် အနေဖြင့် အပြုသဘောဆောင်သော အခန်းကဏ္ဍကို ထူထောင်ရမည့် နေရာဖြစ်သည် ဟုလည်း ဆိုသည်။
ထရမ့်အစိုးရ အောက်တွင် ဝါရှင်တန်နှင့် ဘေကျင်း အကြား တစုံတရာ နွေးထွေးလာသော ဆက်ဆံရေးနှင့် ပတ်သက်ပြီး ဗီယက်နမ် အနေဖြင့် အင်အားကြီး ၂ နိုင်ငံအကြား ကောင်းမွန်သော ဆက်ဆံရေးကို ကြိုဆိုကြောင်းနှင့် ထိုဆက်ဆံရေး သည် ဒေသတွင်း အခြားနိုင်ငံများ ကိုလည်း အကျိုးပြုမည် ဟု မျှော်လင့်သည် ဟု စွန်ပက ်က ပြောသည်။ ထရမ့် သည် မြောက်ကိုရီးယား အရေးတွင် တရုတ်နိုင်ငံ၏ ထောက်ခံမှု ရရန် ဆောင်ရွက်နေသည်။
အမေရိကန်နှင့် တရုတ်နိုင်ငံတို့ အနေဖြင့် ပွင့်လင်းမြင်သာမှု အပြည့်ဖြင့် ဒေသတွင်းနှင့် အခြား နိုင်ငံများကို မထိခိုက်သော နည်းဖြင့် တာဝန်ရှိရှိ ပြုမူဆောင်ရွက်ရန်လည်း သူက တိုက်တွန်းသည်။
ထရမ့်နှင့် စွန်ပက်တို့သည် စစ်ဘက် ဆက်ဆံရေး တိုးမြှင့်ရန် သဘောတူပြီး လေယာဉ်တင် သင်္ဘောကြီးများ အပါအဝင် အမေရိကန် စစ်သင်္ဘေများ ဗီယက်နမ်ဆိပ်ကမ်းများသို့ လာရောက်ရေးကိုလည်း ဆွေးနွေးကြသည် ဟု ဗီယက်နမ်အစိုးရ အင်တာနက် စာမျက်နှာတွင် ဖော်ပြထားသည်။
ဗီယက်နမ်၊ မလေးရှား၊ ဖိလစ်ပိုင်နှင့် ဘရူနိုင်းနိုင်ငံများတို့ ပိုင်နက်အငြင်းပွားနေသည့် တောင်တရုတ်ပင်လယ်နှင့် ပတ်သက်ပြီး စိုးရိမ်မကင်းကြောင်း ခေါင်းဆောင် ၂ ဦးက ဖော်ပြခဲ့သည် ဟုလည်း ဆိုသည်။ တောင်တရုတ်ပင်လယ်တွင် နယ်မြေအားလုံး နီးပါးကို တရုတ်က ပိုင်ဆိုင်ကြောင်း ကြေညာထားပြီး ထိုင်ဝမ်က ပိုင်ဆိုင်ကြောင်း ကြေညာထားသော ပိုင်နက်များလည်း ရှိသည်။
“ပါဝင်ပတ်သက်သူများ အနေဖြင့် အငြင်းပွားနေသော ပိုင်နက်များတွင် စစ်ရေး တည်ဆောက်မှု ပြုလုပ်ခြင်းဖြင့် တင်းမာမှု မြင့်မားစေသော အပြုအမူများ မပြုလုပ်ရေး ကိုလည်း ခေါင်းဆောင်နှစ်ဦးတို့ အလေးအနက် ပြောကြားခဲ့သည်” ဟု ထိုအင်တာနက် စာမျက်နှာတွင် ရေးသားထားသည်။
ကောင်းမွန်သော်လည်း လုံလောက်မှု မရှိသေး
ထရမ့်အစိုးရသည် ဗီယက်နမ်နှင့် စီးပွားရေး စာချုပ်များကို ကြိုဆိုသော်လည်း ဗီယက်နမ် အနေဖြင့် ထိုထက် ပိုမို လုပ်ဆောင်ရန် လိုသည် ဟု မြင်နေကြောင်း ဝါရှင်တန်ရှိ ဗျူဟာနှင့် နိုင်ငံတကာ ဆက်ဆံရေးဌာနမှ အရှေ့တောင်အာရှ ရေးရာ ကျွမ်းကျင်သူ မာရေးဟိုင်းဘတ်က ပြောသည်။
“သူတို့က ကုန်သွယ်ရေး လိုငွေပြဿနာကို ရှေ့လျှောက် ဘယ်လိုကိုင်တွယ်မယ် ဆိုတာ ဗီယက်နမ်ဘက်က တင်ပြ လာစေချင်တာ” ဟု သူက ပြောသည်။
ဗီယက်နမ်နှင့် ကုန်သွယ်ရေး လိုငွေ အလျင်အမြန် တိုးပွားလာခြင်းကို စိုးရိမ်ကြောင်း အမေရိကန် ကုန်သွယ်ရေး ကိုယ်စားလှယ် ရောဘတ်လိုက်သီဇာ က အင်္ဂါနေ့တွင် ပြောဆိုသည်။ ထိုပြဿနာသည် နှစ်နိုင်ငံအတွက် စိန်ခေါ်မှု ဆက်လက် ဖြစ်နေပြီး စွန်ပက်သည် ကူညီဖြေရှင်းပေးလိမ့်မည် ဟု မျှော်လင့်ကြောင်းလည်း သူက ပြောသည်။
ထိုကုန်သွယ်ရေး လိုငွေပြခြင်းမှာ အမေရိကန် အတွက် ဆဋ္ဌမမြောက် အကြီးမားဆုံး လိုငွေပြခြင်း ဖြစ်ပြီး ဖိနပ်၊ အဝတ် အထည် နှင့် ပရိဘောဂစသည့် သမားရိုးကျ သွင်းကုန်များ အပြင် ဗီယက်နမ်မှ ဆီမီးကွန်ဒတ်တာနှင့် အခြားလျှပ်စစ် ပစ္စည်းများ ပိုမိုတင်သွင်း နေရခြင်းကို ပြသနေသည်။
ဗီယက်နမ် ကုန်သွယ်ရေး ဝန်ကြီး ထရမ်တွမ်အန်း ကလည်း အမေရိကန် မီဒီယာများတွင် ကြော်ငြာထည့်သွင်းခြင်း၊ အီလက်ထရွန်းနစ် ငွေပေးချေမှု၊ သတင်း အချက်အလက် လုံခြုံရေးနှင့် လယ်ယာထုတ်ကုန် တင်သွင်းခြင်း စသည့် အမေရိကန်၏ စိုးရိမ်မှုများကို ကိုင်တွယ်မည့် အကြံပြုချက်များကို လစ်သီဇာအား င်္အါနေ့က ပေးအပ်ခဲ့သည် ဟု ဗိယက်နမ် ကုန်သွယ်ရေး ဝန်ကြီးဌာနက ကြေညာသည်။
ထရမ့်အစိုးရက နိုင်ငံပေါင်း ၁၂ နိုင်ငံပါဝင်သည့် Trans-Pacific Partnership ကုန်သွယ်ရေး စာချုပ်ကို ပယ်ဖျက်ပြီး ကုန်သွယ်ရေး လိုငွေလျှော့ချခြင်းကို အာရုံစိုက်လိုက်သဖြင့် ဗီယက်နမ်အစိုးရက စိတ်ပျက်ခဲ့ရသည်။ ထိုစာချုပ်အရ ဗီယက်နမ်သည် အဓိက အကျိုးခံစားရသည့် နိုင်ငံဖြစ်သည်။