ဆင်အရေခွံ မှောင်ခိုလုပ်ငန်းများကြောင့် မြန်မာနိုင်ငံမှာ ဆင်တွေသတ်ဖြတ်ခံရမှု မြင့်မားလာတယ်လို့ ကမ္ဘာ့ တောရိုင်း တိရစ္ဆာန် ကာကွယ်ရေး ရန်ပုံငွေအဖွဲ့ (WWF) က မနေ့က ထုတ်ပြန်လိုက်ပါသည်။
ဆင်၏အရေပြားက အနာရောဂါ အမျိုးမျိုးကုသရာတွင် အသုံးဝင်သည်ဟု ယုံကြည်ကြခြင်းနှင့် ဆင်စွယ်ကို လက်ဝတ် ရတနာအဖြစ် သုံးစွဲကြခြင်းကြောင့် မြန်မာနိုင်ငံတဝှမ်း ဆင်များကို တရားမဝင် ခိုးယူသတ်ဖြတ်နေမှု မကြုံဖူးလောက် အောင် မြင့်မားမြင့်တက်လာနေခြင်း ဖြစ်ကြောင်း ကြေညာချက် တွင် ဖော်ပြထားသည်။
၂၀၁၃ ခုနှစ်မှ စကာ ဆင်ကောင်ရေ ၁၀၀ ကျော် သတ်ဖြတ်ခံခဲ့ရကြောင်း၊ ယခုနှစ် ၂၀၁၇ နှစ်ဦး အစောပိုင်း ကာလ အတွင်းမှာပင် ဆင်ကောင်ရေ ၂၀ ကျော် သတ်ဖြတ်ခံခဲ့ရကြောင်း ကမ္ဘာ့တောရိုင်းတိရစ္ဆာန် ကာကွယ်ရေး ရန်ပုံငွေ အဖွဲ့၏ တောရိုင်းတိရစ္ဆာန် ထိန်းသိမ်းရေး ပညာရှင် Rohit Singh က ပြောသည်။
“မြန်မာနိုင်ငံအတွင်း ပဲခူးရိုးနဲ့ ဧရာဝတီ မြစ်ကျွန်းပေါ် ဒေသတွေမှာ ဆင်တွေကို သတ်ဖြတ်မှု အများဆုံး ဖြစ်နေတာ ကြောင့် အဲဒီဒေသတွေမှာ ဆင်တွေကို အကာအကွယ်ပေး စောင့်ကြပ်ရေး အဖွဲ့တွေ အမြန်ဆုံး စေလွှတ်ဖို့ လိုနေပြီ” ဟု Singh က ထောက်ပြသည်။
နောက်ထပ် ဆင်များ ဆုံးရှုံးမှု မဖြစ်ပွားစေရန် ဆင်များကို ကာကွယ်ပေးမည့် တောအုပ်တောခေါင်း များ စုဖွဲ့ပြီး သတ်ဖြတ်မှု ဖြစ်နိုင်သည့် နယ်မြေဒေသများသို့ အမြန်ဆုံး သွားရောက် စောင့်ကြပ်ဖို့ လိုအပ်နေပြီ ဖြစ်ကြောင်း၊ လက်ရှိ တာဝန် ထမ်းဆောင်နေသည့် တောခေါင်းများမှာ လေ့ကျင့်မှုနှင့် လက်နက်ပစ္စည်း မပြည့်စုံမှုကြောင့် အုပ်စုဖွဲ့ တရားမဝင် ဆင်ခိုးသတ်ဖြတ်သူများကို ပြန်လည် ခုခံနိုင်စွမ်း မရှိဘဲ ဖြစ်နေကြောင်း၊ ယင်းကြောင့် တောခေါင်း အဖွဲ့များကို ဖွဲ့စည်း လေ့ကျင့်ပေးပြီး အစိုးရနဲ့ ပူးပေါင်းကာ နယ်မြေအတွင်း တပ်ဖြန့် စောင့်ကြပ်ဖို့ လိုနေပြီ ဖြစ်ကြောင်း WWF က တိုက်တွန်း ထားသည်။
စောင့်ကြည့်ရေး အဖွဲ့တဖွဲ့သည် ဆင်တအုပ် ပျမ်းမျှ သွားလာနိုင်သည့် ဧရိယာ ကီလိုမီတာ ၄၀၀ (၂၄၈ ဒသမ ၅ မိုင်ခန့်) အတွင်း လှည့်လည်စောင့်ကြည့်ရမှာ ဖြစ်ပြီး၊ ယင်းအဖွဲ့များအား အကောင်းဆုံး လေ့ကျင့်မှုနှင့် စောင့်ကြည့်ရေး ကိရိယာများ ဖြည့်ဆည်းပေးကာ ဒေသအတွင်း ကွင်းဆင်းဆောင်ရွက် ဖို့ အလျင်အမြန် လိုနေပြီ ဖြစ်ကြောင်း၊ အဆိုပါ အဖွဲ့တဖွဲ့ကို လေ့ကျင့်ပေးရေးနှင့် လက်နက်ပစ္စည်း အပြည့်အစုံတပ်ဆင်ပေးရေး အတွက် စင်ကာပူဒေါ်လာ ၃၅၀၀၀ ကုန်ကျမည် ဖြစ်ကြောင်း၊ မြန်မာနိုင်ငံမှ ဆင်များကို အကာအကွယ်ပေးရေး အတွက် ဇွန် ၃၀ ရက်နေ့ အမီ ရန်ပုံငွေထည့်ဝင်ကြဖို့ WWF က တိုက်တွန်းထားပြီး မြန်မာနိုင်ငံ အတွင်း ဆင်များကို အကာအကွယ်ပေးရေး အတွက် Save The Skin လှုပ်ရှားမှု လုပ်ဆောင်လျက် ရှိသည်။