မွန်ပြည်နယ် အတွင်း မြို့နယ် ၁၀ အတွင်းတွင် မြေများအား အကွက်ရိုက်၍ ရောင်းချနေသည့် ကျေးရွာ အုပ်ချုပ်ရေးမှူး ၁၅ ဦး ခန့်အား အမှုဖွင့် အရေးယူ ထားပြီး ဖြစ်ကာ လယ်မြေ၊ ဥယျာဉ်ခြံမြေ၊ စားကျက်မြေနှင့် ကျေးရွာပိုင်မြေများအား အကွက်ရိုက်၍ ရောင်းချခြင်း မပြုလုပ်ရန်အတွက် အုပ်ချုပ်ရေးမှူးများအား ခံဝန်ချက် ထိုးခိုင်းထားကြောင်း မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ အေးဇံက ပြောသည်။
“စုစုပေါင်း ၁၅ ဦးလောက်ကို အရေးယူ ထားတယ်၊ မော်လမြိုင် ခရိုင်မှာလည်း ရှိတယ်၊ သထုံ ခရိုင်မှာလည်း ရှိတယ်၊ သူတို့ကို တရားရုံးမှာ တရားစွဲဆို ထားပါတယ်၊ အဂတိလိုက်စားတဲ့ ပုဒ်မနဲ့ပါ” ဟု မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ အေးဇံက ဧရာဝတီသို့ ပြောကြားသည်။
ကျေးရွာ အုပ်ချုပ်ရေးမှူး များသည် ၎င်းတို့ စီမံခွင့် ရှိသည့် စားကျက်မြေ၊ ကျေးရွာပိုင် မြေများနှင့် အခြား မြေများအား ကျေးရွာ ဖွံ့ဖြိုးတိုးတက်ရေး ရန်ပုံငွေ အတွက်ဟု ဆိုကာ ခေါင်းစဉ် တပ်၍ ရောင်းချခဲ့ပြီး ၎င်းရောင်းချရသည့် ငွေကြေး များကို ကျေးရွာ ဖွံ့ဖြိုးတိုးတက်ရေး အတွက် သုံးစွဲ ထားသည့် စာရင်း ဇယားများဖြင့် မပြနိုင်၍ ၎င်းတို့အား အဂတိ လိုက်စားမှု ပုဒ်မဖြင့် တရားစွဲဆို ထားခြင်း ဖြစ်ကြောင်း သိရသည်။
မွန်ပြည်နယ် ရှိ မြို့နယ် ၁၀ မြိုနယ် အတွင်းရှိ ကျေးရွာ အုပ်ချုပ်ရေးမှူးများအား ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် မွန်ပြည်နယ် အစိုးရ အဖွဲ့က ဆင့်ခေါ်၍ ၎င်းတို့ စီမံပိုင်ခွင့် ရှိသည့် စားကျက်မြေ၊ ကျေးရွာ ပိုင်မြေများနှင့် မည်သည့် မြေအမျိုးအစား များကို မဆို တရားဝင် လျှောက်ထား၍ အခြားနည်း အသုံးပြုခွင့် မရှိပဲ ရောင်းချခြင်းများ ပြုလုပ် ခဲ့ပါက ပြင်းထန်စွာ အရေးယူ ခံရမည် ဖြစ်ကြောင်း ခံဝန်ချက် ရေးထိုးခိုင်းခဲ့ပြီး ဖြစ်သည်။
ထိုသို့ ဖမ်းဆီးအရေးယူ ထားသည့် ကျေးရွာ အုပ်ချုပ်ရေးမှူး များအနက် ပေါင်မြို့နယ်အတွင်းမှ ကျေးရွာ အုပ်ချုပ်ရေးမှူး များမှာ အများစု ဖြစ်ကြောင်း မွန်ပြည်နယ် စိုက်ပျိုး မွေးမြူရေးနှင့် ပို့ဆောင်ဆက်သွယ်ရေး ဝန်ကြီး ဦးထွန်းဌေးက ဧရာဝတီသို့ ဆက်လက် ပြောကြားသည်။
ဝန်ကြီး ဦးထွန်းဌေးက “ကျနော်တို့ ပြည်နယ်အစိုးရ အဖွဲ့က စီမံခန့်ခွဲ ပိုင်ခွင့် မရှိတဲ့ မြေအမျိုးအစားတွေလည်း ရှိတယ်၊ ဥပမာ စားကျက်မြေတို့ ရွာသီးသန့် မြေတို့ အဲဒီမြေ အမျိုးအစား တွေက သက်ဆိုင်ရာ ရပ်ကျေး အုပ်ချုပ်ရေးမှူးတွေရဲ့ စီမံခန့်ခွဲပိုင်ခွင့် အောက်မှာ ရှိသွားတယ်၊ အကွက်ရိုက်တယ်၊ ရောင်းစားတယ်၊ သူတို့ ကိုယ်ပိုင် စည်းတံဆိပ်တွေ ထုပေးတယ်၊ အထူး သဖြင့် ပေါင်မြို့နယ်ထဲက ရပ်ကျေး အုပ်ချုပ်ရေးမှူးတွေ အများစု ပါဝင်တာကို တွေ့ရတယ်” ဟု ရှင်းပြသည်။
မွန်ပြည်နယ် လွှတ်တော်သို့ ရေးသား ပေးပို့ လာသည့် တိုင်စာ များအနက် ကျေးရွာ အုပ်ချုပ်ရေးမှူးများမှ မြေကွက် အကွက်ရိုက် ရောင်းချခြင်း အပါအဝင် မြေယာ ပြဿနာနှင့် စပ်လျဉ်းသည့် တိုင်စာများ အများဆုံး ဖြစ်ကာ ၂၀၁၆ ခုနှစ် အတွင်းတွင် မွန်ပြည်နယ် လွှတ်တော်မှ လက်ခံ ရရှိ ထားသည့် တိုင်စာ အစောင်ရေ ၁၃၀၀ ကျော် အနက် မြေယာနှင့် ပတ်သက်သည့် တိုင်စာ ၅၀ ရာခိုင်နှုန်းကျော် ရှိကြောင်း မွန်ပြည်နယ် တိုင်ကြားစာ၊ အသနားခံစာ၊ တင်ပြ စာများနှင့် အထွေထွေ ကိစ္စရပ်များ လေ့လာ သုံးသပ်ရေး ကော်မီတီ ဥက္ကဋ္ဌ ဦးအောင်ကျော်သူထံက သိရသည်။
မေလ ၇ ရက်နေ့က ကျင်းပသည့် မွန်ပြည်နယ် လွှတ်တော် ဒုတိယအကြိမ် ဆဋ္ဌမမြောက် ပုံမှန် အစည်အဝေး၌ ပေါင်မြို့နယ် မဲဆန္ဒနယ် အမှတ် ၂ မှ လွှတ်တော် ကိုယ်စားလှယ် ဦးဇော်ဇော်ထူးက မြေကြီးတူး ရောင်းစားမှု၊ အကွက်ဖော် ရောင်းစားမှုနှင့် ပတ်သက်၍ သိရှိလိုသော ကြယ်ပွင့်ပြ မေးခွန်းအား မေးမြန်းခဲ့ရာ ထိုသို့ ပြုလုပ်နေခြင်းကို ဆက်လက် အရေးယူ ဆောင်ရွက် သွားရန် ရှိကြောင်း မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ အေးဇံနှင့် မွန်ပြည်နယ် စိုက်ပျိုး မွေးမြူရေးနှင့် ပို့ဆောင်ဆက်သွယ်ရေး ဝန်ကြီး ဦးထွန်းဌေး တို့က ဖြေကြားသွားခဲ့သည်။
ပြီးခဲ့သည့် ဇွန်လ ၁ ရက်နေ့တွင် မွန်ပြည်နယ် အစိုးရ ရုံး၌ ပြုလုပ်ခဲ့သည့် အစိုးရ သက်တမ်း ၁ နှစ်ပြည့် လုပ်ဆောင်ချက် များနှင့် ပတ်သက်သည့် သတင်းစာ ရှင်းလင်းပွဲ၌လည်း မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ အေးဇံက လယ်မြေအား အခြားနည်း အသုံးပြုခွင့် မရပဲ အဆောက်အဦ ဆောက်လုပ်ခြင်း၊ အကွက်ရိုက် ရောင်းချခြင်း၊ လယ်မြေများမှ မြေတူး၍ အုတ်ဖုတ်လုပ်ခြင်း စသည့် ပြဿနာများ မွန်ပြည်နယ် အတွင်း၌ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်နေကြောင်း ပြောကြားထားသည်။