ကချင်ပြည်နယ် တနိုင်းမြို့နယ်အတွင်း ဇွန်လ ၃ ရက် မှ ဇွန်လ ၆ ရက်နေ့ အထိ တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး ယနေ့ အထိ စစ်ရေး အခြေအနေ တင်းမာနေဆဲ ဖြစ်ကြောင်း သိရသည်။
ဇွန်လ ၃ ရက်တွင် တပ်မတော်က တနိုင်းမြို့နယ် နမ်ဗျူရွာ အနီးရှိ ကချင် လွတ်လပ်ရေး တပ်မတော် (KIA) တပ်ရင်း ၁၄ ၊ ရှေ့တန်း ကာကင်းစခန်းကို ဝင်ရောက် တိုက်ခိုက်ရာမှ ခုခံတိုက်ပွဲများ စတင်ဖြစ်ပွားကာ ဇွန်လ ၄ ရက်နေ့နှင့် ၅ရက်နေ့ တို့တွင် ပစ်ခတ်မှုများ ဆက်တိုက် ဖြစ်ပွားခဲ့ကြောင်း၊ ဇွန်လ ၆ ရက်တွင် KIA တပ်ရင်း ၁၄ အနီးရှိ အင်ဂါဂါးရွာ တဝိုက်၌ နံနက် ၁၁ နာရီမှ နေ့လယ် ၃ နာရီအထိ တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း KIA ၏ ပြောခွင့်ရ ဒုဗိုလ်မှူးကြီး နော်ဘူက ဧရာဝတီကို ပြောသည်။
ဒုဗိုလ်မှူးကြီး နော်ဘူက “KIA ရဲ့ စီးပွားရေးတွေ ဝင်ငွေတွေကို ဖြတ်တောက်တဲ့ ပုံစံနဲ့ တိုက်ပွဲတွေ ဆင်နွှဲတယ်လို့ သုံးသပ် ပါတယ်။ အဲဒီဘက်မှာ ပယင်းရယ် ရွှေမှော်ရယ် တခြားမှော်တွေ ရှိတော့ တပ်မတော်ဘက် က ဒီ KIA ရဲ့ ဝင်ငွေရတဲ့ နေရာ ဖြစ်တယ်ဆိုတဲ့ သူတို့ အမြင်ကနေ စီးပွားရေးဖြတ်တောက်တဲ့ သဘောနဲ့ စစ်ဆင်ရေးလုပ်တာ၊ နယ်မြေ ရှင်းလင်းရေး လုပ် တာ လို့ မြင်ပါတယ်”ဟု ပြောသည်။
၎င်းက ဆက်လက်ပြီး “တပ်မတော်ဘက်က ၂၁ရာစုပင်လုံ ညီလာခံ မစခင်က ဒကစ (ဒေသကွပ်ကဲမှု စစ်ဌာနချုပ်) ကနေ နယ်မြေရှင်းဖို့ မပခ(မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်)ကို တင်ပြတဲ့ သတင်းတွေ သိရတယ်။ အဲဒီ ပင်လုံအစည်းအဝေး ပြီးတာ နဲ့ နယ်မြေ ရှင်းလင်းရေးလုပ်ဖို့ စတင်လာတယ်။ တပ်မတော်က စစ်ရေးနဲ့ ဖိအားပေးတာပဲ”ဟု ပြောဆိုသည်။
တနိုင်းမြို့နယ်အတွင်း၌ ပယင်းမှော်၊ ရွှေမှော်လုပ်ကွက် အများအပြားရှိပြီး တချို့မှာ အစိုးရ၏ ထိန်းချုပ် နယ်မြေတွင် ရှိ၍ တချို့မှာ KIA ၏ ထိန်းချုပ် နယ်မြေအတွင်း ရှိကာ ထိုလုပ်ကွက်များသို့ လာရောက် အလုပ်လုပ်ကိုင်နေသည့် ရွှေ့ပြောင်း လုပ်သား တသိန်းကျော် ရှိသည်ဟု ဒေသခံများက ပြောသည်။
ထိုသို့ ဖြစ်ပွားနေသည့် စစ်ပွဲများကြောင့် နမ်ဗျူရွာနှင့် အင်ဂါဂါးရွာမှ ဒေသခံများနှင့် ထိုရွာများသို့ ပယင်းနှင့်ရွှေမှော် လာရောက် လုပ်ကိုင်ကြသည့် ရွှေ့ပြောင်း လုပ်သား စုစုပေါင်း ၅၀၀ ဝန်းကျင်သည် တနိုင်းမြို့ပေါ်မှ ထွက်ပြေး လာကြ သဖြင့် ဘာသာရေး ဆရာတော်များက ကူညီစောင့်ရှောက်ထားသည်ဟု သိရသည်။
ကျန်ရှိနေသည့် ရွာသူ၊ ရွာသားများသည်လည်း ဆက်လက် ထွက်ပြေးနေကြဆဲ ဖြစ်သဖြင့် စာရင်းများကို ဧရာဝတီက အတိအကျ မသိရှိရသေးပေ။
တိုက်ပွဲအတွင်း KIA တပ်ရင်း ၁၄၏ ရှေ့တန်း ကင်းစခန်းငယ်တခု ဖြစ်သည့် မိုင်ဆာ့စခန်းကို တပ်မတော်က သိမ်းပိုက် ရရှိခဲ့သည်ဟု သိရသည်။
ဇွန်လ ပထမပတ်တွင် တပ်မတော် ရဟတ်ယာဉ်များပေါ်မှ “အသိပေး အကြောင်းကြားခြင်း” ဟူသည့် ခေါင်းစဉ်ဖြင့် ရေးသား ထားသည့် စာရွက်များကို တနိုင်းမြို့နယ် ရွာများတွင် ကြဲချခဲ့ကြောင်း ဒေသခံများက ပြောသည်။
ထိုစာထဲတွင် တနိုင်းမြို့နယ်အတွင်းရှိ ထန်းပလားမှော်၊ ဝမ်းပလာမှော်၊ အောင်လွတ်မှော်၊ တုံမဏီမှော်၊ ချောင်းဆုံမှော်၊ နန်ဖြူမှော်၊ ဂျာအောင်ဘာမှော်၊ ဇီးဖြူကုန်းမှော်၊ ညောင်ပင်ကုန်းမှော်နှင့် နမ့်ကွမ်းမှော်များသည် နိုင်ငံတော်က တရား ဝင် ခွင့်ပြုထားသည့် မှော်များ မဟုတ်ဘဲ ရွှေနှင့် ပယင်းတူးဖော်နေခြင်းကြောင့် သဘာဝပတ်ဝန်းကျင် ပျက်စီး ထိခိုက် သည့် အပြင် တနိုင်းဒေသ၏ ဂေဟစနစ်ကို ပျက်စီးစေသဖြင့် တပ်မတော်က မကြာမီ နယ်မြေရှင်းလင်းမည်ဟု ရေးသား ထား သည်။
ထို့ကြောင့် မှော်အတွင်း နေထိုင်ကြသည့် ဒေသခံပြည်သူများ၊ ရွှေ့ပြောင်းလုပ်သားများက ဇွန်လ ၁၅ ရက်နေ့ နောက်ဆုံး ထားပြီး ထွက်ခွာပေးရန်၊ မထွက်ခွာပါက KIA များနှင့် ပူးပေါင်းနေသူများဟု သတ်မှတ်မည် ဖြစ်ကြောင်း၊ ပြည်သူများ သေဆုံး ထိခိုက်မှု မရှိစေရန် ယခုကဲ့သို့ ကြိုတင် အကြောင်းကြားခြင်း ဖြစ်ကြောင်း စာထဲတွင် ရေးသားထားသည်။
သို့သော် စာထဲတွင် မည်သည့် အဖွဲ့အစည်းက ဖြန့်ဝေသည်ဆိုသည်ကို ရေးသားထားခြင်း မရှိကြောင်း သိရသည်။
တနိုင်းမြို့နေ ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ကော်မတီ၊ မြေယာနှင့် သဘာဝပတ်ဝန်းကျင် ဆိုင်ရာ မူဝါဒ ကိစ္စ ရပ် များ ဆွေးနွေးမှု လုပ်ငန်းကော်မတီ အဖွဲ့ဝင် ဒေါ်ဒွဲဘူက “စာမှာ တံဆိပ်တွေ ဘာတွေ မပါဘူး။ တာဝန်ယူပြီး ဘယ်က ဖြန့် လဲ ဆိုတာ တာဝန်ယူပြီး ပြောဖို့ လိုတယ်။ မှော်ကလူတွေကို နယ်မြေ ရှင်းလင်းချင်တယ်၊ တရားမဝင် အလုပ်တွေ ပယ် ဖျက် ချင်တယ်ဆိုလည်း အစိုးရက တရားဝင် အကြောင်းကြားပြီးမှ လုပ်သင့်တယ်” ဟု ပြောသည်။
တပ်မတော်ဘက်ကမူ တိုက်ပွဲဖြစ်ပွားခြင်းနှင့် ပတ်သက်၍ သတင်းတစုံတရာ ထုတ်ပြန်ခြင်း မရှိသေးပေ။
ဇွန်လ ၆ ရက်နေ့ ရက်စွဲဖြင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးက KIA အကြမ်းဖက် သောင်းကျန်းသူများ ပစ်ခတ် လိုက်သည့် လက်နက်ကြီးကျည် ပေါက်ကွဲမှုကြောင့် တနိုင်းမြို့နယ်အတွင်း ဒေသခံ ၃ ဦး ထိခိုက် ဒဏ်ရာရထားသဖြင့် တနိုင်းမြို့ နယ်မြေခံ တပ်မတော် ဆေးရုံတွင် ဆေးကုသမှု ခံယူနေသည်ဟု သတင်းထုတ်ပြန်ထားသည်။
၂၀၁၆ ခုနှစ် သြဂုတ်လ အတွင်းကလည်း တနိုင်းမြို့နယ် အတွင်း တရားမဝင် ရွှေလုပ်ကွက်များကို သတ္တုတွင်း ဝန်ကြီး ဌာနနှင့် တပ်မတော်က ဝင်ရောက်ဖမ်းဆီးရာ KIA ၏ တပ်စခန်းများနှင့် နီးသဖြင့် စစ်ရေးတင်းမာမှုများ ဖြစ်ပွားခဲ့သည်။