ကချင်ပြည်နယ် တနိုင်းမြို့နယ်ရှိ ရွှေနှင့်ပယင်း မှော်များမှ စစ်ဘေးရှောင်ရန် ထွက်ပြေးလာကြသည့် ရာချီသော ဒေသခံ များ သည် သက်ဆိုင်ရာ အာဏာပိုင်များက ဖြတ်သန်းခွင့် မပေး၍ လမ်းတွင် ပိတ်မိနေကြကြောင်း သိရသည်။
ခရစ်ယာန် နှစ်ခြင်း အသင်းတော် (KBC) မှ ကူညီကယ်ဆယ်ရေး တာဝန်များ ဆောင်ရွက်နေသူ ဦးနော်တာ က “ပိတ် မိ နေသူတွေကို တနိုင်းမြို့ပေါ်သို့ လာခွင့်ရဖို့အတွက် သက်ဆိုင်ရာ အာဏာပိုင်တွေနဲ့ကျနော်တို့ ဒီမနက်မှာ တွေ့ဆုံ ဆွေးနွေး ခဲ့ပေ မယ့် အဆင်မပြေခဲ့ပါဘူး၊ အဲဒါကြောင့် ပြည်နယ် ဝန်ကြီးချုပ်နဲ့ လွှတ်တော် ကိုယ်စားလှယ်တွေကို အကူအညီ တောင်းထားပါတယ်” ဟု ဧရာဝတီ ကို ပြောသည်။
ဖြတ်သန်းခွင့် မပေးခြင်းသည် အထက် ခွင့်ပြချက်မရ၍ဟုသာ ပြောဆိုကြောင်း၊ လမ်းတွင် ပိတ်မိနေသူ ဦးရေသည် စုစု ပေါင်း ၅၀၀ နှင့် ၇၀၀ ကြားရှိပြီး အများစုသည် ကလေးငယ်များ၊ သက်ကြီး ရွယ်အိုများနှင့် အမျိုးသမီးများ ဖြစ်ကြောင်း၊ မြို့ပေါ်တွင်လည်း လူဦးရေ ၄၀၄ ဦး ရောက်ရှိနေပြီ ဖြစ်ကြောင်း ဦးနော်တာ က ရှင်းပြသည်။
ထွက်ပြေးလာသူများထဲမှ သက်ကြီးရွယ်အိုများနှင့် ကျန်းမာရေး ချို့တဲ့နေသည့် အမျိုးသမီးများ အတွက် ကျန်းမာရေး စောင့်ရှောက်မှု လိုအပ်နေကြောင်း၊ ထို့အတူ လူဦးရေ များပြားလာပါက စားနပ်ရိက္ခာများပါ လိုအပ်မည် ဖြစ်ကြောင်း လည်း ဦးနော်တာ က ပြောသည်။
တနိုင်းမြို့နယ် ရွှေနှင့်ပယင်း မှော်များရှိရာ ကျေးရွာများ၌ ဇွန်လ ၃ ရက်နေ့မှ စတင်၍ တိုက်ပွဲများ ဖြစ်ပွားနေပြီး အစိုးရ တပ်မတော်ကလည်း ဒေသခံများအား ထိုဒေသမှ ဇွန်လ ၁၅ ရက်နေ့ နောက်ဆုံးထား၍ ထွက်ခွာကြရန် စာများဖြန့်ေ၀ ထားကြောင်း၊ ထို့ကြောင့် စစ်ပွဲများ ပြင်းထန်လာမည်ကို စိုးရိမ်သည့်အတွက် သေဒသခံ အများစုသည် မြို့ပေါ်သို့ ထွက်ပြေး လာနေကြကြောင်း ဒေသခံများ က ပြောဆိုကြသည်။
ထွက်ပြေးလာသူ အမျိုးသားတဦးက ၎င်းတို့လာရာလမ်းတလျှောက်၌ တပ်မတော် စစ်ကြောင်းများက စစ်ဆေးမေးမြန်း မှု များပြုလုပ်ကြောင်း၊ ထို့အတူ မြို့ပေါ်သို့ ရောက်သည့်အခါတွင်လည်း သက်ဆိုင်ရာ ဌာနဆိုင်ရာ အဖွဲ့များက စစ်ဆေး မှု များ ရှိကြောင်း ဧရာဝတီ ကို ပြောသည်။
၎င်းက “အဓိက စစ်ဆေးတာကတော့ KIA အဖွဲ့နဲ့ ဆက်စပ်မှုတွေ ရှိမရှိဆိုတာမျိုးကို စစ်ဆေး မေးမြန်းတာပါ”ဟုပြောပြ သည်။
စစ်ရှောင် ထွက်ပြေးလာသည့် ဒေသခံများသည် ထန်းပလားမှော်၊ ဝမ်းပလာ၊ အောင်လွတ်၊ တုံမဏီ၊ ချောင်းဆုံ၊ နန်ဗြူ၊ ဂျာ အောင်ဘာ၊ ဇီးဖြူကုန်း၊ ညောင်ပင်ကုန်းမှော်နှင့် နမ့်ကွမ်းမှော်များတွင် လုပ်ကိုင်နေကြသူများ ဖြစ်ကြောင်း သိရ သည်။
ထိုမှော်များတွင် လုပ်ကိုင် နေထိုင်သူများသည် ဇွန်လ ၁၅ ရက်နေ့ နောက်ဆုံးထား ထွက်ခွာရန်နှင့် အကယ်၍ မထွက် ခွာပါက ကချင်လွတ်လပ်ရေး တပ်မတော် (KIA) နှင့် ပူးပေါင်းနေသူများအဖြစ် သတ်မှတ်မည် ဖြစ်ကြောင်း၊ နယ်မြေ ရှင်းလင်းသည့်အခါ ထိခိုက်ဒဏ်ရာ ရမှုများ ဖြစ်ပေါ်လာမည်ကို မလိုလားသဖြင့် ကြိုတင် အသိပေးရခြင်း ဖြစ်ကြောင်း တပ်မတော်က ဖြန့်ဝေသည် ဆိုသည့် စာတွင် ဖော်ပြထားသည်။
ထွက်ပြေးလာသူများသည် စာဖြန့်ဝေခြင်းကြောင့် သီးသန့်မဟုတ်ဘဲ လက်ရှိဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ထွက် ပြေးလာသူများလည်း ပါဝင်ကြောင်း၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် ပါဝင်ဆောင်ရွက်နေသူနှင့် မြေယာနှင့်သဘာ၀ ပတ်ဝန်းကျင် ဆိုင်ရာ မူဝါဒ ကိစ္စရပ်များ ဆွေးနွေးမှု လုပ်ငန်းကော်မတီ အဖွဲ့ဝင် ဒေါ်ဒွဲဘူ က ဧရာဝတီ ကို ပြောသည်။
၎င်းက “အခု ထွက်ပြေးလာသူတွေက စာဖြန့်တာထက် တိုက်ပွဲတွေဖြစ်နေလို့၊ သေနတ်သံတွေ ကြားလို့ ထွက်ပြေး လာကြ တာပါ၊ ဖြန့်တဲ့စာမှာတော့ ဘာတံဆိပ်မှ မပါဘူး၊ လေယာဉ်နဲ့ ကြဲချတာလို့တော့ ပြောကြတယ်” ဟုလည်း ပြောဆို သည်။
ထွက်ပြေးလာသူများအနက် တနိုင်းမြို့ခံများနှင့်မှော်များတွင် လာရောက်လုပ်ကိုင်သူများအနေဖြင့် မိမိတို့နေအိမ်များ သို့ ပြန်သွားကြပြီ ဖြစ်သော်လည်း စစ်ပွဲဖြစ်ပွားနေသည့် ကျေးရွာများမှ ဒေသခံများကမူ နေရပ်ပြန်ရန် ခက်ခဲနေသေး ကြောင်း ဒေသခံများ က ပြောသည်။
တပ်မတော်မှ နယ်မြေရှင်းလင်းရေး ဆောင်ရွက်မည့် ရွှေနှင့်ပယင်းမှော် နယ်မြေများသည် KIA ထိန်းချုပ်ရာ နယ်မြေ ဖြစ်ကြောင်း၊ ထိုမြေများမှ ရရှိသည့် အကျိုးစီးပွားများအား တပ်မတော်မှ ထိန်းချုပ်လို၍ ယခုကဲ့သို့ နယ်မြေရှင်းရေးဟု အကြောင်းပြ လုပ်ဆောင်ခြင်း ဖြစ်ကြောင်း KIA ဘက်က ပြောဆိုသည်။
တပ်မတော်ကမူ မှော်များကြောင့် သဘာဝပတ်ဝန်းကျင် ပျက်စီးမှုများ ရှိသည့်အတွက် နယ်မြေရှင်းလင်းရေး ဆောင် ရွက်မည်ဟု ပြောဆိုထားကြောင်း သိရသည်။