အာရှဒေသ သစ်တောပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (AFoCO) တည်ထောင်ခြင်းဆိုင်ရာ သဘောတူညီချက်ကို လက်မှတ်ရေးထိုးရန် သမ္မတ ဦးထင်ကျော်က အဆိုပြုခဲ့ပြီးနောက် ထိုအဆိုကို မေလ ၆ ရက် အင်္ဂါနေ့က ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်က အတည်ပြုလိုက်သည်။
မြန်မာနိုင်ငံ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနက ထိုအဆိုကို ယခင်လက လွှတ်တော်သို့တင်သွင်းခဲ့ခြင်း ဖြစ်သည်။
ထိုအဖွဲ့ ပေါ်ပေါက်လာစေရေးအတွက် ကိုရီးယားနိုင်ငံက ၂၀၀၉ ခုနှစ်ကတည်းက အဆိုပြုခဲ့ပြီး ဦးစွာ ကိုရီးယားနှင့် အာဆီယံနိုင်ငံများအကြား သစ်တောကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်ကို ၂၀၁၂ ခုနှစ်က အင်ဒိုနီးရှားနိုင်ငံ ဘာလီတွင် ကျင်းပခဲ့သော အာဆီယံ-ကိုရီးယား ထိပ်သီးဆွေးနွေးပွဲတွင် လက်မှတ်ရေးထိုးခဲ့သည်။ အာရှဒေသတခုလုံးအထိ ကျယ်ပြန့်သော AFoCO ကို ၂၀၁၅ ခုနှစ် စက်တင်ဘာလက ထူထောင်ခဲ့သည်။
ထိုအာဆီယံ-ကိုရီယား သဘောတူညီချက်မတိုင်ခင် ၂၀၀၉ မှ ၂၀၁၁ ခုနှစ်အတွင်း ကိုရီးယားနိုင်ငံသည် မြန်မာနိုင်ငံအပါအဝင် အာဆီယံနိုင်ငံများအား သစ်တောစီမံခန့်ခွဲခြင်း၊ ပြန်လည်ထူထောင်ခြင်းတို့အတွက် နည်းပညာအကူအညီများကို ထောက်ပံ့ပေးခဲ့သည်။
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးအုန်းဝင်းက AFoCO အဖွဲ့ဝင်အဖြစ် ဝင်ရောက်ရေးအတွက် ပြည်သူ့ကိုယ်စားလှယ်များ၏ ထောက်ခံမှုအပေါ် လွှတ်တော်ကို ကျေးဇူးတင်ကြောင်း အင်္ဂါနေ့ကပြောကြားခဲ့သည်။ အာရှဒေသဆိုင်ရာ အဖွဲ့အစည်းသို့ ဝင်ရောက်ခြင်းသည် မြန်မာနိုင်ငံ၏ သစ်တောကဏ္ဍ၊ ရေဝေရေလဲဒေသများ ထိန်းသိမ်းရေးနှင့် သဘာဝအခြေခံ ခရီးသွားလုပ်ငန်း စသည်တို့ တိုးတက်စေမည်ဟုလည်း သူက ရှင်းပြခဲ့သည်။
ပူးပေါင်းဆောင်ရွက်မှုကြောင့် နိုင်ငံတကာ ဆက်ဆံရေးမှာ သာမက နည်းပညာနဲ့ အတွေ့အကြုံဖလှယ်တဲ့နေရာမှာပါ “ပိုမိုကြိးမားတဲ့ အကျိုးကျေးဇူးတွေ ရမှာပါ” ဟုလည်း ဝန်ကြီးက ဆိုသည်။
AFoCO သည် ရှေည်တည်တံ့သော သစ်တောစီမံခန့်ခွဲမှု၊ ဇီဝမျိုးကွဲပေါင်းစုံ ထိန်းသိမ်းမှု၊ ရာသီဥတု ပြောင်းလဲမှု လျှော့နည်း သက်သာရေး၊ သဲကန္တာရ ဖြစ်ထွန်းမှု တားဆီးရေး၊ သုတေသနပြုလုပ်ခြင်းနှင့် ပညာရပ် ဖလှယ်မှုများကို အားပေးရေးတို့ကို ရည်ရွယ်သည်ဟု ဝန်ကြီးရုံးမှ ဦးလှိုင်မင်းမောင်က ပြောသည်။
AFoCO သည် ကိုရီးယားနိုင်ငံတွင် အခြေစိုက်ပြီး ဘူတန်၊ ကာဇတ်စတန်၊ မွန်ဂိုလီးယား၊ တီမောလက်စ်တီနှင့် အာဆီယံ နိုင်ငံတချို့ အပါအဝင် စုစုပေါင်း ၇ နိုင်ငံက၂၀၁၇ ဇွန်လ မတိုင်မီကပင် လက်မှတ်ရေးထိုးထားသည်။
သစ်တောထိန်းသိမ်းမှု၊ ဂေဟစနစ်များ ထိန်းသိမ်းမှု၊ သစ်တောပြန်လည်ထူထောင်ခြင်းတို့အပြင် သစ်တောအတန်းအစား လျော့ကျခြင်းနှင့် သဲကန္တာရဆန်လာသော မြေများ ဖြစ်ပေါ်မှုများ တားဆီးရန်တို့ကို ရှေ့လုပ်ငန်းစဉ်များတွင် ထည့်သွင်းချမှတ်ထားကြောင်းလည်း သိရသည်။ သဲကန္တာရဖြစ်ထွန်းမှု တားဆီးရေးသည် ယခုလောလောဆယ်တွင် မွန်ဂိုလီးယားနိုင်ငံအတွက်သာ ဖြစ်နေသော်လည်း မြန်မာနိုင်ငံတွင်လည်း တချို့မြေများတွင် မြေဆီလွှာခန်းခြောက်မှုကြောင့် အပင်စိုက်ပျိုးမရမှုများ ရှိလာပြီး သဲကန္တာရဆန်လာမှုများ ရှိသည်ကို ဦးလှိုင်မင်းမောင်က ရှင်းပြသည်။
“မြန်မာနိုင်ငံဟာ သဲကန္တာရဖြစ်ပေါ်မှုကို တိုက်ရိုက် ရင်မဆိုင်ရသေးပေမယ့် သဲကန္တာရ ဖြစ်ထွန်းလာမှာကို ကြိုတင်ကာကွယ်တဲ့အနေနဲ့ ရေရှည်ပြင်ဆင်မှုဖြစ်ပါတယ်” ဟု လည်း သူက ရှင်းပြသည်။
မြန်မာနိုင်ငံတွင် ၁၉၉၀ ခုနှစ်က ခန့်မှန်းခြေ သစ်တော ဧရိယာ ၆၀ ရာခိုင်နှုန်းရှိခဲ့သော်လည်း သစ်ခိုးထုတ်မှုများကြောင့် သစ်တောပြုန်းတီးလာရပြီး ၂၀၁၅ ခုနှစ်တွင်မူ သစ်တောဧရိယာ ၂၆ ရာခိုင်နှုန်းကျဆင်းသွားသည်သည်ဟု UNODC အစီရင်ခံစာတစောင်က ဆိုထားသည်။
မြန်မာနိုင်ငံသည် သစ်တောကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု ဒေသအဆင့် လေ့ကျင့်ပညာပေးရေး သင်တန်းကျောင်းမှလည်း အကျိုးခံစားရမည်ဖြစ်ပြီး ရန်ကုန်မြို့ မှော်ဘီမြို့နယ်တွင် ယခုနှစ်ကုန်အတွင်း တည်ဆောက်ပြီးစီးရန် ရည်မှန်းထားသော ထိုသင်တန်းကျောင်းဆောက်လုပ်ခြင်း ပြီးစီးပါက စွမ်းဆောင်ရည်မြင့်တင်ခြင်းနှင့် ကျွမ်းကျင်မှုဖလှယ်ခြင်းတို့ကိုပါ ဆောင်ရွက်နိုင်မည်ဖြစ်သည်။
မြန်မာနိုင်ငံသည် ၁၉၀၀ ခုနှစ်များအလယ်က နိုင်ငံတကာသစ်တောပညာရှင်များ လာရောက်လေ့လာမှုပြုခဲ့သောနေရာ ဖြစ်ခဲ့သည်။ ထိုအတွက်ကြောင့် ယခုကဲ့သို့ သင်တန်းကျောင်း ပြန်လည်ဖွင့်လှစ်နိုင်ခြင်းသည် အဖွဲ့ဝင်နိုုင်ငံများမှ သင်တန်းသားများနှင့် နိုင်ငံတကာ သင်တန်းသားများကို သင်တန်းပေးလာနိုင်မည်ဖြစ်သည့်အတွက် “နိုင်ငံ၏ပုံရိပ်ကိုလည်း မြှင့်တင်ပေးနိုင်တယ်” ဟု ဝန်ကြီးဦးအုန်းဝင်းက ရည်ညွှန်းပြောဆိုခဲ့သည်။
ထိုအာရှဒေသ သစ်တောပူးပေါင်းဆောင်ရွက်မှု အဖွဲ့တည်ထောင်ခြင်းဆိုင်ရာ သဘောတူညီချက် လက်မှတ်ရေးထိုးရေးအဆိုကို လွှတ်တော်ကိုယ်စားလှယ် ၁၉ ဦးတို့က မေလ ၂၃ ရက်နေ့တွင် ထောက်ခံဆွေးနွေးခဲ့သည်။
လွှတ်တော်ကိုယ်စားလှယ်များက မြန်မာ့သစ်တောများရေရှည်တည်တံ့ရေးအတွက် ထိုစာချုပ်ကို လက်မှတ်ရေးထိုးသင့်သည်ဟု ထောက်ခံဆွေးနွေးသည်။ အဖွဲ့ဝင်နိုင်ငံ ဖြစ်လာပြီးပါကလည်း ထိုသဘောတူညီချက်များကို လက်တွေ့ကျကျ အကောင်အထည်ဖေါ်ရန်နှင့် အရပ်ဘက်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်သင့်ကြောင်းလည်း ထောက်ပြခဲ့သည်။