ယမန်နေ့ မွန်းလွဲပိုင်းက မြိတ်- ရန်ကုန်ခရီးစဉ် အဖြစ် ပျံသန်းရင်း အဆက်အသွယ်ပြတ်တောက်ပြီး ပျောက်ဆုံးသွားခဲ့သည့် တပ်မတော်ပို့ဆောင်ရေး Y-8 လေယာဉ်၏ ပျက်ကျမှုမှ အလောင်း ၁၀ လောင်းကို စတင်ရှာဖွေတွေ့ရှိနေပြီ ဖြစ်ကြောင်း ယနေ့ နေ့လည် ၁၂ နာရီ မိနစ် ၃၀ ခန့်တွင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်သည်။
ယနေ့ မနက် ၈ နာရီခွဲခန့်မှ စတင်ကာ နေ့လည် ၁၁ နာရီဝန်းကျင် အထိ အမျိုးသားရုပ်အလောင်း ၁ လောင်း၊ အမျိုးသမီးရုပ် အလောင်း ၅ လောင်းနှင့် ကလေးရုပ်အလောင်း ၄ လောင်း စုစုပေါင်း ရုပ်အလောင်း ၁၀ လောင်းအား ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။ လေယာဉ် ပျောက်ဆုံးသွားသည့် အချိန်တွင် ဒေသတွင်းရာသီဥတုမှာလည်း ဆိုးဝါးခဲ့ကြောင်း ဒေသခံ အချို့က ပြောသည်။
တပ်မတော် သတင်းမှန် ထုတ်ပြန်ရေးအဖွဲ့မှ တာဝန်ရှိသူ တဦးက “လေယာဉ်က တခုလုံးတွေ့တာ မဟုတ်သေးဘဲ အစိတ်အပိုင်း တခုစီပဲ တွေ့နေတာမို့ ဘာကြောင့်ဆိုတာကိုတော့ သိရအုံးမှာမဟုတ်ပါဘူး။ လက်ရှိမှာ ဆက်လက်ရှာဖွေနေဆဲပါ” ဟု ရှင်းပြသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်များအရ ယနေ့နံနက် ၈ နာရီ ၁၈ မိနစ်တွင် တပ်မတော်ပို့ဆောင်ရေး Y-8 လေယာဉ်၏ အစိတ်အပိုင်းအချို့နှင့် ရုပ်အလောင်းအချို့အား ကျောက်နီမော် ကျေးရွာ၏ အနောက်ဘက် ၁၄ မိုင်၊ လောင်းလုံမြို့၏ အနောက်တောင်ဘက် ၂၂ မိုင် ပင်လယ်ပြင် အတွင်း စတင် ရှာဖွေ တွေ့ရှိခဲ့သည်။
အဆိုပါ လေယာဉ်ပေါ်တွင် လိုက်ပါခဲ့ကြသူများမှာ ကမ်းရိုးတန်း ဒေသတိုင်း စစ်ဌာနချုပ်၊ တနင်္သာရီ ရေတပ်စခန်း ဌာနချုပ်နှင့် မြိတ်လေတပ် စခန်းဌာနချုပ် တို့မှ အရာရှိနှင့် စစ်သည် ဦးရေ ၃၅ ဦး၊ တပ်မတော်မိသားစုဝင် အဖြစ် လူကြီး ၅၈ ဦးနှင့် ကလေး ၁၅ ဦး ဖြစ်ကြောင်း သိရသည်။ အများစုမှာ နေရပ်ပြန်ရန်ခွင့်၊ အိမ်ထောင်သည်ခွင့်၊ ဆေးရုံပြောင်းခွင့် စသည့် အကြောင်းများဖြင့် ရန်ကုန်ဘက်သို့ ခရီးထွက်ခဲ့ကြခြင်း ဖြစ်သည်။
လေယာဉ်စတင်ပျောက်ဆုံးပြီးနောက်ပိုင်းမှ စတင်ကာ တပ်မတော်(ရေ)မှ စစ်ရေယာဉ် ၉ စီး၊ တပ်မတော်(လေ)မှ လေယာဉ် ၅ စီး၊ ရဟတ်ယာဉ် ၂ စီး နှင့် မြေပြင်တပ်များက ဒေသခံပြည်သူများနှင့် ပူးပေါင်း၍ အဆက်အသွယ်ပြတ်တောက်ခဲ့သည့် နေရာတဝိုက်နှင့် လေယာဉ်ပျံသန်းရာလမ်းကြောင်းတလျောက် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်လုပ်ဆောင်နေကြောင်း သိရသည်။
ယနေ့ မနက်ပိုင်းတွင် ထားဝယ်မြို့၏ အနောက်တောင်ဘက် ရေမိုင် ၁၆ မိုင်ခန့်အကွာ ပင်လယ်ပြင်တွင် လေယာဉ်ဆီကွက်များအား တပ်မတော်(လေ) ကင်းထောက်လေယာဉ်မှ တွေ့ရှိရ၍ တပ်မတော်(ရေ)မှ စစ်ရေယာဉ်များ ဆက်လက်ရှာဖွေနေကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်သည်။
ပျက်ကျသွားသည့် Y-8 လေယာဉ် အမှတ် ၅၈၂၀ သည် တရုတ်နိုင်ငံ Shaanxi Aircraft Corporation မှ ထုတ်လုပ်ခြင်းဖြစ်ပြီး မြန်မာနိုင်ငံသို့ ၂၀၁၆ ခုနှစ် မတ်လမှ စတင် ရောက်ရှိလာခြင်း ဖြစ်သည်။ လေယာဉ်သည် လေ့ကျင့်ပျံသန်းချိန် ၃၉၁ နာရီရှိပြီး ခရီးစဉ်ပေါင်း ၈၄ ခေါက် ဖြင့် ၄၁၈ နာရီ ပျံသန်းထားပြီး ဖြစ်ရာ လေယာဉ်ပျံသန်းချိန် စုစုပေါင်း ၈၀၉ နာရီ ဖြစ်ကြောင်း သိရသည်။