သူတို့၏ အလုပ်ရှင်က အသရေဖျက်မှုဖြင့် စွဲဆိုထားသော မြန်မာနိုင်ငံမှ ရွှေ့ပြောင်းလုပ်သား ၁၄ ဦးကို ထိုင်းနိုင်ငံ တရားရုံး တရုံးတွင် ရုံးတင်စစ်ဆေးခဲ့သည်။ ဥပဒေနှင့် မညီသော လုပ်ငန်းခွင် အခြေအနေ တွင် ခက်ခဲပင်ပန်းသော အလုပ်များ စေခိုင်းခြင်း ခံရသည်ဟု အလုပ်သမားများက စွပ်စွဲခဲ့သောကြောင့် ဖြစ်သည်။
နယူးယောက် အခြေစိုက် လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ (HRW) က အသရေဖျက်မှုကို ပယ်ဖျက်ပေးရန် တောင်း ဆိုထားပြီး တနေ့လျှင် နာရီ ၂၀ အလုပ်လုပ်ရခြင်း နှင့် လုပ်ခလစာ ပုံမှန်ထက် နည်းပါးခြင်းများအပါအဝင် အခွင့်အရေး ချိုးဖောက်မှုများကို အလုပ်သမားများက တိုင်ကြားခဲ့ခြင်းကြောင့် လက်တုန့်ပြန်ခြင်းသာ ဖြစ်သည်ဟု ပြောဆိုလိုက်သည်။
အလုပ်သမားများက နစ်နာကြေးအဖြစ် အမေရိကန်ဒေါ်လာ ၁.၃ သန်းခန့် တောင်းဆိုသည်ကို ထိုင်းနိုင်ငံမှ အလုပ်သမား ကာကွယ်ရေးနှင့် လူမှုဖူလုံရေးဌာနက ငြင်းပယ်၍ အလုပ်သမားများ၏ ထိခိုက်နစ်နာမှု အတွက်နစ်နာကြေး အနေဖြင့် စုစုပေါင်း ထိုင်းငွေ ဘတ် ၁.၇ သန်း (အမေရိကန်ဒေါ်လာ ၅၀၀၀၀) ပေးလျော်ရန် အလုပ်ရှင် ဖြစ်သည့် Thammakaset Farm ကုမ္ပဏီကို ညွှန်ကြားခဲ့ပြီး ဖြစ်သည်။ အဓမ္မခိုင်းစေမှုဖြင့် အလုပ်သမားများက တရားစွဲဆိုသည်ကိုလည်း တရားရုံး တရုံးက ပယ်ချခဲ့သည်။
ထိုင်းနိုင်ငံ၏ စိုက်ပျိုးစီးပွားလုပ်ငန်း ကုမ္ပဏီကြီးတခု ဖြစ်သည့် Betagro သို့ မွေးမြူရေးထွက်ကုန်များ ထောက်ပံ့ပေးနေ သည့် လုပ်ငန်းဖြစ်သည့် Thammakaset Farm က အလုပ်သမားများ၏ စွပ်စွဲမှုက ၎င်း၏ ဂုဏ်သိက္ခာကို ထိခိုက်စေခဲ့ ကြောင်း ပြောသည်။
အဆိုပါ အလုပ်သမား ၁၄ ဦး အနက်မှ ၂ ဦး ကို အလုပ်ရှင်များက ခိုးမှုဖြင့်လည်း တရားစွဲဆိုထားသည်။ ဥပဒေနှင့်မညီဘဲ နာရီများစွာ ကြာမြင့်အောင် အလုပ်လုပ်ရကြောင်း အလုပ်သမား အရာရှိများကို ပြသနိုင်ရန် အတွက် သူတို့၏ Time Card များကို ယူဆောင်သွားခဲ့သောကြောင့် ဖြစ်သည်။ ခိုးမှုဖြင့် စွဲဆိုချက်က ထောင်ဒဏ် ၇ နှစ် အထိ ပြစ်ဒဏ် ချမှတ် ခံရနိုင်သည်။
“ဒီရွှေ့ပြောင်းလုပ်သားတွေက ဆိုးရွားပြီး ဥပဒေနဲ့ မညီတဲ့ သူတို့ ရဲ့ အလုပ်ခွင်အကြောင်းကို သတင်း ပို့တိုင်ကြားတဲ့ အတွက် အလုပ်ရှင်က တရားစွဲတာကို ထိုင်းအစိုးရ အနေနဲ့ ခွင့်မပြုသင့်ပါဘူး။ ဒီ အလုပ်သမား ၁၄ ယောက် အပေါ် တရား စွဲထားတာကို ပယ်ဖျက်ပေးသင့်ပါတယ်” ဟု HRW ၏ အာရှဆိုင်ရာ ဒါရိုက်တာ Brad Adams က ကြေညာချက် တစောင် တွင် ပြောကြားခဲ့သည်။
HRW အဖွဲ့က အသရေဖျက်မှုဆိုင်ရာ ဥပဒေများကို ပယ်ဖျက်သင့်သည်ဟု ၎င်းတို့ ယုံကြည်ကြောင်း အဘယ်ကြောင့် ဆို သော် သဘောတရားအရ ဂုဏ်သိက္ခာကို ကာကွယ်ရန်အတွက် အချိုးအစားမမျှတသော တုန့်ပြန်မှု တခုဖြစ်နေပြီး သတင်း ပေးတိုင်ကြားသူများကို ခြိမ်းခြောက်ရန် နှင့် အပြစ်ဒဏ်ပေးရန်အတွက် အလွယ်တကူ အလွဲသုံးစားလုပ်နိုင်၍ ဖြစ်ကြောင်း ပြောကြားခဲ့သည်။
“တကယ်လို့ အစိုးရအနေနဲ့ လက်တုန့်ပြန်မှုကနေ အလုပ်သမား ၁၄ ယောက်ကို အကာအကွယ်မပေးဘူး ဆိုရင် ကုမ္ပဏီရဲ့ Supply chain ထောက်ပံံ့ရေးကွင်းဆက်တွေကို စုံစမ်းစစ်ဆေးမှုတွေအတွက် စိတ်ပျက်စရာ အခြေအနေကို ကူညီနေတာ ဖြစ်ပါတယ်။ ကုမ္ပဏီ တွေရဲ့ လူမှုရေးအရ ပူးပေါင်းဆောင်ရွက် တာဝန်ယူမှုကို အားနည်းအောင် လုပ်နေတာ ဖြစ်ပါတယ်” ဟု Brad Adams က ဆိုသည်။
အချို့စာရွက်စာတမ်းများ မရရှိခဲ့သည့် အတွက် ဇွန်လ ၇ ရက်နေ့က တရားခွင်ကို ရွှေ့ဆိုင်းခဲ့ကြောင်း နှင့် နောက်တကြိမ် စစ်ဆေးကြားနာမှုကို ဇူလိုင်လ ၁၃ ရက်နေ့တွင် ပြုလုပ်မည် ဖြစ်ကြောင်း အလုပ်သမား ၁၄ ဦး၏ ရှေ့နေတဦး ဖြစ်သော Nakhon Chompuchat က Bangkok Post သို့ ပြောသည်။
ကိုးကား ။ ။ AP နှင့် Bangkok Post