ဆက်သွယ်ရေးဥပဒေ ၆၆ (ဃ) ဖြင့် တပ်မတော်၏ တရားစွဲဆိုခြင်းခံထားရသည့် The Voice အမှုတွင် အာမခံလျှောက်ထားမှုကို ပယ်ချခဲ့ခြင်းမှာ ဥပဒေနှင့်မညီညွတ်ကြောင်း တရားစွဲခံရသူများ၏ ဥပဒေအကြံ ပေး ဦးခင်မောင်မြင့်က ဝေဖန်လိုက်သည်။
ဦးခင်မောင်မြင့်က “ရာဇဝတ်ကျင့်ထုံးဥပဒေနဲ့ တရားရုံးချုပ်ညွှန်ကြားလွှာတွေနဲ့အညီ အာမခံလျှောက်တယ်၊ ဒါတွေကိုမသုံးသပ်ဘဲ တင်ပြရာမှာမပါတဲ့ ဆေးစာကို အကြောင်းပြပြီး ပယ်ချလိုက်တယ်၊ ကျနော်တို့က ကျန်းမာရေး အကြောင်းပြပြီး အာမခံတောင်းနေတာ မဟုတ်ပါဘူး၊ ဥပဒေအရ ရပိုင်ခွင့်ကို တောင်းတာ ဖြစ်ပါတယ်” ဟု ပြောသည်။
“ကျည်ထောင်စုသစ္စာ” သရော်စာဆောင်းပါးနှင့် ပတ်သက်ပြီး The voice အယ်ဒီတာချုပ် ဦးကျော်မင်းဆွေ နှင့် ဆောင်းပါးရှင် ဗြိတိသျှကိုကိုမောင် (ခ) ကျော်စွာနိုင်တို့အား ပထမဆုံးအကြိမ် အဖြစ် ယနေ့ မနက်ပိုင်း က ဗဟန်းမြို့နယ် တရားရုံးတွင် ရုံးထုတ်စစ်ဆေးရာ၌ အာမခံလျှောက်ထားရာတွင် ဆေးစာကို ထည့်သွင်း လျှောက်ထားမှု မရှိသော်လည်း ဆေးစာမပါ၍ မပြည့်စုံဟုဆိုကာ တရားသူကြီးက အာမခံ ပယ်ချခဲ့ခြင်း ဖြစ်သည်။
ဦးကျော်မင်းဆွေနှင့် ဗြိတိသျှကိုကိုမောင်တို့၏ အာမခံလျှောက်ထားရာတွင် ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၄၉၇(၁)နှင့် မြန်မာနိုင်ငံတရားရုံးချုပ်၏ တရားခံများအား အာမခံပေးခြင်း ညွန်ကြားလွှာအမှတ် ၇ တို့ အရ ဥပဒေနှင့်အညီ လျှောက်ထားခြင်းဖြစ်ကြောင်း ကာယကံရှင်များ၏ရှေ့နေ ဦးမျိုးသိမ်းက ပြောသည်။
ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၉၇(၁)တွင် “အာမခံမပေးနိုင်သော ပြစ်မှုတစုံတရာဖြင့် စွပ်စွဲခံရသူတဦး သည် ပြည်သူ့ရဲတပ်ဖွဲ့စခန်းမှူးက ဝရမ်းမပါဘဲ ဖမ်းဆီးခြင်းဖြစ်စေ၊ ချုပ်နှောင်ခြင်းဖြစ်စေခံရသည့်အခါ(သို့) တရားရုံးရှေ့သို့ ထိုသူရောက်ရှိသည့်အခါ (သို့) တရားရုံးရှေ့သို့ ခေါ်ဆောင်ခြင်း ခံရသည့်အခါ ထိုသူကို အာမခံဖြင့် လွတ်ထားနိုင်သည်။
သို့သော်လည်း ထိုသူသည် သေဒဏ်ဖြစ်စေ၊ တစ်သက်တကျွန်းဒဏ်ဖြစ်စေ စီရင်ထိုက်သော ပြစ်မှုတရပ်ကို ကျူးလွန်ခဲ့သည်ဟု ယုံကြည်ရန် သင့်လျော်သောအကြောင်းရှိလျှင် ထိုသူကို ထိုကဲ့သို့ လွတ်ထားခြင်းမပြုရ” ဟု ပြဌာန်းထားသည်။
ပြည်ထောင်စုမြန်မာနိုင်ငံတော် တရားရုံးချုပ်၏ ၁၉၆၅ ခုနှစ် သြဂုတ်လ ၆ ရက်နေ့တွင်ထုတ်ပြန်ခဲ့သည့် တ ရားခံများအား အာမခံပေးခြင်းကိစ္စ ညွန်ကြားလွှာအမှတ် ၇၊ အပိုင် ၂ တွင်လည်း ဥပဒေတရပ်ရပ်က အာမခံ မပေးရဟု အတိအလင်းတာမြစ်ထားသည့် ပြစ်မှုများမှအပ ကျန်ပြစ်မှုများနှင့်ပတ်သက်လျှင် ရာဇဝတ်ကျင့် ထုံး ပုဒ်မ ၄၉၇နှင့် ၄၉၈ တို့အရ အာမခံလျှောက်လွှာများကို ဆုံးဖြတ်ပါ၊ ထိုသို့ဆုံးဖြတ်နိုင်ရန် အစိုးရလွှတ် တော်ရှေ့နေ၊ အစိုးရရှေ့နေ၊ အမှုလိုက်လုံခြုံရေးမှူး(သို့) အမှုလိုက် ဒုလုံခြုံရေးမှူးတို့အား အကြောင်းကြားပါ ဟု ဖော်ပြထားသည်။
ဆက်သွယ်ရေးဥပဒေသည် တသက်တကျွန်း ကျနိုင်သည့် ပြစ်မှုမဟုတ်ဘဲ အမြင့်ဆုံးပြစ်ဒဏ်မှာ သုံးနှစ် အထိ သာရှိသည့်အပြင် အာမခံမပေးရဟု ပြဌာန်းထားခြင်းလည်း မရှိသည့်အတွက် ယခုအမှုတွင် ဥပဒေ အရ အာမခံပေးသင့်ကြောင်း ဦးခင်မောင်မြင့်က ပြောသည်။
ဦးကျော်မင်းဆွေနှင့် ဗြိတိသျှကိုကိုမောင်တို့အား ဇွန်လ ၁၆ ရက်နေ့တွင် ဗဟန်းမြို့ နယ် တရားရုံး ဒုတိယအကြိမ်းရုံးထုတ်စစ်ဆေးမည်ဖြစ်ပြီး အာမခံရရှိရေးကို ဆက်လက် လျှောက်ထားမည်ဟု သိရသည်။
ဆက်သွယ်ရေးဥပဒေ ၆၆(ဃ) ဖြင့် တပ်မတော်၏ တရားစွဲဆိုခြင်းခံထားရသည့် လူ့အခွင့်အရေး လှုပ်ရှားသူ ဦးထွန်းထွန်းဦး အမှုတွင် ပုသိမ်မြို့နယ်တရားရုံးမှ ယခုဇွန်လ ၅ ရက်နေ့တွင် အာမခံ ပေးခဲ့သည်။ ထို့ပြင် ပဲခူးမြို့မှ ၆၆(ဃ)ဖြင့် တရားစွဲခံရသည့် မစန္ဒီမြင့်အောင် အမှုတွင်လည်း တရားရုံးမှ အာမခံဖြင့် လွတ်ပေးထားခဲ့သည်။
တရားရုံးများအနေဖြင့် ၆၆(ဃ)နှင့်ပတ်သက်၍ အာမခံပေးခြင်း၊ မပေးခြင်း ဆုံးဖြတ်ရာတွင် ကွဲလွဲမှုများဖြစ် နေသည့်အပေါ် ဝေဖန်မှုများလည်း များစွာ ထွက်ပေါ်လျက်ရှိသည်။