ကချင်ပြည်နယ်၊ မိုးကောင်းနှင့် ဖားကန့်မြို့နယ်အတွင်းရှိ မြစ်ကြီးနား – တနိုင်း – လီဒိုလမ်းမကြီး၊ မိုးကောင်း၊ လဝါး၊ ကာမိုင်း၊ ဝှေခါ၊ ဖားကန့်လမ်းတလျှောက်တွင် ခရီးသွားပြည်သူများအနေဖြင့် ညပိုင်း၌ ခရီးသွားလာခြင်းမပြုရန် သတိပေးသည့် စာ ၂ စောင်ကို ကချင်လွတ်လပ်ရေး တပ်မတော် ( KIA) က ဖြန့်ဝေထားကြောင်း သိရသည်။
ထိုသတိပေးစာများကို KIA တပ်မဟာ (၂) လက်အောက်ခံများဖြစ်သည့် ဖားကန့်မြို့နယ်အခြေစိုက် တပ်ရင်း (၆)နှင့် မိုးကောင်းမြို့နယ်အခြေစိုက် တပ်ရင်း(၁၁) တို့က ဇွန်လ ၇ ရက် ရက်စွဲဖြင့် မော်တော်ယာဉ်အသင်းများနှင့် ဒေသခံများထံ ဖြန့်ဝေခဲ့ခြင်း ဖြစ်သည်။
ထိုသို့သတိပေးစာများ ထုတ်ပြန်ရခြင်းနှင့် ပတ်သက်ပြီး KIA တပ်ရင်း ( ၆ ) မှ ဒုဗိုလ်မှူးကြီး တန်ဆန်းက “ ကျနော်တို့ တပ်ရင်း ၁၁၊ ၁၄၊ ၆ နားမှာ တပ်မတော်ဘက်က စစ်ဆင်ရေးတွေ အရမ်းများလာတယ်။ အဲဒီတော့ ညရေးညတာတွေမှာ ထင်ယောင်ထင်မှားနဲ့ မဖြစ်သင့်တာတွေ မဖြစ်ရအောင်ဆိုပြီး ကြိုတင်သတိပေးတဲ့ အနေနဲ့ ပြည်သူလူထု ထိခိုက်မှုမရှိအောင် သတိပေးလိုက်တာပါ” ဟု ပြောသည်။
မြစ်ကြီးနား- မိုးကောင်း- ဖားကန့်မြို့နယ်အတွင်း ပြေးဆွဲနေသည့် မော်တော်ယာဉ်အသင်း၊ သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ပယင်း၊ ရွှေ၊ ကျောက်စိမ်းမှော်များတွင် အလုပ်လုပ်နေသူများထံ KIA က သတိပေးစာများ ပေးပို့ထားသည်ဟု ဒုဗိုလ်မှူးကြီးတန်ဆန်းက ဆက်ပြောသည်။
“ရင်း ၁၄ နဲ့ ကျနော်တို့ ရင်း ၆ က နယ်မြေချင်း ထိစပ်နေတော့ ရင်း ၁၄ မှာ ထိုး(တိုက်) လာပြီဆို ကျနော်တို့ ၆ ဘက်ကိုလည်း ထိတယ်။ ၆ ဘက်ကို ထိုး (တိုက်) လာရင်လည်း ရင်း ၁၄ ဘက်ကို ဂယက်ရိုက်တယ်။ နယ်မြေချင်း စပ်နေတော့ တပ်မတော်ရဲ့ အခုစစ်ဆင်ရေးက အတော်လေး ကသိကအောက်ဖြစ်တယ်” ဟု ၎င်းက ဆိုသည်။
KIA တပ်ရင်း (၆) ၏ သတိပေးစာတွင် လတ်တလောဖြစ်ပွားနေသည့် စစ်ရေးအခြေအနေကြောင့် မိုးကောင်း-ကာမိုင်းလမ်း၊ လဝါး-ကာမိုင်းလမ်း၊ ကာမိုင်း-ဖားကန့်လမ်း၊ ဝှေခါ- ဖားကန့်လမ်းများပေါ်တွင် ဇွန်လ ၁၀ ရက်မှ စတင်ပြီး ည ၇ နာရီမှ မနက် ၆ နာရီအတွင်း ခရီးသွားလာခြင်း လုံးဝ (လုံးဝ) မပြုရန် ၊ KIA ၏ သတ်မှတ်ချိန်များကို ကျော်လွန်ပြီး ခရီးသွားခြင်းကြောင့် တစုံတရာ ဖြစ်ပေါ်လာပါက တပ်ရင်း (၆) က တာဝန်ခံမည် မဟုတ်ဘဲ၊ မော်တော်ယာဉ်အသင်းနှင့် ယာဉ်မောင်းများ၏ တာဝန်သာဖြစ်သည်ဟု ရေးသားထားသည်။
KIA တပ်ရင်း (၁၁) က ဖြန့်ဝေထားသည့် သတိပေးစာတွင် လီဒိုလမ်းမပေါ်ရှိ ကျေးရွာအုပ်ချုပ်ရေးမှူးများထံ လိပ်မူထားပြီး စစ်ရေးမတည်ငြိမ်မှုများကြောင့် မြစ်ကြီးနား- တနိုင်း – လီဒိုလမ်းတွင် ညနေ ၇ နာရီမှ မနက် ၅ နာရီအချိန်ထိ လုံးဝ (လုံးဝ) ဖြတ်သန်းသွားလာခြင်း မပြုရဟူ၍ ရေးသားထားသည်။ ကန့်သတ်ထားသည့် အချိန်အတွင်း သွားလာပြီး ပြဿနာများ ပေါ်ပေါက်ပါက KIA က လုံးဝ (လုံးဝ) တာဝန်ယူမည် မဟုတ်ကြောင်း ပြင်းထန်စွာ သတိပေးအကြောင်းကြားအပ်သည်ဟု ရေးထားသည်။
မြစ်ကြီးနား- ဖားကန့်မြို့သို့ ခရီးသည်တင်ယာဉ် မောင်းနေသည့် ဦးဘရန်ရှောင်က “လွန်ခဲ့တဲ့ ၂ ရက်လောက်က ကျနော်တို့ ဒီစာကိုရတယ်။ သူတို့က မသွားနဲ့ဆို မသွားတာ ကောင်းတယ်။ အန္တရာယ် ကင်းတာပေါ့။ ကောင်း ကောင်းကောင်းဆိုးဆိုး အခုလိုကြိုပြောတာပဲ ကျနော်တို့အတွက် တော်သေးတယ်” ဟု ပြောသည်။
KIA ၏ သတိပေးစာများနှင့် ပတ်သက်ပြီး ဖားကန့်မြို့နယ်နှင့် မိုးကောင်းမြို့နယ်ရှိ နယ်မြေရဲစခန်းများကို ဖုန်းဖြင့် ဆက်သွယ်မေးမြန်းရာ တာဝန်ရှိသူများက စာများပျံ့နှံ့နေသည်ကို သိရှိသော်လည်း လက်ရှိတွင် တစုံတရာ မှတ်ချက်ပေးရန် မရှိကြောင်း ပြန်ပြောသည်။
မြစ်ကြီးနား- မိုးကောင်း- ဖားကန့် ကားလမ်းပိုင်းတွင် ယာဉ်မောင်းနေသည့် ဦးခိုင်ကျော်က “ကျနော်က နယ်ကလာပြီး ဒီမှာကားမောင်းတာ ၃ နှစ်ရှိပြီ။ ဒီကြားထဲ ကာမိုင်းမှာဆို ပစ်တာခတ်တာ ထိတာတွေ ဖြစ်တယ်လေ။ ကျနော်က ဒေသခံလည်း မဟုတ်၊ ကချင်စကားလည်း မတတ်တော့ တခုခုဆိုခက်မှာမို့ ကားသိမ်းထားတယ်။ အခြေအနေအေးမှ ပြန်မောင်းတော့မယ်” ဟု ပြောသည်။
ပြီးခဲ့သည့် ဇွန်လ ၆ ရက်က ဖားကန့်မြို့နယ်အတွင်းရှိ လဝါးလမ်း အနီးတွင် တပ်မတော်နှင့် KIA တို့အကြား ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ပြီး လက်ရှိတွင် နှစ်ဖက်တပ်များ မျက်နှာချင်းဆိုင်နေသည့် အနေအထားရှိပြီး စစ်ရေးတင်းမာနေသည်ဟု KIA က ဆိုသည်။
တပ်မတော်က ကချင်ပြည်နယ်တွင်း KIA နှင့် ဖြစ်ပွားသည့် တိုက်ပွဲများနှင့် ပတ်သက်ပြီး သတင်းထုတ်ပြန်ခြင်း မရှိပါ။ သို့သော် ဇွန်လ ၅ ရက်နှင့် ၆ ရက်တွင် တနိုင်းမြို့နယ်အတွင်း KIA ပစ်ခတ်လိုက်သည့် လက်နက်ကြီး ကျည်ပေါက်ကွဲမှုကြောင့် ဒေသခံ ၃ ဦး ထိခိုက်ဒဏ်ရာရထားကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံး က သတင်းထုတ်ပြန်ခဲ့သည်။
KIA၏ ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီးနော်ဘူက တနိုင်းမြို့နယ်အတွင်း ဇွန်လ ၃ ရက်မှ ၆ ရက် အထိ တိုက်ပွဲဖြစ်ခဲ့ကြောင်းနှင့် KIA ဘက်က ရှေ့တန်း ကာကင်းစခန်း တခုကျပြီး လက်ရှိတွင် စစ်ရေးတင်းမာနေဆဲ ဖြစ်သည်ဟု ဆိုသည်။
ဇွန်လပထမပတ်က တနိုင်းမြို့နယ်အတွင်း နိုင်ငံတော်က ခွင့်မပြုထားသည့် တရားမဝင် ပယင်း၊ရွှေမှော်များ ကို ဖျက်သိမ်းမည်ဖြစ်သဖြင့် ဒေသခံနှင့် ရွှေ့ပြောင်းလုပ်သားများ ဇွန်လ ၁၅ ရက်နောက်ဆုံးထား ရွှေ့ပြောင်းပေးရန် တပ်မတော်က ရဟတ်ယာဉ်ဖြင့် စာများကျဲထားကြောင်း သိရသည်။
တနိုင်းမြို့နယ်အတွင်း တိုက်ပွဲများကြောင့် ဒေသခံနှင့် ရွှေ့ပြောင်းလုပ်သား စုစုပေါင်း ၁၀၀၀ ကျော် ထွက်ပြေးနေပြီး အချို့မှာ တနိုင်းမြို့ပေါ်သို့ ရောက်ရှိနေပြီဖြစ်ပြီး တချို့မှာ လမ်းတွင် အာဏာပိုင်များ၏ တားဆီးမှုကို ခံထားရဆဲ ဖြစ်သည်။