တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် (NCA) ကို လက်မှတ် မရေးထိုးရသေးသည့် ညီညွှတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) နှင့် အစိုးရတို့ကြား မကြာမီ ပြန်လည် တွေ့ဆုံ၍ ညှိနှိုင်းကြမည် ဖြစ်ကြောင်း သတင်းရသည်။
ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ ဇွန်လ ၁၀ ရက်နေ့တွင် အစိုးရဘက်မှ ငြိမ်းချမ်းရေး ကော်မရှင် (Peace Commission) နှင့် UNFC က ဖွဲ့စည်းထားသော နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ (DPN) တို့ နှစ်ဘက် တွေ့ဆုံ ညှိနှိုင်း ကြမည် ဖြစ်သည်ဟု ဆိုသည်။
အစိုးရ၏ ငြိမ်းချမ်းရေး ကော်မရှင် အဖွဲ့ဝင် ဦးအောင်စိုး က “တွေ့ဖြစ်ဖို့က သေချာ ပါ တယ်။ ဆွေးနွေးမယ့် အချက် တွေကတော့ ကျနော်တို့ကြားမှာ ညှိနှိုင်းနေဆဲရှိပါသေးတယ်” ဟု ဧရာဝတီသို့ ပြောသည်။
ငြိမ်းချမ်းရေး ကော်မရှင်နှင့် DPN တို့ကြား ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစုပင်လုံ ဒုတိယ အစည်း အဝေး အပြီး ပထမဆုံး အကြိမ် ပြန်လည်တွေ့ဆုံခြင်း ဖြစ်ပြီး NCA ရေးထိုးနိုင်ရေး အတွက် UNFC မှ အဆိုပြု ထားသည့် အချက် ၉ ချက်နှင့် ပတ်သက်ပြီး ပြေလည်မှု မရရှိသေးသော အချက်များကို အဓိကထား ဆွေးနွေး သွားမည်ဖြစ်ကြောင်း သိရသည်။
သို့သော် တွေ့ဆုံ ဆွေးနွေးမည့် နေရာကိုမူ မသိရှိရသေးပေ။
UNFC တွဲဖက် အထွေထွေ အတွင်းရေးမှူး (၁) ဦးထွန်းဇော် က “အဓိက ပြောနိုင်တာကတော့ တပ်ပိုင်း ဆိုင်ရာ ကိစ္စမှာ အားလုံးနီးပါး ကျန်သေးတယ်လို့ ပြောလို့ရတယ်” ဟု ဧရာဝတီသို့ ပြောသည်။
တပ်ပိုင်းဆိုင်ရာ ကိစ္စတွင် ပစ်ခတ်တိုက်ခိုက်မှု စောင့်ကြည့်ရေး ယန္တရားကို ပိုမိုခိုင်မာရန်နှင့် ရေရှည်တည်တံ့ စေ ရန် အတွက် နိုင်ငံတကာ အသိသက်သေများ ပါဝင်ရေးကို UNFC ဘက်က တောင်းဆိုထားသည်။ သို့သော် လည်း တပ်မတော်ဘက်က လက်ခံမှုမရှိသေးဟု ဆိုသည်။
ထို့အတူ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲကြောင်း ကြေညာခြင်းကို အစိုးရ၊ တပ်မတော်မှ ထိုသဘောတူညီချက် ရရှိပြီးနောက် ၂၄ နာရီ အတွင်းထုတ်ပြန်ပြီး UNFC အဖွဲ့ဝင် အဖွဲ့အစည်းများမှ ၄၈ နာရီအတွင်း အသီးသီး ထုတ်ပြန်ရန် ဆိုသည့် အဆိုပြုချက်သည်လည်း သဘောတူညီမှု မရရှိသေးကြောင်း သိရသည်။
ထိုအချက်နှင့် ပတ်သက်၍ အစိုးရဘက်ကတော့ တနိုင်ငံလုံး ပစ်ခတ်ရပ်စဲရေး ကြေညာနိုင်ခြင်းမရှိဘဲ အပစ်ရပ် ထားသည့် အဖွဲ့များနှင့်သာ ကြေညာမည့် သဘောထားရှိကြောင်း၊ ယင်းအချက်ကိုလည်း တပ်မတော်ဘက်က မကြေညာဘဲ အစိုးရဘက်က ကြေညာမည်ဟုသာ သဘောထား ရှိထားသဖြင့် နှစ်ဘက်ဆွေးနွေးရာတွင် ပြေလည်မှု မရသေးခြင်းဖြစ်သည်ဟု ဆိုသည်။
ထို့အပြင် “နိုင်ငံရေးပိုင်းနဲ့ ပတ်သက်လာရင် သုံးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးမှု ပုံစံကို တပ်မတော်ဘက်က လက် မခံ သေးဘူး ဖြစ်နေတယ်။ အဓိက အချက်တွေကတော့ တပ်မတော်ဘက်က သဘောမတူလို့ ဖြစ်နေတာပေါ့ ဗျာ။ ဒါတွေကိုတော့ ကျနော်တို့ ညှိနှိုင်းရဦးမယ့် သဘောတော့ရှိပါတယ်” ဟု ဦးထွန်းဇော် က ပြောသည်။
UNFC အဖွဲ့ဝင်များအား ၂၁ ရာစုပင်လုံ ဒုတိယ အစည်းအဝေးသို့ “အထူးဖိတ်ကြားသူ” အနေဖြင့် ဖိတ်ခေါ်ခဲ့ သော် လည်း အစိုးရနှင့် ၎င်းတို့ကြား ဆွေးနွေးညှိနှိုင်းနေသည့် အချက် ၉ ချက်ပြေလည်မှု မရသေးသည့်အပြင် “အထူးဖိတ်ကြားသူ” ခေါင်းစဉ်သည် တန်းတူ ဆွေးနွေးခွင့်၊ ဆုံးဖြတ်ခွင့် မရှိဟုဆိုကာ တက်ရောက်ခဲ့ခြင်း မရှိခဲ့ ပေ။
အစိုးရနှင့် UNFC အဖွဲ့သည် ၂၀၁၇ ခုနှစ် ဧပြီ လကုန်ပိုင်းက နောက်ဆုံး တွေ့ဆုံ ဆွေးနွေးခဲ့ခြင်း ဖြစ်သည်။