ပြည်သူ့ကျန်းမာရေး ဝန်ဆောင်မှုကဏ္ဍ တိုးတက်လာစေရေးအတွက် သူနာပြုလောကကို ပြုပြင်ပြောင်းလဲမှုများ ဖော်ဆောင်ပေးရန် တိုက်တွန်းသည့်အဆိုကို ပြည်သူ့လွှတ်တော်က လက်ခံဆွေးနွေးရန် ဇွန်လ ၇ ရက်နေ့က ဆုံးဖြတ်ခဲ့သည်။
ယင်းအဆိုကို မကွေးတိုင်း၊ ကန့်ကောမြို့နယ်၊ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်ယဉ်မင်းလှိုင်က တင်သွင်းခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကျန်းမာရေးအတွက် သူနာပြုများ၏ အခန်းကဏ္ဍသည် အရေးပါကြောင်း၊ သူနာပြုလောကအပေါ် သက်ရောက်မှုများ ရှိနေသော မူဝါဒများကို ပြန်လည် သုံးသပ်ပြောင်းလဲပေးပါက နိုင်ငံ၏ ကျန်းမာရေးကဏ္ဍ တိုးတက်လာလိမ့်မည်ဟု ယုံကြည်ကြောင်း တိုက်တွန်းခဲ့သည်။
အခြေခံ လစာငွေနည်းပါးခြင်း၊ အလုပ်ချိန် ရှည်ကြာခြင်း၊ ပညာအရည်အချင်းကို အသိအမှတ်ပြု မခံရခြင်း၊ သူနာပြုနှင့် မသက်ဆိုင်သော အလုပ်များကိုပါ လုပ်ပေးရခြင်းနှင့် အခြားသော အလုပ်ခွင် စိန်ခေါ်မှုများကြောင့် သူနာပြုနှင့် သားဖွား အများအပြား အစိုးရဆေးရုံများမှ နှုတ်ထွက်သွားကြပြီး သူနာပြုအင်အား မလုံမလောက် ဖြစ်ရကြောင်း ဒေါ်ယဉ်မင်းလှိုင်က ထောက်ပြပြောဆိုခဲ့သည်။
အစိုးရဆေးရုံများတွင် လုပ်ကိုင်သော သူနာပြုတဦးသည် အခြေခံလစာသည် တလလျှင် ၁၆၅၀၀၀ ကျပ်သာ ရရှိသည်ဟု သူနာပြုတက္ကသိုလ်ကျောင်းသားများသမဂ္ဂ၏ အဆိုအရ သိရသည်။ ဘွဲ့ရ သူနာပြု ၄ ဦးလျှင် တဦးခန့်သည် အစိုးရကို ဒဏ်ငွေပေးဆောင်ကာ အစိုးရဆေးရုံများမှ နှုတ်ထွက်ကြကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ခန့်မှန်းထားသည်။
“ဝန်ထမ်းအင်အား မလုံလောက်တဲ့အခါ လူနာတွေကို စောင့်ရှောက်မှုအချိန် လုံလောက်စွာ မပေးနိုင်ဘဲ မလိုလားအပ်တဲ့ စွပ်စွဲပြစ်တင်မှုတွေ ရင်ဆိုင်ကြရတယ်” ဟု ဒေါ်ယဉ်မင်းလှိုင်က ပြောသည်။
“ဘယ်လောက် အရည်အချင်းရှိရှိ လုပ်သက်မပြည့်ရင် ရာထူးမတိုးနိုင် ဖြစ်နေတယ်။ လုပ်သက်ထက် ပညာအရည်အချင်းနဲ့ ကန့်သတ်သင့်တယ်လိုု့ အကြံပြုလိုပါတယ်” ဟု သူမက ဆက်လက်ပြောဆိုသည်။
တနိုင်ငံလုံးရှိ အစိုးရဆေးရုံ ၁၀၀၀ ကျော်အတွက် လိုအပ်သော သူနာပြုအရေအတွက်မှာ အနည်းဆုံး ၃၇၀၀၀ ဖြစ်သော်လည်း လက်ရှိတွင် ၂၀၀၀၀ ခန့်သာ ရှိသည့်အတွက် လိုအပ်အရေအတွက်၏ ၄၃ ရာခိုင်နှုန်းမှာလစ်လပ်နေသည်ဟု ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ကျန်းမာရေးဦးစီးဌာနမှ ညွုန်ကြားရေးမှူးချုပ်တဦးဖြစ်သူ ဒေါက်တာမြင့်ဟန်က မတ်လတွင် မီဒီယာများကို ပြောကြားခဲ့ဖူးသည်။
ဒေါ်ယဉ်မင်းလှိုင် လွှတ်တော်တွင် တင်သွင်းသော စာရင်းများအရ ရန်ကုန်အထွေထွေရောဂါကု ဆေးရုံကြီးတွင် သူနာပြု အရေအတွက် ၁၂၀၀ ခန့် လိုအပ်သော်လည်း ၆၅၀ သာရှိသည်ဟု သိရသည်။
သူနာပြုနှင့် သားဖွားများအတွက် မမျှတသော မူဝါဒများကို ပြုပြင်ပြောင်းလဲပေးရန် တောင်းဆိုခဲ့သည့် ရန်ကုန် သူနာပြုတက္ကသိုလ် ကျောင်းသားများသမဂ္ဂ၏ မတ်လ ဆန္ဒပြပွဲအပြီး ၃ လ ခန့်အကြာတွင် ယခုအဆိုသည် လွှတ်တော်သို့ ရောက်ရှိလာခြင်း ဖြစ်သည်။
မတ်လဆန္ဒပြပွဲမှာ အဓိကအားဖြင့် သူနာပြုနှင့် သားဖွားလိုင်စင်ကို အစိုးရဆေးရုံများတွင် ၃ နှစ်တာဝန်ထမ်းဆောင်ပြီးမှ ထုတ်ပေးမည်ဆိုသည့် ကျန်းမာရေး ဝန်ကြီးဌာန၏ မူဝါဒကို ကန့်ကွက်ခဲ့ခြင်း ဖြစ်သည်။ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ထွေးနှင့် သူနာပြု တက္ကသိုလ် ကျောင်းသားများ ညှိနှိုင်းပြီးနောက် နှစ်ဦးနှစ်ဘက် သဘောတူညီမှု ရရှိသွားသည်။
သူနာပြု သားဖွားများ အလုပ်ထွက်ရသည့် အကြောင်းအရင်းများကို သေချာစစ်တမ်းကောက်ယူပြီး ကျန်းမာရေးဝန်ထမ်း မလုံလောက်သည့် ပြဿနာကို လက်တွေ့ကျကျ ဖြေရှင်းရန်လည်း တောင်းဆိုခဲ့ကြသည်။
လွှတ်တော်ကိုယ်စားလှယ် ဒေါ်ယဉ်မင်းလှိုင်၏ အဆိုကို ဆွေးနွေးလိုသော ကိုယ်စားလှယ်များအနေဖြင့် ဇွန်လ ၈ ရက်နေ့ နောက်ဆုံးစာရင်းပေးကာ အဆိုကို လာမည့်အပတ်တွင် ဆွေးနွေးမည်ဟု မျှော်လင့်ရသည်။