ဘင်္ဂလားဒေ့ရှ်နိုင်ငံ အာဏာရ ပါတီမှ လူငယ်ခေါင်းဆောင်တဦး သေဆုံးမှုအတွက် ဒေသခံ ဘင်္ဂါလီမွတ်စလင်များ၏ စွပ်စွဲမှု ခံနေရသော နိုင်ငံအရှေ့တောင်ပိုင်းမှ ဒေသခံတိုင်းရင်းသား ထောင်နှင့်ချီ ထွက်ပြေး တိမ်းရှောင်နေကြရသည် ဟု Asia News တွင် ဖော်ပြသည်။
ဝန်ကြီးချုပ် ရှိတ်ခ်ဟာစီနာ၏ အာဏာရ အဝါမီအဖွဲ့ချုပ်၏ လူငယ်အဖွဲ့အစည်း ဖြစ်သော ဂျူဘို အဖွဲ့ချုပ်၏ ခေါင်းဆောင်တဦး ဖြစ်သူ နာရူး အစ္စလမ် နာရန်း သေဆုံး ပြီးနောက် ဒေါသထွက်နေသော မွတ်စလင်လူအုပ်က ၎င်းတို့၏ နေအိမ်များကို မီးရှို့သောကြောင့် ရမ်ဂမ်မက်တီခရိုင်မှ ဗုဒ္ဓဘာသာ ချက်မာ အသိုင်းအဝန်းမှာ ထွက်ပြေးကြရသည်။
နာရန်း မည်သို့ သေဆုံးသည်ကို ရှင်းရှင်းလင်းလင်း မသိရသေးပေ။ သူ၏ အလောင်းကို ဇွန်လ ၁ ရက်နေ့က လမ်းတခု အနီးတွင် တွေ့ခဲ့ရခြင်း ဖြစ်သည်။ ဘင်္ဂါလီများက ဒေသခံတိုင်းရင်းသားများ လက်ချက်ဟု စွပ်စွဲ အပြစ်တင်သော်လည်း ဒေသခံများက ထိုစွပ်စွဲချက်ကို ငြင်းဆိုသည်။
နာရန်း၏ ဈာပနအပြီးတွင် ဘင်္ဂါလီများသည် စစ်တကောင်း တောင်တန်းဒေသ ဒေသခံတိုင်းရင်းသားများကို ကိုယ်စားပြုသည့် ညီညွတ်သော ပြည်သူ့ပါတီဌာနချုပ်သို့ ချီတက်သွားကြသောအခါ အခြေအနေကို ထိန်းချုပ်နိုင်ခြင်း မရှိတော့ပေ။ ထိုလူအုပ်သည် ပါတီ ဉက္ကဌ၏ နေအိမ်နှင့် သူ၏ရုံးလည်း ဖြစ်သောနေရာကို မီးရှို့ခဲ့သည်။ တိုက်ခိုက်သူများသည် နေအိမ်များကို မီးမရှို့မီ လုယက် ဖျက်ဆီးခဲ့သည်ဟု တိုက်ခိုက်ခံရသူများက ပြောသည်။
လန်ဂဒူရှိ လူနေအိမ်နှင့် စီးပွားရေး လုပ်ငန်း အဆောက်အအုံ ၈၀ ခန့်ဖျက်ဆီးခံရသည် ဟု ဆိုသော်လည်း ထွက်ပြေးလာသူများကမူ အဆောက်အအုံ အနည်းဆုံး ၃၀၀ ဖျက်ဆီးခံရသည် ဟု ပြောသည်။ အသက် ၇၅ နှစ်အရွယ် ချက်မာ တိုင်းရင်းသား တဦးမှာ မီးရှို့ခံရသော အဆောက်အအုံတခု အတွင်း သေဆုံးခဲ့သည် ဟု ဆိုသည်။
ဘင်္ဂလားဒေ့ရှ် အရှေ့တောင်ပိုင်း စစ်တကောင်း တောင်ကြောဒေသ အကြမ်းဖက် တိုက်ခိုက် မီးရှို့မှု အပြီးတွင် ရဲတပ်ဖွဲ့က လူ ၁၀ ဦးကို ဖမ်းဆီးခဲ့သည်။
တိုင်းရင်းသား အသိုင်းအဝန်း၊ ယဉ်ကျေးမှုနှင့် နိုင်ငံရေးအရ တိုးတက်သော အဖွဲ့အစည်းများ၊ လူမှုအခြေပြု အဖွဲ့အစည်း များမှ လူရာပေါင်းများစွာတို့က စစ်တကောင်း တောင်ကြောဒေသ ၃ ခု နှင့် ဒက်ကာမြို့တော်တို့တွင် ဇွန်လ ၂ ရက်နေ့မှ ၄ ရက်နေ့ အထိ ကန့်ကွက်ပွဲများ ပြုလုပ်ခဲ့သည်။
သောကြာနေ့က ဖြစ်ပွားခဲ့သော ရမ်ဂမ်မက်တီခရိုင် လန်ဂဒူ အပဇီလာမှ တိုင်းရင်းသားများ၏ အိမ်များကို မီးရှို့သူများအား အရေးယူရန် ဘင်္ဂလားဒေ့ရှ် နိုင်ငံကို နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က တနင်္လာနေ့တွင် တောင်းဆိုခဲ့သည်။
“လန်ဂဒူ တိုက်ခိုက်မှုနဲ့ ပတ်သက်၍ ဇွန်လ ၅ ရက်နေ့က စတင်ပြီး ဖမ်းထားသူ ၁၂ ယောက်ရှိသည်။ နေအိမ်မီးရှို့ခံရသူများ ကို ဗဟိုအစိုးရက လျှော်ကြေး၊ အကူအညီပေးရန် ကတိပြုထားသည်။ ထိုအချက်များ ကိုကြိုဆိုရမည် ဖြစ်သော်လည်း ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များသည် ဒေသခံတိုင်းရင်းသားများကို တိုက်ခိုက်သော မွတ်စလင် ရွှေ့ပြောင်းနေထိုင်သူများကို အရေးယူရာတွင် ညံ့ဖျင်းသော မှတ်တမ်းရှိသည်” ဟု လန်ဒန်အခြေစိုက် နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့၏ ကြေညာချက်တွင် ဖော်ပြထားသည်။
ထို့အပြင် နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့သည် ကာဂရာ့ဟာရီခရိုင် ဒီဂီနာလာတွင် ထိုအကြမ်းဖက်မှုကို ဆန့်ကျင် ကန့်ကွက် သူများအား အာဏာပိုင်များက ဖမ်းဆီးထားသည်ကိုလည်း ထောက်ပြသည်။ “ထိုကန့်ကွက်ဆန္ဒပြပွဲမှာ ငြိမ်းချမ်း သော်လည်း စတင်ပြီး မကြာမီ စစ်တပ်နှင့် ရဲက အကြမ်းဖက်နှိမ်နင်းသည်။ စစ်သားများက ဆန္ဒပြသူများကို တုတ်များဖြင့် ရိုက်နှက်ကြသောကြောင့် အနည်းဆုံး လူ ၇ ဦးအနည်းငယ် ဒဏ်ရာရရှိသွားသည် ဟု ကြေညာချက်တွင် ဖော်ပြသည်။
ဘင်္ဂလားဒေ့ရှ်၏ စစ်တကောင်း တောင်တန်းဒေသတွင် တောင်ပေါ်နှင့် သစ်တောခရိုင် ၃ ခုပါဝင်ပြီး ဒေသခံလူမျိုးစု ၂၅ စု နေထိုင်ကြသည်။ အများစုမှာ ဗုဒ္ဓဘာသာဝင်များ ဖြစ်ပြီး အချို့မှာ ခရစ်ယာန်ဘာသာဝင်များ ဖြစ်သည်။
၁၉၇၀ ခုနှစ် များတွင် အစိုးရက ဒေသခံတိုင်းရင်းသားများ၏ မြေများကို သိမ်းယူပြီး မြေမဲ့ဘင်္ဂါလီ မွတ်စလင် ထောင်ပေါင်းများစွာကို ခွဲဝေပေးသောကြောင့် ဒေသခံများ အကြား တင်းမာမှုများ စတင်လာခဲ့သည်။ ထိုသို့မြေကို သိမ်းယူပြီး ဘင်္ဂလီများကို ခွဲဝေပေးခြင်းမှာ ဒေသလူဦးရေ အချိုးအစားကို ပြောင်းလဲရန် တမင်ရည်ရွယ် လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်ဟု လေ့လာသူများက ဝေဖန်ကြသည်။
ထိုသို့ ဝင်ရောက်လာခြင်းကို ဒေသခံ တိုင်းရင်းသားများက ခုခံကြပြီး ပြည်သူ့စစ်အုပ်စုများဖွဲ့ကာ ပြန်လည် တိုက်ခိုက်ကြ သည်။ အစိုးရက ထိုနယ်မြေကို စစ်ဇုန်အဖြစ် သတ်မှတ်ပြီး တုံ့ပြန် သဖြင့် ပျောက်ကြားစစ် ဆယ်စုနှစ် ၂ စုကြာ ဖြစ်ပွားကာ ၁၉၉၇ ခုနှစ် ရောက်မှ ငြိမ်းချမ်းရေး စာချုပ်ဖြင့် စစ်ပွဲ အဆုံးသတ် သွားသည်။
ယနေ့တိုင် ထိုဒေသတွင် စစ်လက်နက် ကျယ်ကျယ်ပြန့်ပြန့် တပ်ဆင်ထားသည်။ စစ်တပ်နှင့် မွတ်စလင်များက ဒေသခံများ၏ အခွင့်အရေးများကို မကြာခဏ ချိုးဖောက်သည် ဟု စွပ်စွဲခံရပြီး ခွဲထွက်ရေး အကြမ်းဖက်မှု ပျံ့နှံ့လာသည်။
အပြစ်မဲ့ ဒေသခံ တိုင်းရင်းသားများ အပေါ် ရက်စက်စွာ တိုက်ခိုက်မှုများကို အတိုက်အခံ ဘင်္ဂလားဒေ့ရှ် အမျိုးသားရေး ပါတီက တနင်္ဂနွေနေ့တွင် ရှုတ်ချလိုက်ပြီး ကျူးလွန်သူများကို ချက်ချင်း အရေးယူပေးရန် တောင်းဆိုသည်။ ဒေသခံ လူငယ်ခေါင်းဆောင်အား သတ်ဖြတ်သူကိုလည်း ဖော်ထုတ်ပြီး တရားစီရင်ရန်လည်း ထိုပါတီက အစိုးရကို တောင်းဆိုထားသည်။