ပြီးခဲ့သည့် ဇွန်လ ၇ ရက်နေ့က တနင်္သာရီတိုင်းဒေသကြီး လောင်းလုံမြို့နယ်အနီး ပျက်ကျသွားခဲ့သည့် တပ်မတော် ပို့ဆောင်ရေး Y-8 လေယာဉ်နှင့် ပတ်သက်သည့် စုံစမ်းဖော်ထုတ်မှုများကို လေယာဉ်ထုတ်လုပ်သည့် ကုမ္ပဏီနှင့် ပူးပေါင်းကာ စစ်ဆေးရန် ရှိသော်လည်း လေယာဉ်ကို ရှာဖွေတွေ့ရှိချိန်မှ စုံစမ်းရန် ဖြစ်နိုင်ဖွယ်ရှိကြောင်း တပ်မတော်သတင်းမှန်ထုတ်ပြန်ရေးအဖွဲ့ထံက သိရသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ဇွန်လ ၇ ရက်တွင် ပျက်ကျခဲ့သည့် တပ်မတော်ပို့ဆောင်ရေး Y-8 လေယာဉ်နှင့်ပတ်သက်၍ လိုအပ်သည့် စုံစမ်းစစ်ဆေးမှုများကို စတင်ပြုလုပ်လျက်ရှိကြောင်း၊ သက်ဆိုင်ရာ လေယာဉ် ထုတ်လုပ်သည့် ကုမ္ပဏီမှ တာဝန်ရှိသူများနှင့်လည်း ပူးပေါင်း၍ လေယာဉ်ပျက်ကျမှုအား စစ်ဆေး ဖော်ထုတ်သွားမည်ဖြစ်ကြောင်း ဇွန်လ ၈ ရက်နေ့က သတင်းထုတ်ပြန်ထားသည်။
တပ်မတော် သတင်းမှန်ထုတ်ပြန်ရေးအဖွဲ့မှ တာဝန်ရှိသူ တဦးက “စုံစမ်းစစ်ဆေးတာ မှန်ပေမယ့် လေယာဉ်က အစိတ်အပိုင်းတွေ၊ လေယာဉ်ကိုတွေ့မှ ဖော်ထုတ်ဖို့ရာ ပိုဖြစ်နိုင်မယ်။ ဒီနေ့ကလည်း လိုင်းလုံးတွေ ကြီးတော့ ရှာဖွေဖို့တောင် လုပ်နေတုန်း။ သင်္ဘောတွေထွက်ဖို့ မလွယ်ဘူး ဖြစ်နေတာ” ဟု ဧရာဝတီသို့ ပြောသည်။
လတ်တလောတွင် လေယာဉ်အစိတ်အပိုင်းဖြစ်သည့် လေယာဉ်ဘီးတခုသာ ရှာဖွေတွေ့ရှိထားပြီး ပျက်ကျသွားသည့် လေယာဉ်ကိုလည်း တပ်မတော်(ရေ) မှ ဆိုနာအသုံးပြု၍ ရှာဖွေခြင်း၊ ကျွမ်းကျင်ရေငုပ် စစ်သည်များဖြင့် ရှာဖွေခြင်းများ ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း သတင်းရရှိသည်။
ဇွန်လ ၇ ရက်နေ့က မြိတ်- ရန်ကုန် ခရီးစဉ် ပျံသန်းရင်း လောင်းလုံမြို့အနီး ပျက်ကျခဲ့သည့် တပ်မတော်ပိ့ုဆောင်ရေး Y-8 လေယာဉ်သည် တရုတ်နိုင်ငံရှိ Shannxi Aircraft Corporation မှ ထုတ်လုပ်သည့် လေယာဉ်ဖြစ်ပြီး တပ်မတော်အတွင်း ၂၀၁၆ ခုနှစ် မတ်လ မှ စတင် အသုံးပြုနေခြင်းဖြစ်သည်။ လေယာဉ်၏ လေ့ကျင့်ပျံသန်းချိန် ၃၉၁ နာရီရှိပြီး ခရီးစဉ်ပေါင်း ၈၄ ခေါက် ဖြင့် ၄၁၈ နာရီ ပျံသန်းထားပြီး ဖြစ်ရာ လေယာဉ်ပျံသန်းချိန် စုစုပေါင်း ၈၀၉ နာရီ ဖြစ်ကြောင်း သိရသည်။
အဆိုပါ လေယာဉ်ကို China Aviation Industry (Group) Co.,ltd လက်အောက်ရှိ Shannxi Aircraft Corporation မှ ထုတ်လုပ်ခဲ့ရာ ပြည်တွင်းသုံးရန် အတွက် အကြီးဆုံး သယ်ယူပို့ဆောင်ရေး လေယာဉ်ဖြစ်ပြီး တာဘိုအင်ဂျင် ပန်ကာ ၄ လုံး၊ သယ်ဆောင်နိုင်သည့်တန်ချိန် ၂၀ နှင့် ကီလိုမီတာ ၅၆၀၀ အကွာအဝေးထိ အမြင့်ဆုံးပျံသန်းနိုင်ကြောင်း ၎င်းတို့၏ ဝက်ဘ်ဆိုက်တွင် ရေးသားဖော်ပြထားသည်။
လေယာဉ်ပျက်ကျသည့်နေ့၌ လောင်းလုံမြို့နယ်တဝိုက်တွင် မိုးသည်းထန်စွာ ရွာသွန်းလျက်ရှိသည်ဟုလည်း ဒေသခံ အချို့က ရှင်းပြသည်။
လောင်းလုံမြို့နယ်နေ ဒေါ်ဇီးပိုက “ဖြစ်တဲ့နေ့က မိုးတွေ တော်တော်ရွာတယ်။ ကျမတို့လည်း အိမ်ရှေ့ကနေ မီးသတ်ကားတွေ ဖြတ်တော့မှ သိတာ။ ဒီနေ့လည်း ၂ လောင်း ထပ်တွေ့တယ်တော့ ပြောတယ်။ အခု အလောင်းတွေ ဆယ်နေတာကျတော့ စန်းလန်းရွာဘက်ကနေဆို ပိုနီးတယ်။ တွေ့တဲ့နေရာ လောင်းလုံနဲ့ဆို ၄ မိုင်လောက်ပဲ ဝေးတဲ့နေရာပါ။ ဖြစ်တဲ့နေ့က အသံတွေ ဘာတွေတော့ မကြားရဘူး။ ဒီနေ့လည်း မိုးရွာတယ်။ လေတော့မတိုက်ဘူး” ဟု ပြောသည်။
ယမန်နေ့ ညနေပိုင်းက ထားဝယ်မြို့၊ တပ်မတော်ဆေးရုံသို့ ရောက်ရှိလာသည့် ရုပ်အလောင်းများကိုလည်း ကျွမ်းကျင်သူများဖြင့် ဆေးဘက်ဆိုင်ရာ စစ်ဆေးမှုများ ပြုလုပ်ခဲ့ရာ ရုပ်အလောင်း ၁၆ လောင်းကို အတည်ပြုနိုင်ခဲ့သည်ဟု တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်သည်။
ယနေ့ဇွန် ၉ ရက်တွင် ပင်လယ်ပြင်အတွင်း ရာသီဥတုဆိုးရွားနေသော်လည်း တပ်မတော်(ရေ)မှ စစ်ရေယာဉ် ၈ စီးနှင့် ဒေသခံငါးဖမ်းစက်လှေ ၂၀ စီးတို့ ပူးပေါင်း၍ ဆိုနာစနစ်ဖြင့်လည်းကောင်း၊ ငါးဖမ်းပိုက်များဖြင့် တရွတ်ဆွဲရှာဖွေခြင်းဖြင့်လည်းကောင်း၊ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။
ဆက်စပ်ဖတ်ရှုရန်- တပ်မတော်ပို့ဆောင်ရေး Y-8 လေယာဉ် ပျက်ကျမှုမှ အလောင်း ၁၀ လောင်း စတင်ရှာဖွေတွေ့ရှိ