လူ့အခွင့်အရေးနှင့် ပတ်သက်သည့် ပြည်တွင်းပြည်ပ ရုပ်ရှင် ၆၀ ကျော် ပါဝင်ပြသမည့် ရုပ်ရှင်ပွဲတော်တွင် ပြသမည့် အစီအစဉ်ကို ယမန်နေ့က ရေးဆွဲပြီးစီးခဲ့ သော်လည်း ရုပ်ရှင်ကား တကားမှာ အစိုးရ ရုပ်ရှင် စိစစ်ရေးအဖွဲ့၏ ခွင့်ပြုချက် မရခဲ့ကြောင်းသိရသည်။
“စစ်တွေ” အမည်ရှိ ဒုက္ခရင်ဆိုင်နေရသော ရခိုင်ပြည်နယ်မှ ပဋိပက္ခဒဏ် ခံရသော လူငယ်များ အကြောင်း ၁၈ မိနစ်စာ မှတ်တမ်းရုပ်ရှင်သည် ယဉ်ကျေးမှုအရ၊ ဘာသာရေးအရ “မသင့်တော်သောကြောင့် မပြသသင့်”ကြောင်း ရုပ်ရှင်နှင့် ဗီဒီယို ဆင်ဆာအဖွဲ့က ရုပ်ရှင်ပွဲတော် စီစဉ်သူများထံ ပေးပိုသောစာတွင် ဖော်ပြထားသည်။
လူ့အခွင့်အရေးနှင့် လူသားဂုဏ်သိက္ခာ နိုင်ငံတကာ ရုပ်ရှင်ပွဲတော်ကို ရန်ကုန်ရှိ ဝဇီရာ ရုပ်ရှင်ရုံနှင့် Junction City တို့တွင် ဇွန်လ ၁၄ ရက်နေ့ ဗုဒ္ဓဟူးနေ့မှ စတင်ပြီး ၆ ရက်ကြာ ကျင်းပမည် ဖြစ်သည်။
ဆင်ဆာအဖွဲ့၏ ဆုံးဖြတ်ချက်နှင့် ပတ်သက်ပြီး စစ်တွေ ဇာတ်ကား၏ ဒါရိုက်တာ ဂျင်းန်ယဲလက်စီ (Jeanne Hallacy) က စိတ်ပျက်လက်ပျက် ဖြစ်ပြီး “မှတ်တမ်းရုပ်ရှင်တွေဟာ လူ့အခွင့်အရေး ပြဿနာတွေ၊ အထူးအဖြင့် သမားရိုးကျ မီဒီယာတွေက မတင်ပြနိုင်တဲ့ အရမ်းကို ထိလွယ်ရှလွယ်တဲ့ အကြောင်းအရာတွေနဲ့ ပတ်သက်ပြီး အများပြည်သူ ပါဝင်ဆွေးနွေးမှုကို လမ်းဖွင့်ပေးတယ်” ဟုပြောသည်။
ယခင် သူရိုက်ကူးခဲ့သည့် ရုပ်ရှင်များတွင် လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ ဦးအောင်မျိုးမင်း အကြောင်း ပါဝင်ပြီး ထို ရုပ်ရှင်ကို ၂၀၁၅ ခုနှစ်က ယခု ရုပ်ရှင်ပွဲတော်တွင်ပင် ပြသခဲ့သည်။
“လူ့အခွင့်အရေး အကြောင်းအရာ ရုပ်ရှင်ကို တားမြစ်တာဟာ တွေ့ဆုံဆွေးနွေးရေးကို တားဆီးပြီး ပဋိပက္ခကို သက်ဆိုးရှည်စေသလို လူ့အခွင့်အရေး ဇာတ်လမ်းတွေကို မျှဝေခြင်းတာ ပဋိပက္ခရဲ့ အဖြေ ရှာတဲ့ အခါ အထောက်အကူပြုတယ်” ဟု အမေရိကန်ရုပ်ရှင်ဒါရိုက်တာဖြစ်သော ဟဲလက်စီ ကပြောသည်။
လူ့အခွင့်အရေး ရုပ်ရှင်ပွဲတော်ကို တည်ထောင်သူ မင်းထင်ကိုကိုကြီးနှင့် အခြားသူများက မြန်မာနိုင်ငံတွင် ယခင်က ဆယ်စု နှစ်ပေါင်း များစွာ ဖိနှိပ်ထားခဲ့သော ကျယ်ပြန့်လှသည့် အကြောင်းအရာများနှင့် ပတ်သက်သော ရုပ်ရှင်များ ပေါ်ထွက်ရေး ရည်ရွယ်ချက်ဖြင် ၂၀၁၃ ခုနှစ်က စတင်ခဲ့သည်။
နှစ်စဉ် ကျင်းပခဲ့သော ယခင်ရုပ်ရှင်ပွဲတော် ၃ ကြိမ်အတွင်း မည်သည့် ရုပ်ရှင်မျှ ပိတ်ပင်ခြင်း မခံခဲ့ရပေ။ သို့သော် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဦးဆောင်သော အစိုးရ တက်လာပြီး ၂၀၁၆ ခုနှစ်က ပွဲတော်အဖွင့် အဖြစ် စီစဉ်ထားခဲ့သော “Twilight Over Burma: My Life as a Shan Princess” ရုပ်ရှင်ကို နောက်ဆုံးအချိန် အထိ အချိန်ဆွဲပြီးမှ ခွင့်မပြုကြောင်း အကြောင်းကြားခဲ့သည်။
“Twilight Over Burma: My Life as a Shan Princess” ဇာတ်ကားသည် ၁၉၅၀ နှင့် ၆၀ ခုနှစ်များ အကြား မြန်မာနှင့် ရှမ်း နိုင်ငံရေးနောက်ခံ အချစ်ဇာတ်လမ်း ဖြစ်သည်။ ထိုစဉ်က အခြားအမည်ဖြင့် ရှိနေသသော ရုပ်ရှင်နှင့် ဗီဒီယိုဆင်ဆာအဖွဲ့က ထိုရုပ်ရှင်သည် တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးကို ထိခိုက်စေနိုင်သည် ဟု ပြောခဲ့သည်။ စစ်တပ်၏ ဂုဏ်သိက္ခာကိုလည်း ထိခိုက်နိုင်သည်ဟု ထိုအဖွဲ့က ယူဆသည်။
ထိုအဖွဲ့ကို ပြန်ကြားရေး ဝန်ကြီးဌာန၏ မြန်မာ့ရုပ်ရှင် ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ အဓိက ပါဝင်ပြီး မြန်မာ့ ရုပ်ရှင်အစည်းအရုံး၊ မြန်မာနိုင်ငံ ဂီတအစည်းအရုံးနှင့် သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနတို့မှ ကိုယ်စားလှယ် အချို့တို့ ပါဝင်သော အဖွဲ့ဝင် ၁၅ ဦးဖြင့် ဖွဲ့စည်းထားသည်။
ယခုနှစ် ရုပ်ရှင်ပွဲတော်ကို မြန်မာနိုင်ငံပုံပြင်စာအုပ် (Burma Storybook) အမည်ရှိ နိုင်ငံရေး အကျည်းသားဟောင်း ကဗျာဆရာ မောင်အောင်ပွင့် အကြောင်းကို ဒတ်ချ် ရုပ်ရှင်ဒါရိုက်တာများ ဖြစ်သော ပီတာလွမ် (Peter Lom) နှင့် ကာရင်းဗန်အီဂါရက် (Carinne Van Egeraat) တို့ ရိုက်ကူးထားသော ရုပ်ရှင်ဖြင့် စတင်ဖွင့်လှစ်မည် ဖြစ်သည်။
ရုပ်ရှင် စုစုပေါင်း ၆၆ ကားပြသမည် ဖြစ်ကြောင်း မင်းထင်ကိုကိုကြီး က ပြောသည်။
ပြသမည့် အစီအစဉ်တွင် ရှင်ဒေဝီ၊ အမ်နိုး၊ မိုးသစ်ဆက်ထွန်း၊ ဘိုသက်ထွန်းစိုး၊ စံထိုက်နှင် ယမင်းဦး စသည့် ပြည်တွင်း ဒါရိုက်တာများ၏ အကြောင်းအရာမျိုးစုံ ဇာတ်ကား ၅၂ ကား ပါဝင်သည်။
ပြည်တွင်း ဒါရိုက်တာ ၁၄ ဦး၏ ၈၅ မိနစ်ကြာ ဇာတ်ကားတွဲ တခု နှင့် တနာရီကြာ ချင်းဘာသာ စကားပြော ရုပ်ရှင်ကား တကားလည်း ပါဝင်သည်။ ပြည်ပရုပ်ရှင်များတွင် မြန်မာအကြောင်းအရာနှင့် ပတ်သက်သော ရုပ်ရှင်အချို့အပါအဝင် ၁၄ ကားပါဝင်သည်။