သမ္မတဟောင်း ဦးသိန်းစိန် အစိုးရလက်ထက် တိုင်းနှင့်ပြည်နယ် အစိုးရအဖွဲ့များ သုံးစွဲခဲ့သည့် ဖွံ့ဖြိုးရေး ရန်ပုံငွေ စာရင်းများ အားလုံးကို ပြန်လည် စိစစ်မည် ဖြစ်ကြောင်း သိရသည်။
နိုင်ငံတော် သမ္မတရုံး၏ အထူး တာဝန်ပေးချက်အရ ပြန်လည် စိစစ်ရန် တိုင်းနှင့် ပြည်နယ် စာရင်းစစ်ချုပ်ရုံးများသို့ ညွှန်ကြားလိုက်ပြီ ဖြစ်ကြောင်း ပြည်ထောင်စု စာရင်းစစ်ချုပ် ဦးမော်သန်းက ယနေ့ နေပြည်တော်ရှိ ပြည်ထောင်စု လွှတ်တော်တွင် သတင်းထောက်များကို ပြောသည်။
“သမ္မတရုံးရဲ့ အထူးတာဝန်ပေးချက်အရ တိုင်းနဲ့ပြည်နယ်တိုင်းကို ပြန်ကြည့်ရမှာပါ။ ကျနော်တို့ရဲ့ လုပ်ရိုးလုပ်စဉ် ကတော့ ရငွေ သုံးငွေပဲ စိစစ်ရတာပါ။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှာပါ ရငွေ၊ သုံးငွေပဲ စိစစ်ခိုင်းတာပါတယ်။ ဒါမျိုးကျတာ့ ကိုယ့်ရဲ့ အထက်အဖွဲ့အစည်း သမ္မတ ရုံးရဲ့ အထူး တာဝန်ပေးချက်အရ ပြန်စိစစ်ရမှာပါ”ဟု ဦးမော်သန်းက ဧရာဝတီ ၏ မေးမြန်းမှုကို ပြန်လည် ဖြေကြားသည်။
ထိုသို့ စိစစ်မှုကို နေပြည်တော်ကောင်စီ အပါအဝင် တိုင်း နှင့် ပြည်နယ် ၁၅ ခုစလုံးတွင် ပြန်လည်စိစစ်မည် ဖြစ်ပြီး ကာလ သတ်မှတ်ချက် အနေဖြင့် အမြန်ဆုံး သမ္မတရုံးသို့ ပြန်လည်တင်ပြရမည်ဖြစ်၍ ၂၀၁၇ ခုနှစ် စက်တင်ဘာလ တွင် အပြီး သတ် နိုင်လိမ့်မည်ဟု မျှော်မှန်းထားကြောင်းလည်း စာရင်းစစ်ချုပ်ရုံးမှ သိရသည်။
“ဒါကလည်းပဲ ပြည်သူလူထုကနေပြီးတော့ စိုးရိမ်တဲ့စိတ်တွေရှိနေမှာ စိုးလို့ စိစစ်ရတာ။ ပြည်သူလူထုကနေ ပြီးတော့ အရင်ဥစ္စာတွေမှာ လုပ်ကိုင်စားတာတွေအတွက် ရိုးသားမှုမှ ရှိရဲ့လား၊ ဘာလားဆိုပြီးတော့ တိုင်းဒေသကြီးနဲ့ ပြည်နယ် အားလုံးအတွက်အပေါ်မှာ စိုးရိမ်စိတ် ရှိကောင်းရှိနိုင်တယ်”ဟု ဦးမော်သန်းက ပြောသည်။
ယခင် အစိုးရဟောင်း၏ ၂၀၁၅ – ၂၀၁၆ ဘဏ္ဍာရေးနှစ် အသုံးစရိတ်ကို ပြန်လည် စိစစ်မှုသာ ဖြစ်နိုင်ပြီး အစိုးရသစ်၏ လုပ်ရိုးလုပ်စဉ် ကိစ္စတခုသာ ဖြစ်နိုင်ကြောင်း လက်ရှိ အတိုက်အခံ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ (ကြံ့ခိုင်ရေး ပါတီ) က ပြောဆိုသည်။
ကြံ့ခိုင်ရေး ပါတီ၏ သတင်း ထုတ်ပြန်ရေး အဖွဲ့ဝင် ဦးလှသိန်းက“Personal (ပုဂ္ဂိုလ်ရေး) ပါမယ်လို့ မထင်ဘူး။ သာမန် (Audit) လုပ်တာလို့ပဲ မြင်တယ်”ဟု ဧရာဝတီသို့ ပြောသည်။
ပြည်သူ့လွှတ်တော် ပြည်သူ့ငွေစာရင်း ကော်မတီ ဥက္ကဌ ဦးခင်ချိုကမူ လက်ရှိတွင် ဖွံ့ဖြိုးရေး ရန်ပုံငွေကိစ္စများနှင့် ပတ် သက် ၍ မကွေး၊ ဧရာဝတီနှင့် စစ်ကိုင်းတိုင်းတို့တွင် သတင်းများ ထွက်ပေါ်နေရာ ပြည်ထောင်စု စာရင်းစစ်ချုပ်သည် သမ္မတကို တာဝန်ခံရသဖြင့် သမ္မတ က ညွှန်ကြားပါက ယင်းလုပ်ငန်းများကို ဆောင်ရွက်ခွင့်ရှိကြောင်း ဧရာဝတီ ကို ပြောပြသည်။
“ကျနော့်အမြင် ပြောရရင် လက်ရှိ အစိုးရအနေနဲ့ကတော့ လုပ်ချင်မှာ မဟုတ်ဘူး။ NLD ရဲ့မူက ငြိမ်းချမ်းရေး၊ အတူ ယှဉ်တွဲ နေထိုင်ရေး၊ သဟဇာတ ဖြစ်ရေးဆိုတဲ့ မူတွေကြောင့် စစ်တာတော့ စစ်လိ့မ်မယ်။ အရေးယူချင်မှ ယူမှာ” ဦးခင်ချိုက ပြောသည်။
ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအင်တုံခါးနော်ဆန် ကလည်း “ကျနော်တို့က ပြည်သူလူထုကို အခြေပြုတာ ဖြစ်တဲ့အတွက် လူထုက တောင်းဆိုလာရင်တော့ အမှားအမှန် သိအောင်၊ နောင် မဖြစ် အောင် စစ်ဆေးတဲ့သဘောလို့ ထင်တယ်။ စိစစ်သင့်တဲ့ ကိစ္စမျိုးတွေ ဖြစ်နေရင်တော့ စိစစ်ရမှာပါ”ဟု ပြောသည်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) အစိုးရလက်ထက်တွင် ယခင် တိုင်းနှင့်ပြည်နယ်များ၏ ဖွံ့ဖြိုးရေး ရန်ပုံငွေများ နှင့် ပတ်သက်၍ မကွေးတိုင်း အစိုးရအဖွဲ့ဟောင်းသည် ကျပ် ဘီလီယံနှင့် ချီသည့် ငွေကြေးများ ပြန်လည် ပေးလျော်မှု ပြုလုပ်ခဲ့ရပြီး ဧရာဝတီတိုင်း အစိုးရအဖွဲ့ဟောင်းသည်လည်း ကျပ် ဘီလီယံချီသည့် ဖွံ့ဖြိုးရေး ရန်ပုံငွေများ သုံးစွဲမှုနှင့် ပတ်သက်၍ ပြန်လည် ရှင်းလင်းမှုများ ပြုလုပ်ခဲ့ရသည်။