မြန်မာ့တပ်မတော် စစ်လေယာဉ် တစင်းသည် ဝန်ထမ်း၊ စစ်သားများနှင့် မိသားစုဝင် စုစုပေါင်း ၁၂၂ ဦးနှင့် အတူပျောက်ဆုံးသွားခဲ့ပြီး ၎င်းတို့၏ ကျန်ရစ်သူများကို ပူဆွေးစေခဲ့ပြီးနောက် ကယ်ဆယ်ရေး သမားများသည် ကြာသာပတေးနေ့က အလောင်း ၃၁ လောင်းကို မြန်မာနိုင်ငံ တောင်ပိုင်းကမ်းလွန်ပင်လယ်ပြင်မှ ဆယ်ယူနိုင်ခဲ့သည်။ ယနေ့ သောကြာနေ့တွင်လည်း ဆက်လက်ရှာဖွေနေသည်။
လူကြီး ၂၃ ဦးနှင့် ကလေး ၈ ဦးတို့၏ အလောင်းများကို ကမ်းရိုးတန်းမြို့ဖြစ်သော လောင်းလုံမြို့ အနီး ပင်လယ် အတွင်းတွင် ရေတပ်နှင့် အရပ်သား ရေယာဉ်များက တွေရှိခဲ့သည် ဟု တပ်မတော်က ၎င်း၏ တရားဝင် ဖေ့စ်ဘုတ် လူမှုကွန်ရက် စာမျက်နှာမှ ကြေညာသည်။
“ကျမ ငိုပဲ ငိုနေမိတယ်။ အရာရာ ဆုံးရှုံးသွားရပြီ” ဟု ဗုဒ္ဓဟူးနေ့က ပျောက်ဆုံးသွားသော လေယာဉ်တွင် မိဘနှစ်ပါးနှင့် မောင်လေးတယောက် လိုက်ပါသွားပြီး ကျန်ရစ်ခဲ့သူ အသက် ၁၉ နှစ်အရွယ် မယုဇန က တုန်ယင်သော အသံဖြင့် ပြောသည်။
၂ နှစ်ကြာ ခွဲခွာ နေရပြီးနောက် မိသားစုပြန်လည် ဆုံးစည်းရန် စီစဉ်ထားသည့် အတွက် ၎င်းတို့ ၃ ဦးသည် မြန်မာနိုင်ငံ ကမ်းရိုးတန်းမြို့များမှ အကြီးဆုံးမြို့ ဖြစ်သော ရန်ကုန်သို့ အပတ်စဉ် လေကြောင်း ခရီးစဉ်ဖြင့် ပြန်လာကြခြင်း ဖြစ်သည်။
“အဖေက ကျမအတွက် ဖုန်းတလုံးဝယ်ခဲ့မယ် လို့ ပြောတယ်။ အမေက ကျမ ကျောင်းတက်ဖို့ အိတ်တလုံး ဝယ်ခဲ့မယ်လို့ ပြောတယ်” ဟု ယုဇန က ရိုက်တာ သတင်းဌာန၏ ဖုန်းဖြင့် ဆက်သွယ်မေးမြန်းချက်ကို ပြန်ပြောသည်။
ရန်ကုန်မှ ၃၇၂ မိုင် (ကီလိုမီတာ ၆၀၀) ဝေးသော တံငါရွာ ကလေးတွင် ကယ်ဆယ်ရေးသမား များစွာတို့သည် မုန်တိုင်းထန်သော ရာသီဥတုကို အန်တုရင်း စစ်ရေယာဉ် တစင်းပေါ်မှ ပလပ်စတစ် စွပ်ထားသော အလောင်းများကို သယ်ဆောင်ခဲ့ကြ ရသည်။
အချို့အလောင်းများမှာ အပိုင်းပိုင်း ဖြစ်နေပြီး ဆယ်ယူရရှိသူ မည်သူမျှ အသက်ကယ် အင်္ကျီ ဝတ်ဆင်ထားခြင်း မရှိကြဟု ကယ်ဆယ်ရေး လုပ်ငန်း ဆောင်ရွက်နေသော ကိုလှသိန်းက ပြောသည်။
လေယာဉ်ပေါ်တွင် လိုက်ပါသွားသူများ၏ ဆွေမျိုးအချို့မှာ တောင်ပိုင်းကမ်းခြေ မြိတ်မြို့ရှိ စစ်စခန်းမှ အရေးပေါ် အခြေအနေ ကွပ်ကဲရေးရုံးတွင် စောင့်ဆိုင်းနေကြပြီး ငိုကြွေးနေပုံများကို တပ်မတော်က ထုတ်ပြန်သည်။
ရေတပ်သင်္ဘော ၉ စင်း၊ စစ်လေယာဉ် ၅ စင်း၊ ရဟတ်ယာဉ် ၂ စင်းတို့သည် အရပ်သား ရေယာဉ်များ၏ အကူအညီဖြင့် အသက်ရှင် ကျန်ရစ်သူများကို ဆက်လက်ရှာဖွေနေသည် ဟု တပ်မတော်က ကြေညာသည်။
တရုတ်နိုင်ငံလုပ် Y-8-200F သယ်ယူပို့ဆောင်ရေး လေယာဉ်သည် ပျံတက်သွားပြီး ၂၉ မိနစ် အကြာ ထားဝယ်မြို့ အနောက်ဘက် ၄၃ မိုင် (၇၀ ကီလိုမီတာ) အကွာ အန်ဒမန်ပင်လယ်ပြင် အပေါ် အမြင့်ပေ ၁၈၀၀၀ (၅၄၈၅ မီတာ) တွင် အဆက်အသွယ် ပြတ်တောက်သွား သည် ဟု တပ်မတော်က ကြေညာသည်။
ပျောက်ဆုံး လေယာဉ်မှ ဟု ယူဆရသည့် လေယာဉ်ဘီး တလုံး၊ အသက်ကယ်အင်္ကျီ ၂ ထည်နှင့် အဝတ်အစားအိတ် တချို့တို့ကို အစောပိုင်းက တွေ့ရှိခဲ့သည်။
လောင်စာဆီကွက် အချို့ကိုလည် ထားဝယ်မှ ၁၈ မိုင် အကွာတွင် တွေ့ခဲ့သည် ဟု တပ်မတော်က ကြေညာသည်။
လေယာဉ် ပျက်ကျရသည့် အကြောင်းရင်းကို မသိရှိသေးပေ။
ထိုဒေသတွင် ပင်လယ်ပြင် အပူချိန်မှာ နွေးထွေးနေသော်လည်း လေယာဉ်နှင့် အဆက်အသွယ် ပြတ်တောက်ပြီး ၂၄ နာရီ ကြာလျှင် အသက်ရှင် ကျန်ရစ်သူများကို ရှာတွေ့နိုင်ခြေ လွန်စွာ နည်းပါးသွားပြီဟု ဩစတြေးလျ အနောက်ပိုင်း တက္ကသိုလ်မှ ပင်လယ်သမုဒ္ဒရာရေးရာ ကျွမ်းကျင်သူ ချာရီသာပက်တီယာရက်ချီ (Charitha Pattiaratchi) က ပြောသည်။
မြန်မာ အာဏာပိုင်များသည် ကယ်ဆယ်ရေး လုပ်ငန်းထက် အပျက်အစီး ရှာဖွေပြီး လေယာဉ် ပျက်ကျရခြင်း အကြောင်းရင်းကို စုံစမ်းစစ်ဆေးရန် ဆယ်ယူရေး လုပ်ငန်းကိုသာ လုပ်ဆောင်ရဖွယ်ရှိသည် ဟု ၎င်းက ဆက်ပြောသည်။
ထိုလေယာဉ်သည် လူ ၁၂၂ ဦး သယ်ဆောင်ထားပြီး ဝန်ထမ်း ၁၄ ဦးနှင့် စစ်သားများနှင့် ၎င်းတို့၏ မိသားစု ၁၀၈ ဦး သယ်ဆောင်လာခြင်း ဖြစ်သည်။ ထို ၁၀၈ ဦးတွင် ကလေး ၁၅ ဦး၊ လူကြီး ၅၈ ဦး၊ စစ်မှုထမ်း ၃၅ ဦးပါဝင်သည်။
လေယာဉ်ကို ပျံသန်းချိန် ၃၁၆၂ နာရီရှိ အတွေ့အကြုံရှိ ဝါရင့်လေယာဉ်မှှူး ဒုဗိုလ်မှူးကြီး ငြိမ်းချမ်း က တွဲဘက်လေယာဉ်မှူး ၂ ဦး၊ ပျံသန်းရေး အင်ဂျင်နီယာတဦးတို့နှင့် အတူမောင်းနှင်ခဲ့သည် ဟု တပ်က ကြေညာသည်။
စစ်မှုထမ်းများမှာ အောက်ခြေနှင့် အလတ်တန်းအရာရှိများ ဖြစ်ကြောင်း တပ်က ထုတ်ပြန်သည့် ခရီးသည် စာရင်းအရ သိရသည်။
ယခုအချိန်သည် မြန်မာနိုင်ငံတွင် မိုးရာသီ ဖြစ်သော်လည်း လေယာဉ်ပျံတက်သည့် အချိန်တွင် ရာသီဥတုမှာ ပုံမှန်ဖြစ်ပြီး မြင်နိုင်စွမ်းလည်း ကောင်းနေသည် ဟု မြို့ပြလေကြောင်း အရာရှိများက ပြောသည်။
၂၀၁၆ ခုနှစ် မတ်လက ဝယ်ယူခဲ့သော ထိုလေယာဉ်သည် ပျံသန်းချိန် ၈၀၉ နာရီရှိပြီး ပစ္စည်းအလေးချိန် ၂ ဒသမ ၄ တန် ငယ်ဆောင်ထားသည် ဟု တပ်က ကြေညာသည်။
တရုတ်ဘာသာဖြင့် “ဝေဟင် ကုလားအုတ်” ဟု ခေါ်သော ထိုလေယာဉ် ဘက်စုံသုံး လေယာဉ်ဖြစ်ပြီး ၁၉၈၀ ခုနှစ်က ထုတ်လုပ်မှု အတည်ပြုချက် ရခဲ့သည်။ တရုတ်နိုင်ငံပိုင် Aviation Industry Corp ၏ လုပ်ငန်းခွဲ Shaanxi Aircraft Corporation က ယခုတိုင် ဆက်လက် ထုတ်လုပ်နေသည်။ ထိုအင်ဂျင် ၄ လုံးတပ် တာဗိုလေယာဉ်များကို တရုတ်နှင့် ဆူဒန်အပါအဝင် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် သုံးကြသည်။
အကယ်၍ လိုက်ပါသွားသူ ၁၂၂ ဦးလုံး သေဆုံးခဲ့ပါက ထိုအမျိုးအစား လေယာဉ်ပျက်ရာတွင် အသေအပျောက် အများဆုံး ဖြစ်နိုင်သည် ဟု ဘေကျင်း အခြေစိုက် Aerospace Knowledge မဂ္ဂဇင်း အယ်ဒီတာ ချန်ရှောင် က ပြောသည်။
စစ်ဘက် အရပ်ဘက် လေယာဉ် မတော်တဆမှုများမှာ မြန်မာနိုင်ငံတွင် ရှားပါးလှသည်တော့ မဟုတ်ပေ။
လွန်ခဲ့သော ဇွန်လက မြန်မာနိုင်ငံ အလယ်ပိုင်းတွင် စစ်ရဟတ်ယာဉ် တစင်း ပျက်ကျပြီး စစ်သား ၃ ဦးသေဆုံးသည်။ လွန်ခဲ့သောနှစ် ဖေဖေါ်ဝါရီလကလည်း နေပြည်တော်တွင် လေတပ် လေယာဉ်ပျက်ကျပြီး စစ်သား ၅ ဦး သေဆုံးသည် ဟု သတင်များတွင် ဖော်ပြသည်။
“စစ်ဘက်ဖြစ်ဖြစ်၊ အရပ်ဘက်ဖြစ်ဖြစ် အခြေခံ အဆောက်အအုံပိုင်း၊ လေယာဉ်အုပ်စု အပိုင်း၊ လေ့ကျင့်မှုပိုင်း၊ နည်းပညာပိုင်း၊ ပစ္စည်း ကိရိယာပိုင်းတွေ အရ အကြီးအကျယ် ပြင်ဆင်ဖို့ လိုနေတယ်” ဟု မလေးရှား အခြေစိုက် Endau Analytics အတိုင်ပင်ခံ လုပ်ငန်းကို တည်ထောင်သူနှင့် လေကြောင်း ကျွမ်းကျင်သူ ဆူခေါ်ယူစွတ် က ပြောသည်။