၂၁၀၇ ခုနှစ် နှစ်ဝက်စာရင်းအရ လူကုန်ကူးခံရသူ ၁၃၄ ဦးကို ဖော်ထုတ် ကယ်တင်နိုင်ခဲ့ပြီး ၎င်းတို့အနက် အများစုသည် မိမိသဘောဆန္ဒအလျောက် တရုတ်နိုင်ငံသို့ရောင်းစားခံကြသူများ ဖြစ်သည်ဟု မြန်မာနိုင်ငံ လူကုန်ကူးမှု တားဆီး နှိမ်နင်းရေး ရဲတပ်ဖွဲ့ မှ ဒုရဲမှူးကြီး သက်နောင်က ပြောသည်။
ဒုရဲမှူးကြီး သက်အောင်က “ တရုတ်နိုင်ငံသားက မြန်မာပြည်လာပြီး လက်ထပ်ပြီးတော့ တရားဝင် ခေါ်သွားတယ် ။ ဒါဖြေရှင်းနည်း မှားနေတယ်။ ရိုးရိုးသားသားကို လိမ်ပြီး ခေါ်သွားတာလည်းရှိတယ်။ ဒါပေမယ့် သဘောတူပြီး လိုက်သွားတာမျိုးတွေက ပိုများနေတယ်။
“တရုတ်ဘက်မှာကျတော့ အခက်အခဲတွေ ရှိနေသေးတယ်။ သူ့နိုင်ငံနဲ့ ကိုယ့်နိုင်ငံ ဥပဒေမတူတဲ့ ကိစ္စရပ်တွေ။ နောက်ပြီး တော့ တရုတ်နိုင်ငံက အရမ်းကျယ်တဲ့ အခါကျတော့ ကျနော်တို့ နိုင်ငံက လူကုန်ကူး ခံရသူတွေက တရုတ်နိုင်ငံ အနှံ့အပြား ကို ရောက်တဲ့အခါမှာ သူတို့ဘက်ကလည်း ရှာရဖွေရခက်တဲ့ ကိစ္စရပ်တွေ ရှိနေသေးတယ် ” ဟု ပြောသည်။
လက်ရှိ အစိုးရလက်ထက်တွင် ထိုင်းနိုင်ငံနှင့် ပတ်သက်သည့် လူကုန်ကူးမှု ပြဿနာများကို များစွာ လျှော့ချ တားဆီး နိုင်ခဲ့သော်လည်း တရုတ်ပြည်နှင့် ပတ်သက်သည့် အမှုများကို ဖြေရှင်းရန် အခက်အခဲများရှိနေသေးကြောင်း၊ တရုတ် အမျိုးသားများဖြင့် လက်ထပ်ရန် ရောင်းစားခံကြရသူများသည် အချိန်ကာလ ၃နှစ်နှင့် ရင်သွေးတယောက် ရသည်အထိ ပေါင်းသင်းရပြီး ထိုကာလအတွက် ပေါက်ဈေးငွေ ကျပ် ၁၀သိန်း ရရှိကြောင်း ၎င်းက ရှင်းပြသည်။
ဇွန်လ ၉ရက်နေ့က နေပြည်တော် ရှိ Horizon Hotel တွင် ၉ ကြိမ်မြောက် ပြုလုပ်ခဲ့သည့် လူကုန်ကူးခံရသူများအား စွမ်းရည်မြှင့်တင်ပေးခြင်းနှင့် တွေ့ဆုံ ဆွေးနွေးပွဲ အစီအစဉ်တွင် ယခုကဲ့သို့ပြောကြားခဲ့ခြင်း ဖြစ်သည်။
ထိုဆွေးနွေးပွဲသို့ တက်ရောက်လာသည့် လူကုန်ကူးခံရပြီး ပြန်လည်လွတ်မြောက်လာသူ တဦးက “ တရုတ်ပြည်ဘက်ကို ရောင်းစားခံကြရတာတွေက ကလေးတယောက် မွေးပြီး ထားခဲ့ရင် ၁၀သိန်းရတယ် ။ သူပြန်လာခွင့် ရ၊ မရ ဆိုတာတော့ သူ့ကံပေါ်မှာပဲ မူတည်နေတာမျိုးတွေ ဖြစ်ကုန်တယ် ။ မြန်မာနိုင်ငံမှာ တရားဝင် ဇနီးမယားအဖြစ် လက်ထပ်ပြီးမှ ပါသွား တယ်။ ဟိုရောက်မှ နောက်တဆင့် ရောင်းစားခံရတာမျိုးတွေ များနေတယ် ” ဟု ပြောသည်။
ဆွေးနွေးပွဲသို့တက်ရောက်လာကြသူများက တရုတ်နိုင်ငံနှင့် ပတ်သက်သည့် လူကုန်ကူးမှု ပြဿနာများကို ဖြေရှင်းရန် နှစ် နိုင်ငံ မတူညီသည့် ဥပဒေများကို အဓိက ပြင်ဆင်ရန်၊ အိမ်နီးချင်းနိုင်ငံများအနက် တရုတ်နိုင်ငံနှင့် ဆက်စပ်ဖြစ်ပွားလေ့ရှိ သည့် အဓမ္မထိမ်းမြား လက်ထပ်မှု ပြဿနာကို ဖြေရှင်းရန် လိုအပ်သကဲ့သို့ ထိုင်းနိုင်ငံနှင့် ဆက်စပ် ဖြစ်ပွားလေ့ ရှိသော အလုပ်သမားပြဿနာမှ စတင်သည့် လူကုန်ကူးမှု ပြဿနာများကိုလည်း အလေးထား ဖြေရှင်းရန် လိုအပ်ကြောင်း တင်ပြခဲ့ သည်ဟု ၎င်းက ဆက်လက်ပြောသည်။
တရုတ်နိုင်ငံသည် မြန်မာနိုင်ငံမှ အမျိုးသမီးများကိုသာ ယခုကဲ့သို့ အဓမ္မ ထိမ်းမြားလက်ထပ်သည့် အမှုမျိုး ကျူးလွန်ခြင်း မဟုတ်ဘဲ ဗီယက်နမ် ၊ လာအို စသည့် အိမ်နီးချင်းဖွံ့ဖြိုးဆဲနိုင်ငံများမှ အမျိုးသမီးများကိုလည်း ယခုကဲ့သို့ ကျူးလွန်ခြင်း များ ရှိကြောင်း သိရသည်။