စစ်ကိုင်းတိုင်း ဒေသကြီး၊ ကသာအကျဉ်းထောင်သို့ ရောက်ရှိပြီး ၂ ရက်အကြာတွင် သေဆုံးသွားသည့် အချုပ်သား သေဆုံးမှုနှင့် ပတ်သက်ပြီး အမှုမှန်ဖော်ထုတ်ပေးရန် တောင်းဆိုရာမှ ထောင်ဆူပူမှု ဇွန်လ ၇ ရက်က ဖြစ်ပွားခဲ့ကြောင်း အကျဉ်းဦးစီးဌာန (နေပြည်တော်)က ပြောသည်။
သေဆုံးသွားသည့် အချုပ်သားကိုဇွဲမော်ဦး (ခ) ခေါင်းကြီးသည် ၎င်း၏သူငယ်ချင်းဖြစ်သူ မိန်းမခိုးပြေးရာတွင် အဖော်လိုက်ပါခဲ့ရာမှ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၆၆/၁၁၄ (မိန်းမသွေးဆောင် ခိုးယူရာတွင် ကြံရာပါမှု) ဖြင့် ဇွန်လ ၅ ရက်က အမှုဖွင့်ဖမ်းဆီးခံရကာ အကျဉ်းထောင်သို့ ပို့ဆောင်ခံရပြီး အမှုရင်ဆိုင်နေဆဲတွင် အချုပ်တန်းစီး၏ ရိုက်နှက်မှုကြောင့် သေဆုံးသွားသည်ဟုဆိုပြီး အကျဉ်းသား ၃၀ ဦးခန့်က အမှုမှန်ဖော်ထုတ်ပေးရန် တောင်းဆိုခြင်း ဖြစ်သည်။
ထိုဖြစ်စဉ်နှင့် ပတ်သက်ပြီး အကျဉ်းဦးစီးဌာန (နေပြည်တော်) ပြောရေးဆိုခွင့်ရှိသူ ဦးမင်းထွန်းစိုးက “သေဆုံးမှု ဖြစ်တာကတပိုင်း ဆူပူတာက တပိုင်းပါ။ အခုဆူပူတဲ့သူတွေကို အမှုထပ်မဖွင့်ဘဲ ထိန်းသိမ်းဆောင်ရွက်ခဲ့ပါတယ်”ဟု ပြောသည်။
အကျဉ်းထောင်ဆူပူမှုနှင့် ပတ်သက်၍ ဦးဆောင်သူ အပါအဝင် ၆ ဦးကို ထောင်ပြောင်းခဲ့ပြီး၊ ရွှေဘိုထောင်သို့ ၃ ဦးနှင့် မုံရွာထောင်သို့ ၃ ဦး ရွေ့ပြောင်းခဲ့ကြောင်း ဦးမင်းထွန်းစိုးက ဆက်ပြောသည်။
သေဆုံးသွားသူ ကိုဇွဲမော်ဦးသည် ထောင်အချုပ်အတွင်း အရက်မသောက်ရသဖြင့် ဂနာမငြိမ်ဖြစ်ပြီး အခြားသူများအပေါ် အနှောက်အယှက် ဖြစ်စေသဖြင့် အချုပ်တန်းစီးဖြစ်သူက ရိုက်နှက်ဆုံးမမှု ရှိခဲ့ကြောင်းနှင့် ဇွန်လ ၇ ရက် မနက် ၅ နာရီခန့်တွင် ၎င်းသေဆုံးခဲ့ခြင်းဖြစ်ကြောင်း ကသာမြို့နယ်ရဲတပ်ဖွဲ့က ပြောဆိုသည်။
ကသာမြို့နယ် ဆေးရုံအုပ်ကြီး ဒေါက်တာဝဏ္ဏသောင်း၏ ရင်ခွဲစစ်ဆေးချက်တွင် သေဆုံးသူတွင် နှလုံးကြွက် သားရောင်ခြင်း၊ ဦးနှောက်အမြှေးရောင်ခြင်း၊ အသဲကြီးခြင်းနှင့် နာတာရှည်ရောဂါများ တွေ့ရှိရကြောင်း၊ ရိုက် နှက်မှုကြောင့် ပြင်ပဒဏ်ရာဖြင့် သေဆုံးနိုင်သည့် ဒဏ်ရာများ မတွေ့ရှိရကြောင်း ဖော်ပြထားသည်ဟု တိုင်း လွှတ်တော်ကိုယ်စားလှယ် ဦးညီညီထွန်းက ပြောသည်။
ထို့အပြင် သေဆုံးသူ၏ လက်ကောက်ဝတ်နှင့် ပုခုံးနှစ်ဖက်တွင်လည်း ညိုမဲစွဲသည့် ဒဏ်ရာများတွေ့ရကြောင်း ဆေးစာတွင် ဖော်ပြထားသည်ဟု ၎င်းက ဆက်ပြောသည်။
ကသာမြို့နယ်ရဲတပ်ဖွဲ့က သေဆုံးသူကို ရိုက်နှက်ခဲ့သည့် တန်းစီးအုန်းလွင်ဆိုသူကို စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ခဲ့သော်လည်း ဆေးစစ်ချက်တွင် ရိုက်နှက်ဒဏ်ရာကြောင့် သေဆုံးနိုင်ချေ မရှိကြောင်း ဖော်ပြထားသဖြင့် ထပ်မံအမှုဖွင့်ထားခြင်း မရှိကြောင်း ကသာမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်အောင်က ပြောသည်။
ကိုဇွဲမော်ဦး သေဆုံးမှုနှင့် ပတ်သက်ပြီး ကသာမြို့နယ်ရဲစခန်းက သေမှုသေခင်း အမှတ်စဉ် ၁၀ ဖြင့် အမှုဖွင့် ဆောင်ရွက်နေကြောင်း သိရသည်။
သေဆုံးသူ ကိုဇွဲမော်ဦး၏သူငယ်ချင်း ခိုးယူခဲ့သည့်မိန်းကလေးမှာ ရဲဒုတပ်ကြပ်တဦး၏သမီးဖြစ်ပြီး မိန်းကလေး၏ မိခင်ဖြစ်သူက တိုင်ကြားခဲ့ရာမှ ခိုးယူပေါင်းသင်းသူနှင့် အပေါင်းပါ ကိုဇွဲမော်ဦးအပါအဝင် အခြားသူငယ်ချင်းတဦးကိုပါ အမှုဖွင့်ခဲ့ပြီး ကသာအကျဉ်းထောင် အချုပ်တွင်ဖမ်းထိန်းသိမ်း၍ ၎င်းတို့ကို မြို့နယ်တရားရုံး၌ အမှုစစ်ဆေးနေခြင်း ဖြစ်သည်။
အကျဉ်းထောင်အတွင်း သေဆုံးမှုအပေါ် ဒေသခံများက ဝေဖန်ပြောဆိုကြသည့်အတွက် ကသာမြို့နယ် ရဲစခန်းမှ တာဝန်ရှိသူများ၊ ထောင်မှူးကြီးနှင့် တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးညီညီထွန်းတို့က ယနေ့တွင် သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ကြောင်း သိရသည်။