ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် စစ်ဘေးရှောင်ဒုက္ခသည်များ ဖြစ်နေသည့် ပြည်သူလူထု များ၏ စားဝတ်နေရေးကို နိုင်ငံတော်အစိုးရက တာဝန်ယူပေးရန် ပြည်တွင်းနှင့် ပြည်ပရောက် ကချင်ပြည်သူလူထု များက တောင်းဆိုလိုက်သည်။
ယနေ့ ဇွန်လ ၉ ရက်တွင် ကချင်ပြည်နယ်တွင်း တကျော့ပြန်တိုက်ပွဲများ ဖြစ်ပွားသည်မှာ ၆ နှစ်ပြည့်ပြီ ဖြစ်ပြီး ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် ဆုတောင်းအခမ်းအနားပြုလုပ်ခြင်း၊ ဂျပန်နိုင်ငံ တိုကျိုမြို့တွင် ဆန္ဒပြခြင်းများ ပြုလုပ်ခဲ့ပြီးနောက် ပြည်တွင်းနှင့်ပြည်ပရောက် ကချင်လူမျိုးများစုဖွဲ့ထားသည့် “Kachin Global Action”တို့မှ တောင်းဆိုလိုက်ခြင်း ဖြစ်သည်။
ဂျပန်နိုင်ငံ၊ တိုကျိုမြို့တွင် ဂျပန်ရောက် ကချင်၊ ရခိုင်၊ တအာင်း(ပလောင်) လူမျိုးများက မြန်မာနိုင်ငံ သံရုံးရှေ့တွင် စုဝေးပြီး ဆန္ဒထုတ်ဖော်ကာ “မြန်မာ့တပ်မတော်မှ လူထုအား မတရားသတ်ဖြတ်နေမှု ချက်ချင်းရပ် ချက်ချင်းရပ်၊ နိုင်ငံတော် အစိုးရမှ စစ်ရှောင်ပြည်သူများအား ကူညီပေးရေး တို့အရေး တို့အရေး” ဟု အော်ဟစ်ကာ တောင်းဆိုခဲ့ကြသည်။
Kachin Global Actionမှ ပြောရေးဆိုခွင့်ရှိသူ ဒေါ်လဘန်ခွန်ဂျာက “စစ်ဘေးရှောင် ဒုက္ခသည် ဆိုတာက ကိုယ့်ဆုံးဖြတ်ချက်နဲ့ ကိုယ်ဖြစ်လာတာ မဟုတ်ဘူး။ နိုင်ငံတော်ရဲ့ ဆံုံးဖြတ်ချက်ကြောင့် ဖြစ်လာတာဖြစ်လို့ သူတို့ အရေးအရာကို ကိုင်တွယ်ဖြေရှင်းပေးဖို့က နိုင်ငံတော်အစိုးရမှာ တာဝန်ရှိပါတယ်။ ၂၀၁၁ ကနေ ၂၀၁၇ ရောက်ပြီ။ နိုင်ငံတော်ဘတ်ဂျက်ကနေ ကျခံသုံးစွဲထားတယ်ဆိုတာ မရှိဘူး။”ဟု ပြောသည်။
ကချင်ပြည်နယ်အတွင်းရှိ စစ်ရှောင်များကို ကမ္ဘာ့ကုလသမဂ္ဂ (UN) က ပြည်တွင်းအခြေစိုက် အရပ်ဘက် အဖွဲ့အစည်းများမှ တဆင့် ထောက်ပံ့နေပြီး ၂၀၁၅ ခုနှစ်၊ နှစ်ကုန်မှစ၍ UN က ရိက္ခာများ၊ ထောက်ပံ့မှုများ ၅၀ ရာခိုင်နှုန်းမှ ၆၀ ရာခိုင်နှုန်းထိ လျော့ချလိုက်သည်။ ပျမ်းမျှအားဖြင့် စစ်ရှောင်များမှာ ယခင်ထောက်ပံ့မှုများနှင့် နှိုင်းယှဉ်လျှင် ၃၆ ရာခိုင်နှုန်းခန့်သာ ထောက်ပံ့မှု ရကြောင်း သိရသည်။
ဒေါ်ခွန်ဂျာက “ဥပမာ ကျောင်းသားတယောက်က ဗလာစာအုပ် ၃ အုပ်သုံးရမယ် ဆိုရင် ၁ အုပ်ပဲ သုံးလို့ ရတော့တယ်။ ထမင်း ၃ နပ်စားရမယ်ဆို ၁ နပ်ပဲ စားရတာနဲ့ တူနေတယ်။ တနှစ်မှာ အကျီၤ ၃ ထည်ဝတ် ရမယ်ဆိုရင် ၁ ထည်ပဲ ဝတ်ရတာနဲ့ တူနေပါတယ်။ ဒါက ကျန်းမာရေး၊ ပညာရေး၊ ဖွံ့ဖြိုး တိုးတက်ရေး နေရာတကာမှာ ထိခိုက်ပါတယ်” ဟု ပြောသည်။
ဗန်းမော်မြို့၊ စစ်ဘေးရှောင်စခန်းတွင် နေထိုင်သည့် ဒေါ်ရွယ်တောင်က စားနပ်ရိက္ခာ ရရှိမှု လျော့ကျသွား သဖြင့် ၎င်းတို့ မိသားစုဝင်များမှာ နေ့ခင်းပိုင်းတွင် စခန်းများမှ ထွက်၍ ကြုံရာကျပန်း နေ့စားအလုပ်များ ကို လုပ်ကိုင်နေရသည်ဟု ဆိုသည်။
“ကျမတို့ အလုပ်လုပ်ရတာကို မညည်းညူပါဘူး။ ဒါပေမယ့် ကျပန်းအလုပ်က မလွယ်ဘူး။ မြို့ပေါ်မှာ ကျမတို့လို စစ်ရှောင်တွေအတွက် အလုပ်ရှားတယ်။ ကျမတို့က ကိုယ့်အိမ်ပြန်လည်း မလုံခြုံသလို အလုပ် လုပ်ဖို့လည်း အခက်အခဲရှိတယ်။ ဖြစ်နိုင်ရင်တော့ အစိုးရဆီက အကူအညီကိုလည်း လိုချင်ပါတယ်။ ”ဟု ဒေါ်ရွယ်တောင်က ပြောသည်။
ဇွန်လပထမပတ်က ဗန်းမော်ခရိုင်၊ မန်စီမြို့နယ်အတွင်း စားဝတ်နေရေးအတွက် ဝင်ငွေရရန် စစ်ဘေးရှောင် ကချင်အမျိုးသား ၃ ဦး နေ့စား အလုပ်အဖြစ် သစ်သယ်သည့် အလုပ်သွားလုပ်ရာမှ တပ်မတော်က ဖမ်းဆီးမိပြီး သတ်ဖြတ်ခံလိုက်ရသည်။
မြန်မာ၊ အမေရိကန်၊ ဗြိတိန်၊ ဂျပန်၊ ထိုင်း၊ မလေးရှား၊ ဒိန်းမတ် နှင့် ကနေဒါ နိုင်ငံတို့တွင် နေထိုင်သည့် ကချင်လူမျိုးများ ပါဝင်ဖွဲ့စည်းထားသည့် “Kachin Global Action”အဖွဲ့ကလည်း လူသားချင်းစာနာ ထောက်ထားရေး အကူအညီများ လျော့နည်းနေသည့်ကြားက တပ်မတော်သည် စစ်ဘေးရှောင်ပြည်သူများကို အငတ်ထားရန် ရည်ရွယ်ချက်ဖြင့် KIO ထိန်းချုပ်နယ်မြေများကို ပို့ဆောင်ထောက်ပံ့နေသည့် လူသားချင်း စာနာထောက်ထားရေး အကူအညီအားလုံးကို ဖြတ်တောက် တားဆီးရန် အမိန့်ထုတ်ပြန်ခဲ့သည်ဟု ၎င်းတို့ ထုတ်ပြန်ချက်တွင် ရေးသားထားသည်။
“Kachin Global Action”အဖွဲ့၏ ထုတ်ပြန်ချက်တွင် တပ်မတော်မှ ထိုးစစ်ဆင် တိုက်ခိုက်နေခြင်းများကို ရပ်တန့်ပြီး တိုင်းရင်းသား ဒေသ တွင်း ရောက်ရှိနေသည့် တပ်မတော်၊ တပ်ဖွဲ့များ ကို ရုတ်သိမ်းပေးပါဟု လည်း ရေးသားတောင်းဆိုထားသည်။
အဆိုပါ အဖွဲ့သည် အစိုးရနှင့် KIA အကြား အပစ်အခတ်ရပ်စဲရေး ဖြစ်ပေါ်လာစေရန် KIA ပါဝင်သည့် မြောက်ပိုင်းတိုုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ စုပေါင်းထားသည့် နိုင်ငံရေးတောင်းဆိုမှုများကို အစိုးရက လက်ခံပေးရန်၊ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူညီမှုစာချုပ် (NCA) ကို ဆက်လက်အကောင်အထည် ဖော်မည်ဆိုပါကလည်း ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ၏ တောင်းဆိုချက် ၉ ချက်ကို လက်ခံပေးရန် လိုကြောင်း၊ အစိုးရက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ပေးရန်လည်း တောင်းဆိုထားသည်။
ထုတ်ပြန်ချက်ထဲတွင် ကချင်ပြည်နယ်အတွင်း ၆ နှစ်တာ တိုက်ပွဲများ ဖြစ်ပွားနေစဉ် အစိုးရ တပ်မတော် ဘက်မှ ကျူးလွန် ထားသည့် စစ်ရာဇဝတ်မှုများကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှ ဆွေးနွေး ပေးရန်၊ တပ်မတော်မှ ကျူးလွန် ထားသည်ဟု စွပ်စွဲထားသည့် အကြမ်းဖက်မှုများ၊ စစ်ရာဇဝတ်မှုများ၊ လူသား ဖြစ်တည်မှုကို ဆန့်ကျင်သည့် ရာဇဝတ်မှုများကို တပ်မတော်က ကျူးလွန်ခြင်း ဟုတ်၊ မဟုတ်ကို စစ်ဆေးရန် အတည်ပြုရန် အတွက် ဘက်လိုက်မှု ကင်းသည့် လွတ်လပ်သော ကုလသမဂ္ဂ အမှန်တရား ရှာဖွေရေးအဖွဲ့ စေလွှတ်မှုကို နိုင်ငံတကာ အသိုက်အဝန်းက ထောက်ခံပေးရန်ဟုလည်း ရေးသားထားသည်။
ဥရောသမဂ္ဂနှင့် အမေရိကန်ပြည်ထောင်စု တို့ကလည်း မြန်မာနိုင်ငံတွင်း ပြည်တွင်းစစ် ရှိနေဆဲ ကာလတွင် မြန်မာနိုင်ငံနှင့် အစိုးရစစ်တပ်အချင်းချင်း လက်နက်အကူအညီပေးမှုများ မပြုလုပ်ရန်လည်း တောင်းဆိုထားသည်။
လက်ရှိတွင် ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်အတွင်း တပ်မတော်နှင့် ကချင်လွတ်လပ်ရေး တပ်မတော် (KIA) တို့ တိုက်ပွဲများ ဖြစ်ပွားထားပြီး စစ်ရေးတင်းမာနေသည့်အပြင် တပ်မတော်က တရားမဝင် ပယင်း၊ ရွှေမှော်များကို ရှင်းလင်းမည်ဟု ဆိုကာ ဒေသခံများ၊ ရွှေ့ပြောင်းလုပ်သားများကို ပြောင်းရွှေ့ရန် နှင်ထားသဖြင့် လူဦးရေ ၃၀၀၀ ကျော်မှာ တနိုင်းမြို့ပေါ်သို့ ထွက်ပြေးလျက်ရှိသည်။
ကချင်ပြည်နယ်အတွင်း ၂၀၁၁ ခုနှစ်မှစ၍ တပ်မတော်နှင့် KIA တို့အကြား တိုက်ပွဲများကြောင့် စစ်ဘေး ရှောင်နေရသူ တသိန်းခွဲခန့် ရှိသည်။