အစိုးရနှင့် ညီညွှတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) တို့အကြား ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ရေးထိုးရန် အလားအလာ ကောင်းမွန်သော အခြေအနေကို ရောက်ရှိနေပြီဖြစ်ကြောင်း နှစ်ဘက် တာဝန်ရှိသူများက ထုတ်ဖော်ပြောဆိုလိုက်သည်။
ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ ယနေ့ ဇွန်လ ၁၀ ရက်နေ့တွင် အစိုးရဘက်မှ ငြိမ်းချမ်းရေးကော်မရှင် (Peace Commission) နှင့် UNFC က ဖွဲ့စည်းထားသော နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ (DPN) တို့ နှစ်ဘက် တွေ့ဆုံ ညှိနှိုင်းပြီးနောက် သတင်းမီဒီယာများကို ယင်းသို့ ပြောဆိုလိုက်ခြင်းဖြစ်သည်။
DPN ခေါင်းဆောင် ခူဦးရယ် က “ဒီနေ့တွေ့ဆုံမှုကတော့ ကျနော်တို့ နှစ်ဘက်စလုံး ပွင့်ပွင့်လင်းလင်းနဲ့ ရှေ့ဆက်သွားမယ့် ဖြစ်စဉ်တွေအတွက် ကျနော်တို့ နောက်ဆုံးတွေ့ဆုံတဲ့ တွေ့ဆုံပွဲရဲ့ ရလာဒ်ကောင်းလို့ ပြောလို့ရပါတယ်” ဟု သတင်းစာ ရှင်းလင်းပွဲတွင် ပြောဆိုသည်။
NCA လက်မှတ်ရေးထိုးနိုင်ရေး အတွက် ယနေ့ဆွေးနွေးပွဲမှ ရရှိသော ရလာဒ်ကောင်းများသည် “ဝ” ပြည်သွေးစည်း ညီညွှတ်ရေး တပ်မတော် (UWSA) ဦးဆောင်ပြီး တိုင်းရင်းသားလက်နက်ကိုင် ၇ ဖွဲ့ဖြင့် ဖွဲ့စည်းထားသော ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေး ညှိနှိုင်းရေး ကော်မတီ (FPNCC) တွင် ပါဝင်နေသည့် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) နှင့် ရှမ်းပြည်တိုးတက်ရေး ပါတီ (SSPP) တို့နှင့်လည်း သက်ဆိုင်ကြောင်း DPN ဘက်က ပြောသည်။
ငြိမ်းချမ်းရေးကော်မရှင်နှင့် DPN တို့အကြား ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ ဒုတိယ အစည်းအဝေး အပြီး ပထမဆုံး အကြိမ် ပြန်လည်တွေ့ဆုံခြင်းဖြစ်ပြီး NCA ရေးထိုးနိုင်ရေး အတွက် UNFC မှ အဆိုပြုထားသော အချက် ၉ ချက်နှင့် ပတ်သက်ပြီး ထပ်မံဆွေးနွေးခဲ့ကြကြောင်း သိရသည်။
အဆိုပါအချက် ၉ ချက်နှင့်ပတ်သက်ပြီး အတားအဆီး ဖြစ်ခဲ့သော တပ်ပိုင်းဆိုင်ရာ ကိစ္စရပ်မှာလည်း ပြေလည်မှု ရရှိခဲ့သလို အစိုးရက နောက်ထပ် တကြိမ်ကျင်းပမည့် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစုပင်လုံ တတိယအကြိမ် အစည်းအဝေး အတွက်လည်း အလားအလာကောင်း ဖြစ်ကြောင်း အစိုးရ ငြိမ်းချမ်းရေးကော်မရှင် (Peace Commission) အဖွဲ့ဝင် ဦးအောင်စိုး ကလည်း သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုသည်။
ဦးအောင်စိုး က “တင်ပြတဲ့ အချက် ၉ ချက်က ကျနော်တို့ ညှိနှိုင်းခဲ့တာ ၅ ကြိမ်ရှိပါပြီ။ အဲဒီမှာလည်း သဘောထားကွဲလွဲမှု အကြီးအကျယ် မရှိပါဘူး။ စကားလုံး အပြောင်းအလဲလေးတွေပဲ ရှိပါတယ်။ အခုနောက်ဆုံး ဒီနေ့ ညှိနှိုင်းတဲ့ အပေါ်မှာတော့ နောက်ထပ် ၆ ကြိမ်မြောက် တရားဝင် တွေ့တဲ့အချိန်ကြရင် အဖြေကောင်းထွက်မယ်ဆိုတာကို ဒီနေ့ သဘောတူညီချက် ရရှိတဲ့အတွက် အဖြေကောင်း တခုပါပဲ” ဟုဆိုသည်။
NCA လက်မှတ်ရေးထိုးနိုင်ရေး အတွက် အစိုးရ ငြိမ်းချမ်းရေးကော်မရှင် (Peace Commission) နှင့် DPN အဖွဲ့တို့အကြား ဇူလိုင်လဆန်းပိုင်းတွင် ရန်ကုန်မြို့၌ ၆ ကြိမ်မြောက် တရားဝင် တွေ့ဆုံဆွေးနွေးမှုပြုလုပ်ရန် ပြင်ဆင်ထားပြီး ပိုမိုကောင်းမွန်သော ရလဒ်များ ရရှိလိမ့်မည် ဖြစ်ကြောင်း ဦးအောင်စိုးက ဆိုသည်။
“ဆဋ္ဌမ အကြိမ်မှာ နောက်ဆုံး ပြေလည်မှုရမယ်ဆိုတာ ကျနော်တို့ ယုံကြည်ပါတယ်။ ဒီကြားထဲမှာ လိုအပ်ရင် လိုအပ်သလို အခုလို လာရောက်တွေ့ဆုံဖို့ကိုလည်း လူကြီးတွေတင်ပြမယ်။ ဒီအတွက်ကိုလည်း လုပ်နိုင်မယ်ဆိုတာ ကျနော်တို့ ယုံကြည်ပါတယ်” ဟု ဦးအောင်စိုးက ပြောသည်။
အစိုးရထံ အဆိုပြုတင်ပြထားသော အချက်များနှင့် ပတ်သက်၍ သဘောတူညီမှု ရရှိပါက NCA ကို သွားနိုင်ရေးအတွက် ကတိကဝတ် စာချုပ် (Deep of Commitment) ကို အရင်ဆုံး ချုပ်ဆိုသွားမည် ဖြစ်ကြောင်း DPN ခေါင်းဆောင် ခူဦးရယ် ကဆိုသည်။
ခူဦးရယ် က “ကျနော်တို့ အဆိုပြုမှု ၈ ချက်နဲ့ ပတ်သက်ပြီးတော့ သဘောတူ လက်ခံနိုင်တဲ့ အခြေအနေရောက်တယ်ဆိုရင် ကတိ ကဝတ်ပြုတဲ့ အနေနဲ့ပေါ့၊ NCA မထိုးနိုင်ခင်စပ်ကြားမှာ Deep Of Commitment သဘောမျိုး DOC အဖြစ် လက်မှတ် ရေးထိုးမယ်။ ဒီအဆင့်ကို ကျော်လွန်ပြီးမှဘဲ NCA လက်မှတ်ထိုးနိုင်တဲ့ အခြေအနေ အခင်းအကျင်းကို ဆက်လက် ညှိနှိုင်းအဖြေရှာဖို့ ဖြစ်ပါတယ်” ဟု ဆိုသည်။
UNFC အဖွဲ့ဝင်များအား ၂၁ ရာစုပင်လုံ ဒုတိယအစည်းအဝေးသို့ “အထူးဖိတ်ကြားသူ” အနေဖြင့် ဖိတ်ခေါ်ခဲ့သော်လည်း အစိုးရနှင့် ၎င်းတို့အကြား ဆွေးနွေးညှိနှိုင်းနေသည့် အချက် ၉ ချက်ပြေလည်မှု မရသေးသည့်အပြင် “အထူးဖိတ်ကြားသူ” ခေါင်းစဉ်သည် တန်းတူ ဆွေးနွေးခွင့်၊ ဆုံးဖြတ်ခွင့် မရှိဟုဆိုကာ တက်ရောက်ခဲ့ခြင်း မရှိခဲ့ပေ။