ရန်ကုန်တွင် သွေးလွန်တုပ်ကွေးကြောင့် သေဆုံးမှု အမြင့်ဆုံးရောက်ရှိနေ
ရန်ကုန်တိုင်းဒေသကြီးတွင် သွေးလွန်တုပ်ကွေးရောဂါကြောင့် သေဆုံးမှုမှာ ၂၀၁၀ ခုနှစ်မှ ၂၀၁၇ ခုနှစ်အထိ ရှစ်နှစ်တာ အတွင်း အမြင့်ဆုံး ရောက်ရှိနေကြောင်း ရန်ကုန်တိုင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရုံး၌ ယနေ့ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲမှ ထုတ်ပြန်ချက်များ အရ သိရသည်။
“ရန်ကုန်တိုင်းက မြို့ပြများတယ်။ သေတာက မြို့ပြမှာများတယ်။ သွေးလွန်တုပ်ကွေးက ကာကွယ်လို့ပဲ ရတယ်။ ကုသလို့ရတဲ့ဆေး မပေါ်သေးဘူး။ ကာကွယ်လို့ပဲရတော့ ဖြစ်ပြီဆိုရင် ဆေးရုံကို အချိန်မီရောက်ဖို့လိုတယ်။ ဆေးရုံကို ရောက်တိုင်းလည်း အကုန်လုံး အသက်ရှင်မယ်လို့ အာမ မခံဘူး။ လူ ၁၀၀ ဖြစ်ရင် ၁ ယောက်လောက်တော့ သေနိုင်တယ်”ဟု ရန်ကုန်တိုင်းဒေသကြီး ရောဂါနှိမ်နင်းရေးဌာန မှ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာခင်နန်းလုံ က ပြောသည်။
ရန်ကုန်မြို့တွင် ၂၀၁၇ ခုနှစ် အတွင်း သွေးလွန်တုပ်ကွေးဖြစ်ပွားသူ ၁၄၇၇ ဦးအနက် ၈ ဦး သေဆုံးသွားခဲ့ပြီး ပြီးခဲ့သည့် ၂၀၁၆ ခုနှစ်ထက် သေဆုံးမှုနှုန်း ၂ ဆ၊ ဖြစ်ပွားမှုနှုန်း ၅ ဆဖြစ်နေရာ ၂၀၁၀ ခုနှစ်မှစသည့် ၈ နှစ်အတွင်း ဖြစ်ပွားမှုနှုန်းနှင့် သေဆုံးမှုနှုန်း အမြင့်ဆုံး ရောက်ရှိနေခြင်း ဖြစ်သည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း သွေးလွန်တုပ်ကွေး ဖြစ်ပွားမှုနှုန်းမှာ ၂၀၁၀ ခုနှစ်တွင် ဖြစ်ပွားသူ ၉၀၆ ဦး အနက် သေဆုံးသူ ၆ ဦး၊၂၀၁၁ ခုနှစ်တွင် ဖြစ်ပွားသူ ၁၀၂ ဦး၊ ၂၀၁၂ ခုနှစ်တွင် ဖြစ်ပွားသူ ၁၁၇ ဦး၊ ၂၀၁၃ ခုနှစ် တွင် ဖြစ်ပွားသူ ၁၀၁၄ ဦး အနက် သေဆုံးသူ ၅ ဦး၊ ၂၀၁၄ ခုနှစ်တွင် ၄၅၆ ဦးအနက် သေဆုံးသူ ၃ ဦး၊ ၂၀၁၅ တွင် ၉၆၈ ဦးအနက် သေဆုံးသူ ၆ ဦး၊ ၂၀၁၆ ခုနှစ်တွင် ဖြစ်ပွားသူ ၂၈၀ ဦးအနက် သေဆုံးသူ ၄ ဦး ရှိခဲ့ရာ ၂၀၁၇ ခုနှစ်သည် ပြီးခဲ့သည့် ၈ နှစ်တာကာလအတွင်း ဖြစ်ပွားမှုနှုန်း အမြင့်ဆုံး ရှိနေပြီး သေဆုံးသူမှာ ၈ ဦးထိ ရှိနေခြင်းဖြစ်ကြောင်း ပြည်သူ့ကျန်းမာရေး ဦးစီးဌာနက ထုတ်ပြန်သည်။
သွေးလွန်တုပ်ကွေးဖြစ်ပွားမှုများ ရှိနေရာ ခြင်နှိမ်နင်းရေးကို လုပ်ကိုင်ရန် လိုအပ်ပြီး ကျန်းမာရေးဦးစီးဌာနမှ လိုက်လံဖျန်းပေးလေ့ရှိသည့် ခြင် ဆေးမှုတ်ခြင်းထက် မိမိပတ်ဝန်းကျင်တွင် ကိုယ်ထူကိုယ်ထလုပ်ရန် အဆိုပါဌာနက တိုက်တွန်းသည်။
ဒေါက်တာ ခင်နန်းလုံက “အခုက တနိုင်ငံလုံးမှာ မဖြစ်တဲ့ နေရာ မရှိတော့ဘူး။ ခြင်တွေကလည်း အများကြီး ပေါက်နေတယ်။ ခြင်ဆေးမှုတ်တာက ၁ နာရီပဲ ခံတယ်။ ခြင်တွေကလည်း ဆေးယဉ်နေပြီ။ အချို့နိုင်ငံတွေမှာ ခြင်ဆေး မမှုတ် တော့ဘူး။ ဆေးအာနိသင်ကြောင့် ဆေးရဲ့ ဆိုးကျိုးကြောင့် ပတ်ဝန်းကျင် ညစ်ညမ်းပြီး အသက်ရှူလမ်းကြောင်း ရောဂါနဲ့ ပတ်သက်တဲ့ ရောဂါ ဖြစ်နေပါတယ်။ ဒါကြောင့် အဓိက က ကိုယ့်အိမ်မှာ ခြင်၊ လောက်လန်း တကောင် မကျန် နှိမ်နင်းနိုင်ဖို့ လိုတယ်”ဟု ၎င်းက ဆိုသည်။
ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဝင်းလွင် ကလည်း သွေးလွန်တုပ်ကွေး၊ ဇီကာစသည့် ရောဂါအားလုံးမှာ ကူးစက်ပုံနည်းလမ်း တူတူသာဖြစ်ပြီး ခြင်မှ ဗိုင်းရပ်စ်ကူးစက်ခြင်း ဖြစ်သဖြင့် ခြင်မပေါက်ဖွားအောင် စနစ်တကျ ကာကွယ်ရန် လူနေသည့် အိမ်များမှ ခြုံများရှင်းခြင်း၊ ရေအိုင်များ ရှင်းလင်း သန့်စင်ခြင်းမှာ သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးများမှ တဆင့် ဆောင်ရွက်သွားရန်လိုကြောင်း ပြောသည်။
ဒေါက်တာ ဝင်းလွင်က “ခြံတွေ၊ လူမနေတဲ့ အိမ်တွေမှာ ခြုံပုတ်တွေ၊ ပေါင်းပင်တွေ ရှိနေရင် အဲဒါကို သက်ဆိုင်ရာ ပိုင်ရှင်တွေကို ခေါ်ပြီး အုပ်ချုပ်ရေးဆိုင်ရာနည်းလမ်းနဲ့ ဆောင်ရွက်ဖို့ လိုပါတယ်။ လောက်လန်းဘဝမှာ နှိမ်နင်းတာ အကောင်းဆုံးပဲ”ဟု သုံးသပ်သည်။
ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အချက်အလက်များအရ ရန်ကုန်မြို့ရှိ လူဦးရေ ထူထပ်သည့် လှိုင်သာယာမြို့နယ်သည် ဖြစ်ပွားသူအများဆုံးဖြစ်ပြီး ဦးရေ ၂၀၀ ကျော်ရှိကြောင်း၊ တောင်ဒဂုံ၊ ဒလ၊ အရှေ့ဒဂုံ၊ တွံတေးတို့မှာ ဖြစ်ပွားသူ ၁၀၀ နီးပါးဖြင့် အများဆုံး ဖြစ်ပွားသည့် မြို့နယ်စာရင်းတွင် အစဉ်လိုက် ရပ်တည် နေကြောင်း သိရသည်။