တပ်မတော် Y-8 လေယာဉ် တွေ့အောင် ရှာမည်ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ပြော
တနသာင်္ရီတိုင်းဒေသကြီး လောင်းလုံမြို့ အနီးတွင် ဇွန်လ ၇ ရက်နေ့က ပျက်ကျခဲ့သည့် တပ်မတော် ပို့ဆောင်ရေး Y-8 လေယာဉ်ကို တွေ့အောင် ရှာဖွေသွားမည်ဟု တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယနေ့ နေပြည်တော်တိုင်း စစ်ဌာနချုပ်၌ သေဆုံးမိသားစုဝင်များအတွက် အလှူငွေ လက်ခံပွဲအပြီးတွင် သတင်းထောက်များကို ပြောသည်။
“ ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး တော်တော်လေးကို စိတ်မကောင်းဖြစ်ရပါတယ်။ တပ်မတော်ရဲ့သမိုင်းမှာလည်း တခါမှ မရှိပါဘူး။ အဆိုးရွားဆုံးသော ပျက်စီးဆုံးရှုံးမှု ဖြစ်ပါတယ်။ ဘယ်လိုမှကို မမျှော်မှန်းခဲ့ဖူးပါဘူး။ ဒါမျိုး အိပ်မက်တောင် မမက်ခဲ့ဖူးပါဘူး။ တော်တော်ကို ခံစားရပါတယ်။ ကျန်ခဲ့တဲ့ မိသားစုတွေ ရှိပါတယ်။ တချို့ကလည်း မိဘမဲ့သွားတယ်။ သူတို့ရဲ့ ဘဝရပ်တည်ရေးအတွက် ကျနော်တို့ လုပ်သွားရမှာ ဖြစ်ပါတယ်။ ဖြစ်နိုင်ချေကတော့ ရာသီဥတု ကြောင့်ဖြစ်တယ်လို့ ယူဆရပါတယ်။ ဒါပေမယ့် ၁၀၀ ရာခိုင်နှုန်းတော့ မပြောပါဘူး။ စိစစ်နေပါတယ်။ ရှာမှာပါ။ တွေ့အောင်ကို ရှာမှာပါ။ ကိုယ့်ဧရိယာထဲမှာပဲ ရှိနေတဲ့အတွက် မရရအောင် ရှာပါ့မယ်” ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။
လေယာဉ် မတော်တဆ ဖြစ်ပွားချိန်အတွင်း ရေဒါမှတ်တမ်းများကို ပြန်လည် စိစစ်ကြည့်ရာ အမြင့်ပေ ၁၈၀၀၀ တွင် ရှိနေသည့် လေယာဉ်သည် ၁နာရီ ၃၁ မိနစ်တွင် အောက်ဘက်သို့ စတင် ကျဆင်းသွားကြောင်း၊ ထို့နောက်တွင် အပေါ်ဘက်သို့ အနည်းငယ် ပြန်တက်လာသော်လည်း အောက်ဘက်သို့ ပြန်လည် ကျဆင်းသွားသည်ဟု ယုံကြည်ရကြောင်း တပ်မတော်ဘက်က တာဝန်ရှိသူများက သုံးသပ်သည်။
“လေယာဉ်ပျံက အောက်ကို ထိုးကျသွားတာတော့ သေချာပါတယ်။ စစ်ဘက်ရေးရာ လုံခြုံရေး တပ်ဖွဲ့တွေနဲ့ ဒေသခံရဲတွေက မျက်မြင် သက်သေ ရှာတဲ့အခါမှာ ၄ ယောက် တွေ့ပါတယ်။ ၂ ယောက်ကတော့ သူတို့သည် ကျယ်လောင်တဲ့ အသံ ကြားတယ်။ လေယာဉ်ကြီးက ပုံမှန် မဟုတ်ဘူးလို့ ပြောတယ်။ ကျယ်လိုက် တိုးလိုက်နဲ့ နောက်ပိုင်းမှာ ဝုန်းဆိုပြီးတော့ ပျောက်သွားတယ်လို့ ပြောတယ်။ မြင်လားဆိုတော့ မြင်တာတော့ မဟုတ်ဘူး။ သူတို့ အသံကြားရတာကို ပြောတာပါ” ဟု တပ်ချုပ်က ပြောသည်။
ဇွန် ၁၀ ရက်နေ့ အထိ အလောင်း ၃၃ လောင်း ရှာဖွေ တွေ့ရှိခဲ့ရာ အများစုမှာ ဆားငန်ရေကြောင့် ရုပ်ပျက်သွား၍ အလောင်း ၁၄ ခုကိုသာ မည်သူ မည်ဝါ ဖြစ်သည်ဟု ဖော်ထုတ်နိုင်သေးကြောင်း၊ သို့သော် ပေါက်ကွဲ ပျက်စီးကြောင့် သက်သေ မပြနိုင်သေးဘဲ နောက်ဆုံးတွေ့သည့် အလောင်းတွင် အမည်းစက်ကလေးများ ပါလာသဖြင့် ကျန်းမာရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် ပူးပေါင်း ဖော်ထုတ်သွားမည် ဖြစ်ကြောင်း သိရသည်။
လေယာဉ် ဂတ်စ်အိုးပေါက်သည်ဟု ဖော်ပြခဲ့သည့် The Ladies ဂျာနယ်ကို သတိပေးရခြင်းမှာ တပ်မတော်၏ သံသယဖြစ်သူ စာရင်းထဲတွင် မထည့်လို၍ ဖြစ်ကြောင်း၊ ယင်းဂျာနယ်က တပ်မတော်သို့ တောင်းပန်စာတစောင် ပေးပို့ခဲ့ကြောင်းလည်း သိရသည်။
“အဲဒီမှာ တင်တာနဲ့ ကျနော်တို့ ချက်ချင်း သိပါတယ်။ အဲဒီနေ့က တော်တော်နောက်ကျမှ ကျနော် ရုံးဆင်းတာ ဖြစ်ပါတယ်။ တော်တော်မိုးချုပ်မှ ပြန်ဖြစ်တယ်။ အဲဒီမှာ ကျနော့် အဖွဲ့တွေကို ပြောပြတယ်။ ဒီမှာ မဟုတ်တဲ့သတင်း တက်နေတယ်။ ချက်ချင်း လှမ်းပြောပါ။ မဟုတ်ပါဘူး။ မဖြစ်နိုင်ဘူး။ ကွန်ဖန်း မဖြစ်တဲ့ သတင်းပေါ့” ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။
လေယာဉ် ဖြစ်စဉ်နှင့် ပတ်သက်၍ ဇွန်လ ၉ ရက်နေ့က သမ္မတကြီး ဦးထင်ကျော်ထံသို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကိုယ်တိုင် သွားရောက် တင်ပြပြီး ဖြစ်ကြောင်းလည်း သိရသည်။
ယခုအခါ တပ်မတော် (ရေ)၊ တပ်မတော် (လေ)တို့ ပူးပေါင်း၍ ရှာဖွေနေရာ မကြာမီကာလတွင် တွေ့လိမ့်မည်ဟု မျှော်လင့်ကြောင်း၊ တပ်မတော် (ရေ)က နည်းပညာ အကူအညီဖြင် ရှာဖွေနေပြီး လေယာဉ်ပျံ ပျက်ကျသည်ဟု ခန့်မှန်းရသည့် နေရာမှာလည်း ရေ အနက် ၃၅ မီတာသာ ရှိ၍ သိပ်အနက်ကြီး မဟုတ်ကြောင်း တပ်ချုပ်က ပြောသည်။
“ဒီနေရာမှာလည်း ဖြစ်စဉ် ဖြစ်ဖြစ်ချင်းမှာပဲ ဘိတ်ဒေသ ကော့သောင်းဘက်က စက်လှေတွေ အများကြီး တက်လာပါတယ်။ အများကြီး အကူအညီပေးတာ အစီးပေါင်း ၂၀ ကျော် ရှိပါတယ်။ သူတို့ဟာသူတို့ တက်လာကြတာပါ။ အဲဒီနားက နီးစပ်တဲ့ ရွာက လူတွေလည်း လှေတွေနဲ့ ကူရှာပေးကြပါတယ်။ သူတို့ကိုလည်း ကျေးဇူးတင်ကြောင်း ပြောလိုပါတယ်”ဟု တပ်ချုပ်က ပြောသည်။
သို့သော် လေယာဉ်ပျက်ကျမှုအတွက် ဝမ်းသာနေသူများလည်း ရှိသဖြင့် စိတ်မကောင်း ဖြစ်ရကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က ပြောသည်။
“ဒီကြားထဲမှာမှ အမနာပ ပြောတဲ့သူတွေလည်း ရှိပါတယ်။ ကျနော်လည်း စိတ်မကောင်းပါဘူး။ တကယ်တော့ ကျနော်တို့တွေ ခက်ခက်ခဲခဲ လုပ်နေရတဲ့ အနေအထား ဖြစ်ပါတယ်။ ဆုံးသွားတဲ့သူတွေ ဆိုတာလည်း ဘာမှ အပြစ်ရှိတဲ့သူတွေ မဟုတ်ပါဘူး။ ဒီလို အကြောင်း အမျိုးမျိုးကြောင့် သေဆုံးရတာကို ဘာကြောင့်များ ဝမ်းသာလဲဆိုတာ စဉ်းစားလို့ကို မရပါဘူး”ဟု သူက ဆိုသည်။
တပ်မတော် ပို့ဆောင်ရေးလေယာဉ် Y-8 သည် ဇွန်လ ၇ ရက်နေ့က မြိတ်- ရန်ကုန် ခရီးစဉ် ပျံသန်းရင်း လောင်းလုံမြို့အနီး ပျက်ကျခဲ့သည်။