သတင်း

လှည်းကူးရှိ ကျူးကျော်များကို ဖယ်ရှားမှု ဒေသခံ ၅ ဦး ဖမ်းဆီးခံရ

ရန်ကုန်မြို့ လှည်းကူးမြို့နယ် တိုးဂိတ်အနီးက ကျူးကျော်ရွာ အချို့ကို ရဲတပ်ဖွဲ့ အင်အား ၁၈၀ ဝန်းကျင်နဲ့ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနက ခေါ်ထားတဲ့ ရွာသား ၇၀၀ ဝန်းကျင်၊ Company က လူအင်အား ၁၀၀ ဝန်းကျင်နဲ့ စတင် ဖယ်ရှားနေပြီး လတ်တလောမှာ ကျူးကျာ်ဒေသခံ အမျိုးသား ၄ ဦးနဲ့ အမျိုးသမီး ၁ ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပါတယ်။

ကျူးကျာ်ရွာတွေကို ဖယ်ရှားဖို့ ရန်ကုန်တိုင်း အမှတ် ၂ လုံခြုံရေးနဲ့ ကွပ်ကဲရေးမှုး ရဲမှုးချုပ် မြဝင်းက ဦးစီးလုပ်ဆောင်တာ ဖြစ်ပြီး အာဏာပိုင်တွေက ခေါ်ထားတဲ့ ရွာသားတွေကတော့ မနက် ၃ နာရီကတည်းက ရောက်ရှိနေကြပါတယ်။ အဆိုပါနေရာအနီးမှာ အချုပ်ကားတွေလည်း ပြင်ဆင်ထားပြီး အခြားကားတွေလည်း အဝေးပြေးလမ်းမ နံဘေးမှာ ရပ်ထားတာ တွေ့ရပါတယ်။

ကျူးကျော်တဲတွေကို ဖယ်ရှားမှုကို ဦးစီးသူ ရဲမှူးချုပ်မြဝင်းက “ ဘူဒိုဇာနဲ့ ဖျက်မှာ မဟုတ်ဘူးလေ။ အဲဒါတွေလိုတာပေါ့။ ဒီအစိုးရက ဘော်ဒူဇာအစိုးရမဟုတ်ဘူး။ ဒီမိုကရေစီအစိုးရပါ။ အားလုံးပွင့်လင်း မြင်သာအောင်ဆောင်ရွက်သွားမယ်။ တလကြာရင် ကြာမယ်။၂ လ ကြာရင် ကြာမယ်။ ဖြေးဖြေးချင်းနဲ့ တောက်လျှောက်ဖျက်မယ်” လို့ ဆိုပါတယ်။

ဆက်လက်၍ သူက “ရန်ပြုသူ မှန်သမျှကို အရေးယူသွားမယ်။ ဆဲဆိုသူတွေကိုလည်း ဆဲတဲ့အလျှောက် အရေးယူမယ်။ အချုပ်ကားတွေလည်း ပြင်ထားတယ်” လို့ ဧရာဝတီကို ပြောပါတယ်။

လှည်းကူးတိုးဂိတ်အနီး ကျူးကျာ်ရွာများကို ဖယ်ရှားရန် ပြင်ဆင်နေစဉ်
အာဏာပိုင်တွေ ဖယ်ရှားမယ့် ကျူးကျော်ရွာတွေဟာ လှည်းကူး တိုးဂိတ်အနီး ၃ မိုင် ၁ ဖာလုံကနေ ၅ မိုင် ၃ ဖာလုံထိ စုစုပေါင်း ၅ ရွာခန့်ရှိပြီး အိမ်ခြေ ၂၀၀၀၀ ဝန်းကျင်ရှိပါတယ်။ လတ်တလောမှာ ကျောက်အိုင် ကျေးရွာဘေးနား တလျောက်က ကျူးကျော်တဲတွေကို စတင်ဖယ်ရှားမယ်လို့ သိရပါတယ်။ အဆိုပါ နေရာကို ၂၀၁၅ ခုနှစ်က တကြိမ် စက်ယန္တရားကြီးတွေနဲ့ ဖျက်ဆီးခဲ့ပေမယ့်လည်း နောက်ပိုင်းမှာ ပြန်လည်နေထိုင်သူတွေရှိလာတာဖြစ်တယ်လို့ သိရပါတယ်။ အဲဒီနေရာတွေက နိုင်ငံတော်ပိုင်မြေဖြစ်တယ်လို့လည်း သိရပါတယ်။

ရန်ကုန်တိုင်း မြို့ပြအိမ်ယာနဲ့ အဆောက်အအုံဦးစီးဌာနရဲ့ တာဝန်ရှိသူက ” ၃ မိုင် ၄ ဖာလုံနဲ့ ၅ မိုင် ၃ ဖာလုံကြားက မြေတွေက အစိုးရပိုင်မြေတွေ ဖြစ်တယ်။ ၁၄၅၃ ဧကပေါ်မှာ နိုင်ငံတော်အဆင့်မြင့်စီမံကိန်းဆောက်မယ်” လို့ ဆိုပါတယ်။

ကျူးတွေ ဖျက်သိမ်းဖို့ အတွက် အာဏပိုင်ရဲတွေက အရပ်သား ၁၀၀၀ ကျော်ခန့်ကို ဓါး၊ ပုဆိန်၊ တူရွင်းတွေ ကိုင်ဆောင်ခွင့်ပေးထားတာ တွေ့ရပါတယ်။ လိုက်ပါလာတဲ့ ရွာသားတချို့ကို ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေက ထွေအုပ်က လူစုခိုင်းကာ တရွာကို ၁၅ ယောက်ကနေ ၂၀ ထိ လာကြတယ်လို့ သိရပါတယ်။

အဆိုပါ မြေနေရာတွေမှာ ဆောက်လုပ်ရေးဝန်ကြီးဌာနနဲ့ မြို့ပြနှင့်အိမ်ယာဦးစီးဌာနတို့ ပူးပေါင်းပြီး စီမံကိန်း ဆောင်ရွက်မှာ ဖြစ်ပြီး အိမ်ရာများ၊ နိုင်ငံတကာ အဆင့်မီ တက္ကသိုလ်၊ ကျောင်း၊ ဆေးရုံ၊ ဂေါက်ကွင်း၊ ပန်းခြံနဲ့ အပန်းဖြေ စခန်းတွေ ပါဝင်မယ်လို့သိရပြီး စီမံကိန်းစတင်မယ့် ကာလကိုတော့ ထုတ်ပြန်ပြောကြားခြင်းမရှိသေးပါ။

လှည်းကူးမြို့နယ်ရှိ ကျူးကျော်နေထိုင်သူတွေကို ဖယ်ရှားမှုဟာ NLD အစိုးရလက်ထက်မှာ ပထမဆုံးအကြိမ် လုပ်ဆောင်တာဖြစ်ပါတယ်။

Loading