သက်တမ်း နှစ်ပေါင်း ၉၉ သန်းရှိသော ၃ လက်မအရွယ် မြန်မာ့ပယင်းထဲတွင် ဒိုင်နိုဆောခေတ်မှ ငှက်ငယ်တကောင်လုံး၏ ရုပ်ကြွင်းကို ရှာဖွေတွေ့ရှိခဲ့ကြောင်း သုတေသန ဂျာနယ် Gondwana Research တွင် သိပ္ပံပညာရှင်များက ရေးသားခဲ့သည်။
လည်ပင်းရိုးများ၊ ခြေသည်းများ၊ အတောင်ပံတဖက်နှင့် သွားများပါဝင်သော မေးရိုးများ ပါဝင်တွေ့ရှိခဲ့သော ထိုငှက်သည် မျိုးတုန်းပျောက်ကွယ်သွားသော Enantiornithes အုပ်စုဝင်ဖြစ်သည်ဟု သိပ္ပံပညာရှင်များက သတ်မှတ်ပြီး ထိုရှာဖွေတွေ့ရှိမှုကို ပြီးခဲ့သည့်အပတ်က ဖော်ပြခဲ့သည်။
ထိုငှက်သည် ငယ်ငယ်ရွယ်ရွယ်သေဆုံးပြီး သစ်စေးရည်အတွင်း ကျသွားခဲ့ကြောင်း၊ ထိုငှက်သည် ပထမအကြိမ် ငှက်မွေးလဲချိန် တဝက်ခန့်တွင် သေဆုံးပြီး ဥမှ ထွက်ပြီး ရက်အနည်းငယ်အတွင်း သေဆုံးရကြောင်း တွေ့ရှိမှုက ပြသနေသည်ဟု သိပ္ပံပညာရှင်များက ရေးသည်။

ယနေ့ခေတ် ကြင်နာတတ်သောငှက်များနှင့်မတူ Enantiornithes ငှက်တို့သည် မိဘများ၏စောင့်ရှောက်မှု အနည်းငယ် သာ ရရှိကြကြောင်း အထောက်အထားများက ပြသနေကြောင်း ဆိုသည်။ ထိုရှေးဟောင်းငှက်များသည် မြေကြီးပေါ်တွင်သာ ပေါက်ဖွားပြီး အခြား တိရစ္ဆာန်များ စားသောက်ခြင်းမခံရစေရန် သစ်ပင်များကြားတွင် ခုန်ပြေးကြရသောကြောင့် ပယင်းကျောက် ဖြစ်ပေါ်လာစေသည့် သစ်စေးရည်တွင် မကြာခဏဆိုသလို ကပ်တွယ်မိတတ်သည်ဟု ကနေဒါနိုင်ငံ Royal Saskatchewan Museum ပြတိုက်မှ ရှေးဟောင်းသုတေသနပညာရှင် မက်ကဲလားက ပြောသည်။ သို့သော် ယခု ကျောက်ဖြစ်ရုပ်ကြွင်းမှာ ယခင် တွေ့ရှိခဲ့သော အစအနများထက် များစွာ ပိုမိုကျယ်ပြန့်သည်။
ကျောက်အတွင်းငုံထားသော ငှက်ငယ်တွင် မျက်ခွံ၊ နား၏ အပြင်ဘက် အပေါက်၀ စသည့် အသေးစိတ်များအထိ ပါဝင် သည်။ ကျောက်မဖြစ်မီက သစ်စေးရည်အတွင်း ရုန်းကန်ထားသည့် လက္ခဏာကို မတွေ့ရပေ။
နှစ်ပေါင်း ၉၉ သန်း သက်တမ်းရှိ ခြေသည်းသည် ဆူပါမားကက်များတွင် တွေ့ရသည့် ကြက်ခြေထောက်ပုံစံ အတိုင်း အသေးစိတ် ပါဝင်သည်။ ငှက်၏ခြေထောက်ကို ရွှေရောင်အကြေးခွံများ ဖုံးအုပ်ထားပြီး တလက်မအောက်သာ ရှည်သည်။

ထိုကျောက်သည် ငှက်မွေးတချောင်းကိုလည်း ငုံထားသည်။ အသက်အရွယ်ငယ်သော်လည်း ၎င်း၏အတောင်ပံတွင် အညို ရောင်ပျံသန်းမှုအမွေးတောင်များပေါက်နေပြီဖြစ်သည်။
မကြာသေးမီက ပယင်းရှာဖွေတွေ့ရှိမှုများတွင် အသေးစိတ်အချက်အလက်များ ပါဝင်လာပြီး လိမ္မော်ရောင်သန်းလျှင် ရှေး ဟောင်းကမ္ဘာကို လေ့လာနိုုင်ကြောင်း သိရသည်။ သစ်စေးရည်များသည် ငှက်များ၊ ပုတ်သင်များကိုသာမက ပိုးကောင်များ နှင့် ငှက်မဟုတ်သော ဒိုင်နိုဆောများ၏အပိုင်းအစများကိုလည်း ငုံထားတတ်သည်။
သုတေသနပညာရှင် မက်ကဲလားနှင့် လုပ်ဖော် ကိုင်ဖက်များသည် ဒီဇင်ဘာလက မြန်မာနိုင်ငံမှပင်ထွက်ရှိသော ပယင်းကျောက်အတွင်း ပိတ်မိနေသည့် ဒိုင်နိုဆောအမြီးတခုကို ရှာဖွေတွေ့ရှိခဲ့သေးသည်။
ဆက်စပ်ဖတ်ရှုရန်။ ။ မြန်မာ့ ပယင်းကျောက်အတွင်းမှ ဒိုင်နိုဆော ငှက်တောင်ပံများ