နိုင်ငံတော် သံဃမဟာနာယကအဖွဲ့က အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့(မဘသ) အမည်ကို ဆက်လက် အသုံးမပြုရန် ညွန်ကြားထားသော်လည်း ကရင်ပြည်နယ်အတွင်း ဆက်လက်သုံးစွဲသွားမည်ဟု ဇွန်လ ၁၁ ရက်နေ့က ဘားအံမြို့၊ မဲဘောင်ကျောင်းတိုက်တွင် ပြုလုပ်သည့် အသိပေးရှင်းလင်းပွဲတွင် ပြည်နယ် မဘသအဖွဲ့ဝင်ဆရာတော်များက ဆုံးဖြတ်လိုက်ကြောင်း အဆိုပါ အဖွဲ့ဝင် ဆရာတော်တပါးက မိန့်ကြားသည်။
ကရင်ပြည်နယ်မဘသအဖွဲ့ဝင် ဆရာတော်တပါးက “ဒါက မဟနကို အတိုက်အခံလုပ်တဲ့သဘောမဟုတ်ပါ ဘူး၊ ဥပဒေပိုင်းအရ လေ့လာသုံးသပ်ပြီးမှ ငြိစွန်းမှု မရှိလို့ မဘသ အမည်ကို ဆက်သုံးဖို့ အားလုံးက ဆုံးဖြတ်ခဲ့ တာပါ”ဟု မိန့်သည်။
နိုင်ငံတော်သံဃမဟာနာယက (မဟန)၏ သံ/စည်း၊ သံ/လုပ်ထုံးလုပ်နည်းတို့နှင့် ဆန့်ကျင်ငြိစွန်းခြင်း မရှိ သည့်အပြင် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ၊ အသင်းအဖွဲ့များမှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေတို့နှင့်လည်း ညီညွတ်နေခြင်းကြောင့် မဘသ အမည်ကိုသာ ဆက်လက်သုံးစွဲရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ယင်းနေ့တွင် ကြေညာချက်လည်းထုတ်ပြန်ခဲ့သည်။
အဆိုပါ အသိပေးရှင်းလင်းပွဲသို့ ဗုဒ္ဒ ဓမ္မ ပရဟိတဖောင်ဒေးရှင်း(ဗဟို)မှ ဆရာတော်များလည်း တက်ရောက်ခဲ့ပြီး ကရင်ပြည်နယ် မဘသအဖွဲ့၏ ဆုံးဖြတ်ချက်အပေါ် ကန့်ကွက်စရာမရှိကြောင်း မိန့်ကြားသည်။
ဗုဒ္ဒ ဓမ္မ ပရဟိတဖောင်ဒေးရှင်း(ဗဟို) ဦးဆောင်ဆရာတော် ဒေါက်တာသောပါက က “ဗဟိုက ဖောင်ဒေး ရှင်း အမည်နဲ့သွားဖို့ ဆုံးဖြတ်ထားပေးမယ့် အားလုံးဒီလိုပဲ လိုက်လုပ်ရမယ်လို့ မသတ်မှတ်ထားပါဘူး၊ အခု လည်း သူတို့ရဲ့သဘောအတိုင်း ဆုံးဖြတ်တာကို ဘာမှပြောစရာမရှိပါဘူး” ဟု မိန့်သည်။
ကရင်ပြည်နယ် မဘသအဖွဲ့အနေဖြင့် ဗုဒ္ဒ ဓမ္မ ပရဟိတဖောင်ဒေးရှင်း(ဗဟို)၏ သြဝါဒလမ်းညွှန်ချက်ကို လိုက်နာဆောင်ရွက်သွားမည်ဖြစ်ပြီး ဓမ္မဝံသာနုရက္ခိအဖွဲ့နှင့် အခြားသော ပရဟိတအဖွဲ့များ၊ အမျိုးသားရေး အင်အားစုအားလုံးတို့နှင့် မိတ်ဖက်အဖြစ် ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကြေညာထားသည်။
မဘသအဖွဲ့အနေဖြင့် တရားမဝင် ဖွဲ့စည်းထားသည့် အဖွဲ့ဖြစ်သည်ဟုဆိုကာ တနိုင်ငံလုံးရှိ မဘသ ဆိုင်းဘုတ်များကို ဇူလိုင် ၁၅ ရက်နေ့နောက်ဆုံးထား ဖြုတ်ချရန်၊ မဘသ အမည်ကို ဆက်လက်သုံးစွဲခြင်း မပြုရန် မဟန က မေလ ၂၃ ရက်နေ့တွင် ဆုံးဖြတ်ခဲ့ပြီး မဘသ ဥက္ကဋ္ဌ ဆရာတော် ကိုယ်တိုင် ဆုံးဖြတ်ချက်ကို လိုက်နာရန် ခံဝန်လက်မှတ်ရေးထိုးခဲ့သည်။
မဟန ၏ ဆုံးဖြတ်အပေါ် လိုက်နာဆောင်ရွက်ခြင်းမရှိပါကလည်း ရဟန်းပုဂ္ဂိုလ်ဖြစ်လျှင် သံဃအဖွဲ့အစည်း ဆိုင်ရာ ဥပဒေ ၂၀/၉၀ ဖြင့်အရေးယူရန်နှင့် လူပုဂ္ဂိုလ်ဖြစ်ပါက သက်ဆိုင်ရာတည်ဆဲဥပဒေ များဖြင့် ပြည်ထဲ ရေးဝန်ကြီးဌာနက အမြန်ဆုံးအရေးယူရန်လည်း ညွန်ကြားထားသည်။
မဟန ဆုံးဖြတ်ချက်အပေါ် ခံဝန်ရေးထိုးပြီးနောက် မဘသ(ဗဟို) အနေဖြင့် အဖွဲ့အမည်ကို ဗုဒ္ဓ ဓမ္မ ပရဟိတ ဖောင်ဒေရှင်း အမည်ဖြင့် ပြောင်းလဲဆောင်ရွက်သွားရန် မေလ ၂၈ ရက်နေ့တွင် ဆုံးဖြတ်ခဲ့သည်။