တနင်္သာရီ တိုင်းဒေသကြီး လောင်းလုံမြို့အနီး ပျက်ကျသွားသည့် တပ်မတော် ပို့ဆောင်ရေးလေယာဉ် Y-8 မှ ပျောက်ဆုံးနေသူ ၁၀၀ ကျော်အနက် ယနေ့ ညနေ ၄ နာရီခန့် အထိ အလောင်း ၈၁ လောင်းကို ရှာဖွေ တွေ့ရှိထားပြီဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ သိရသည်။
လေယာဉ် ပျက်ကျခဲ့သည့် ဇွန်လ ၇ ရက်နေ့မှ ဇွန်လ ၁၂ နေ့ ညနေပိုင်းအထိ တပ်မတော် ရေယာဉ်များ၊ ငါးဖမ်းစက်လှေများ စသည့် ရှာဖွေရေးအဖွဲ့များဖြင့် ဆက်တိုက်ရှာဖွေရာမှ ပျောက်ဆုံးနေသည့် အလောင်း ၈၁ လောင်းကို ရှာဖွေတွေ့ရှိထားရာ ရုပ်၊ အမည် ခွဲခြားထားနိုင်သည့် အလောင်း ၆၀ ကျော်ကို မီးသဂြိုလ်ပြီး ဖြစ်သည်။
အဆိုပါ လေယာဉ်ပေါ်တွင် လိုက်ပါခဲ့ကြသူများမှာ ကမ်းရိုးတန်း ဒေသတိုင်း စစ်ဌာနချုပ်၊ တနင်္သာရီ ရေတပ်စခန်း ဌာနချုပ်နှင့် မြိတ်လေတပ် စခန်းဌာနချုပ် တို့မှ အရာရှိနှင့် စစ်သည် ဦးရေ ၃၅ ဦး၊ တပ်မတော်မိသားစုဝင် အဖြစ် လူကြီး ၅၈ ဦးနှင့် ကလေး ၁၅ ဦး ဖြစ်ကြောင်း သိရသည်။ အများစုမှာ နေရပ်ပြန်ရန်ခွင့်၊ အိမ်ထောင်သည်ခွင့်၊ ဆေးရုံပြောင်းခွင့် စသည့် အကြောင်းများဖြင့် ရန်ကုန်ဘက်သို့ ခရီးထွက်ခဲ့ကြခြင်း ဖြစ်သည်။
“ပျက်ကျတဲ့လေယာဉ်ကို အဓိက ရှာတဲ့နေရာကတော့ ရေဒါနဲ့ နောက်ဆုံး အဆက်အသွယ်ရခဲ့တဲ့နေရာပေါ့။ အဲဒီကနေ ရှာနေတာပါ။ အခုက ပင်လယ်ပြင်မှာ လေက အနောက်တောင်မုတ်သုံလေတိုက်နေတာဆိုတော့ မြောက်ဘက်အရွေ့ပေါ့။ အဲဒီလိုမျိုး ရှာနေပါတယ်။ ရှာတာကတော့ တပ်မတော် (ရေ)၊ တပ်မတော်လေတပ်နဲ့ ဒေသခံ ငါးဖမ်းစက်လှေတွေကပါ ကူညီနေကြတာပါ” ဟု တပ်မတော် သတင်းမှန်ထုတ်ပြန်ရေးအဖွဲ့ တာဝန်ရှိသူက ဧရာဝတီသို့ ပြောသည်။
လေယာဉ် မတော်တဆ ဖြစ်ပွားချိန်အတွင်း ရေဒါမှတ်တမ်းများကို ပြန်လည် စိစစ်ကြည့်ရာ အမြင့်ပေ ၁၈၀၀၀ တွင် ရှိနေသည့် လေယာဉ်သည် ၁နာရီ ၃၁ မိနစ်တွင် အောက်ဘက်သို့ စတင် ကျဆင်းသွားကြောင်း၊ ထို့နောက်တွင် အပေါ်ဘက်သို့ အနည်းငယ် ပြန်တက်လာသော်လည်း အောက်ဘက်သို့ ပြန်လည် ကျဆင်းသွားသည်ဟု ယုံကြည်ရကြောင်း တပ်မတော်ဘက်က တာဝန်ရှိသူများက သုံးသပ်ထားသည်။
ပျက်ကျသွားသည့် y-8 လေယာဉ်ကိုလည်း တပ်မတော်ရေ၊ လေ တို့ ပူးပေါင်း၍ ဆိုနာ စနစ်ဖြင့် ပင်လယ်ပြင်အတွင်း ရှာဖွေမှုများ ဆက်တိုက်ပြုလုပ်လျက်ရှိသည်။
ယနေ့ ဇွန် ၁၂ ရက် နံနက်ပိုင်းတွင် ပင်လယ်ပြင်အတွင်း လှိုင်းအမြင့် ၂ ဒသမ ၅ မီတာနှင့် လေတိုက်နှုန်း တနာရီလျှင် ၁၅ မိုင်မှ မိုင် ၂၀ ကြားရှိသော်လည်း ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်နေသည့် နေရာတဝိုက်တွင် လှိုင်းအမြင့် ၁ ဒသမ ၅ မီတာနှင့် လေတိုက်နှုန်း တနာရီလျှင် ၅ မိုင်မှ ၁၀ မိုင်သာရှိ၍ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများလည်း ဆက်လက်လုပ်ဆောင်နေကြောင်း သိရသည်။
တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က “ကျန်ခဲ့တဲ့ မိသားစုတွေ ရှိပါတယ်။ တချို့ကလည်း မိဘမဲ့သွားတယ်။ သူတို့ရဲ့ ဘဝရပ်တည်ရေးအတွက် ကျနော်တို့ လုပ်သွားရမှာ ဖြစ်ပါတယ်။ ဖြစ်နိုင်ချေကတော့ ရာသီဥတု ကြောင့်ဖြစ်တယ်လို့ ယူဆရပါတယ်။ ဒါပေမယ့် ၁၀၀ ရာခိုင်နှုန်းတော့ မပြောပါဘူး။ စိစစ်နေပါတယ်။ ရှာမှာပါ။ တွေ့အောင်ကို ရှာမှာပါ။ ကိုယ့်ဧရိယာထဲမှာပဲ ရှိနေတဲ့အတွက် မရရအောင် ရှာပါ့မယ်” ဟု ပြောကြားထားသည်။