မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် ၇၃ လမ်းရှိ မင်္ဂလာမန္တလေး ဈေးဝယ်စင်တာတွင် ဇွန် ၁၀ ရက်နေ့က ပြုလုပ်ခဲ့သည့် ဟစ်ဟော့ပ်အဆိုတော် Y-zet ၏ “ဇ” အမည်ရှိ တေးစီးရီး မိတ်ဆက်ပွဲသို့ လာရောက်သည့် ပရိသတ် အချင်းချင်း စကားများရာမှ တဦးသေဆုံးခဲ့ သဖြင့် ကျူးလွန်သူများကို ဖမ်းဆီးထားပြီးဖြစ်ကြောင်း ချမ်းမြသာစည်မြို့နယ်၊ အမှတ် ၁၁ နယ်မြေ ရဲစခန်းမှ သိရသည်။
“ဖြစ်တဲ့နေ့တွင်းချင်းပဲ ကျူးလွန်သူတွေကို ဖမ်းမိထားပါတယ်။ ဖြစ်တာက ပွဲကို လာကြရင်း အချင်းချင်း တံတောင်နဲ့ တွတ်မိတာကို စကားများကြတာ။ ပွဲခင်း လုံခြုံရေးတွေက ဆင်းပြီး ထိန်းတော့ ပြီးသွားတယ်။ အဲဒါကို အရိုက်ခံရတဲ့ သူတွေက ပြန်ကြတာကို နောက်ကနေ ထပ်ပြီး လိုက်လုပ်ကြတာ။ အခု ဖမ်းထားတဲ့ကောင်လေးတွေကလည်း ၁၉ နှစ်၊ ၂၀ နှစ်ဝန်းကျင်လေးတွေပါ” ဟု အမှတ် ၁၁ နယ်မြေရဲစခန်းမှ တာဝန်ကျရဲတဦးက ရှင်းပြသည်။
အချင်းချင်း စကားများရာမှ အရိုက်ခံရမှုကြောင့် အသက် ၁၉ နှစ်အရွယ်ရှိ ညီညီလင်းမောင် ဆိုသူ တဦး သေဆုံးခဲ့သည်။ ဖြစ်စဉ်တွင် ကျူးလွန်သူများဖြစ်သည့် အောင်ကိုကို၊ ဇေယျာထွန်း အပါအဝင် ၄ ဦးကို လူသတ်မှုပုဒ်မ ၃၀၂ နှင့် ပူးပေါင်းကြံစည်မှု ပုဒ်မ ၁၁၄ ဖြင့် အမှုဖွင့်ကာ ဖမ်းဆီးထားကြောင်း သိရသည်။
ဟစ်ဟော့ပ်အဆိုတော် Y-zet က ၎င်း၏ ဖေ့စ်ဘုတ်တွင် “လုံခြုံရေးအတွက်ကို ၉ ရက်နေ့ တရက်လုံး ကျနော် ကိုယ်တိုင် နယ်မြေအပိုင် ရဲစခန်းအထိတောင်သွားပြီး ကြိုစီစဉ်ပေးခဲ့ပါတယ်။ ပြောချင်တာက လိုအပ်တာထက်တောင် ပိုစီစဉ်ပေးခဲ့တာပါ။ ဒါတွေသိလို့ ပုံမှန်စင်တာလုံခြုံရေး အင်အား၊ ရဲဝန်ထမ်း အင်အားအပြင် မန္တလေး Pioneer မှ security အင်အားများပါ ကျနော့်ကို ရင်းနှီးမှုနဲ့ လာရောက်ကူညီပေးခဲ့တာပါ။ ပြီးတော့ အဆိုးဆုံးဖြစ်ရပ်က အခု လိုင်းပေါ်မှာပြန့်နေတဲ့ ဗီဒီယို ဖိုင်ထဲမှာ ဖြစ်သွားတာ မဟုတ်ကြောင်း ကွင်းထဲက ပြန်ထွက်တဲ့လမ်းတွေထဲက တခုမှာ ဖြစ်သွားတာလို့ သိရပါတယ်။ တကူးတက ဖျက်လိုဖျက်ဆီးလုပ်သူတွေက နေရာတိုင်းမှာရှိတတ်ပါတယ်။ အဲလိုလူ တွေကြောင့်ပဲ အခုဆို ပွဲတွေကိုခွင့်ပြုမိန့် မပေးတော့တာတွေ ဘာတွေ၊ တကယ်မိုက်တဲ့ အနုပညာရှင်တွေ ပွဲလုပ် မရဖြစ်တာတွေ ဖြစ်လာတဲ့အခါကျ မန္တလေးပဲ နစ်နာရပါတယ်” လို့ ဖြစ်စဉ်အပေါ် ရေးသားပြောပြထားပါတယ်။
နာမည်ရ လူငယ် ဟစ်ဟော့ပ်အဆိုတော် လွှမ်းပိုင်ကလည်း မန္တလေးတွင် ပြုလုပ်မည့် “ဂီတဗေဒ” Audio Promotion ကို လုံခြုံရေးအခြေအနေ အရ မပြုလုပ်ဖြစ်တော့ကြောင်း ၎င်း၏ ဖေ့စ်ဘုတ်မှ တဆင့် ပရိသတ်ကို ကြေညာထားသည်။