မြန်မာနိုင်ငံ တဝန်းရှိ မြေလွတ်မြေရိုင်းများမှ စီမံကိန်းမြေအဖြစ် သိမ်းယူထားသည့် မြေများကို ဆောင်ရွက်နိုင်ခြင်း မရှိပါက မူလပိုင်ရှင်များ၊ တောင်သူများကို မှန်မှန်ကန်ကန် ပြန်လည်ပေးအပ်ကြရန် ပြည်သူ့လွှတ်တော် ဥက္ကဌ ဦးဝင်းမြင့်က တိုက်တွန်းလိုက်သည်။
ယနေ့ ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် လွှတ်တော် ကိုယ်စားလှယ်များက မြေယာသိမ်းဆည်းမှုများနှင့် သက်ဆိုင် သည့် မေးခွန်းများကို မေးမြန်းစဉ် ဦးဝင်းမြင့်က အထက်ပါအတိုင်း ဝင်ရောက် ပြောဆိုခြင်း ဖြစ်ပြီး ၎င်းကိုယ်တိုင်လည်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဒုဝန်ကြီး ဦးလှကျော်ကို မေးခွန်းထုတ်ခဲ့သည်။
“စီမံကိန်း မလုပ်ဘူး။ နောက်မှ လုပ်မယ်ဆိုလို့ မရဘူး။ ကျနော်တို့ နောက်လုပ်ပါ့မယ်။ ဘယ်တော့ လုပ်ပါ့မယ် မရဘူး။ အခု စိစစ်တဲ့ အချိန်မှာ စီမံကိန်း မရှိရင် ပြန်ပေးရမယ်။ အဲဒီလို စီမံကိန်း မရှိတဲ့ဟာတွေကို ပြန်ပေးဖို့ ဝန်ကြီးဌာန အနေနဲ့ အစီအစဉ် ရှိ၊ မရှိ သိလို ပါတယ်။ ဖြေပါ”ဟု ပြည်သူ့လွှတ်တော် ဥက္ကဌ ဦးဝင်းမြင့်က မေးမြန်းသည်။
အဆိုပါ ကိစ္စများနှင့် ပတ်သက်၍ မြေလွတ် မြေရိုင်းများ စီမံခန့်ခွဲရေး ဗဟိုအဖွဲ့က ဇွန်လဆန်းတွင် စစ်ဆေး ဆောင်ရွက်ခဲ့ပြီး ဖြစ်၍ ၎င်း တို့နှင့် စပ်လျဉ်းပြီး စနစ်တကျ မြေပြင် အခြေအနေကို ပြန်လည် စိစစ်ပြီးနောက် ပြန်လည် ပေးအပ်ရန် အခွင့်အလမ်းရှိသည့် မြေများကို လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည် စိစစ်ရေး ဗဟိုကော်မတီသို့ တင်ပြပြီး ဆက်လက် စီမံခန့်ခွဲရန် စီစဉ် ထားပြီး ဖြစ်ပါကြောင်း ဒုဝန်ကြီး ဦးလှကျော်က ပြန်လည် ဖြေကြားခဲ့သည်။
“ခုနက ဝန်ကြီးဌာနက ဖြေသွားတယ်။ ဒီမှာ စီမံကိန်း မလုပ်ခဲ့ရင် မူလတောင်သူတွေကို မှန်မှန်ကန်ကန် ပြန်ပေးရမယ်။ ဒါဟာ မူပဲ”ဟု ဦးဝင်းမြင့်က ပြောသည်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အစိုးရလက်ထက်တွင် မြေယာအမှုအခင်းများစွာ ရှိနေသေးပြီး ပြည်သူများ မျှော်မှန်းသလောက် လယ်ယာမြေကိစ္စရပ်များကို မှန်မှန်ကန်ကန် ဖြေရှင်းပေးနိုင်ခြင်း မရှိသေးကြောင်း နေပြည်တော်ရှိ လွှတ်တော် ကိုယ်စားလှယ် အသိုင်း အဝိုင်းက ပြောဆိုကြသည်။
လွှတ်တော် ကိုယ်စားလှယ်များ အနေဖြင့် မြို့နယ် လယ်ယာမြေများ စိစစ်မှု ကော်မတီတွင် ပါဝင်ခွင့်ရသော်လည်း မြေယာကိစ္စရပ် ဖြေရှင်းမှုများတွင် ပါဝင်ခွင့်မရဘဲ ဖြေရှင်းချက်များကို စာရွက်မိတ္တူ တောင်းခံသည့်အခါတွင်လည်း ယင်းကော်မတီ ဥက္ကဌဖြစ်သူက စာတင်ခိုင်းခဲ့ကြောင်း ဒက္ခိဏသီရိ မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသန့်စင်ထွန်းက ပြောသည်။
“မြို့နယ် လယ်ယာမြေစိစစ်ရေး ကေ်ာမတီက ဒီကိစ္စတွေကို လုပ်နေပါတယ်ဆိုပြီးတော့ပဲ ကျနော့်ကို အကြောင်းပြန်တယ်။ ကော်မတီမှာ ပါပေမယ့် ကျနော့်ရဲ့ လုပ်ပိုင်ခွင့် အခန်းကဏ္ဍက ဆုံးရှုံးနေရတယ်”ဟုလည်း ၎င်းက ပြောဆိုသည်။
ဦးသန့်စင်ထွန်းက နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ် ကိုင်း/ပလွေး သစ်တောကြိုးဝိုင်း ကွင်းအမှတ် (၁၊ ၂၊ ၃၊ ၈၊ ၉၊ ၁၉)တို့ကို ဖျက် သိမ်းပြီး စိန်တလုံး သရက်ဇုန် စီမံကိန်းအတွက် သိမ်းဆည်းခံမြေများနှင့် ပတ်သက်၍ လုပ်ကိုင်ခွင့်ရ သိမ်းယူခဲ့သည့် ပုဂ္ဂလိကနှင့် ကုမ္ပ ဏီများနှင့် ညှိနှိုင်းကာ ဥပဒေ၊ နည်းဥပဒေနှင့် ဖြေရှင်းဆောင်ရွက်ပေးခြင်း ရှိ၊ မရှိ မေးမြန်းခဲ့သည်။
ယင်းမေးခွန်းကို အထက်ပါ ဝန်ကြီးဌာနက ပြန်လည် ဖြေကြားရာတွင် ၂၀၁၇ ခုနှစ်၊ ဇွန်လ ၂ ရက်နေ့က ပြုလုပ်ခဲ့သည့် မြေလွတ်၊ မြေ လပ်နှင့် မြေရိုင်းများ စီမံ ခန့်ခွဲရေး ဗဟိုကော်မတီ၏ ၆ ကြိမ်မြောက် လုပ်ငန်းအစည်းအဝေးတွင် စိုက်ပျိုးလုပ်ကိုင်ခွင့်ပြုပြီး သတ်မှတ် ကာလ ၄ နှစ် ပြည့်မြောက် ပြီးသည်အထိ စိုက်ပျိုးလုပ်ကိုင်မှု မရှိသည့် ဧရိယာများကို ဥပဒေနှင့်အညီ လုပ်ပိုင်ခွင့် ပြန်လည် ရုပ်သိမ်းရန် အတွက် ဆုံးဖြတ်ချက် ချထားပြီ ဖြစ်ကြောင်း ပြောသည်။
“ရခိုင်ပြည်နယ်မှာလည်း ဖြေရှင်းရမယ့် မြေကိစ္စတွေက အများကြီး ရှိသေးတယ်။ အခုလို စိစစ်မှုတွေ လုပ်တဲ့အခါ လွှတ်တော် ကိုယ်စား လှယ်တွေက ဌာနဆိုင်ရာရဲ့ လုပ်ဆောင်ချက်တွေ အပေါ်မှာ ဘယ်လောက်အထိ အစွမ်းအစ ရှိရှိနဲ့ လယ်သမားတွေဘက်က ကာကွယ် နိုင်မလဲ ဆိုတာက အရေးကြီးတယ်။ အဲဒီလို မဟုတ်ရင်တော့ ဌာနဆိုင်ရာတွေရဲ့ မျက်လှည့်ပြမှုအောက်မှာ ပျောက်သွားမှာပဲ”ဟု ရခိုင် ပြည်နယ် မြေပုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်းက ဧရာဝတီသို့ ပြောသည်။
ထို့အပြင် သက်ဆိုင်ရာ ရပ်/ကျေး၊ မြို့နယ်၊ ခရိုင် လယ်ယာမြေများ ပြန်လည် စိစစ်ရေး ကော်မတီတွင် အမျိုးသားနှင့် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်များ ပါဝင်ခွင့် မရရှိ၍ လယ်ယာမြေ စိစစ်မှု ကိစ္စရပ်များတွင် အားနည်းချက်များ ရှိနေသည်ကိုလည်း ပြည်သူ့ လွှတ်တော် ဥက္ကဌက ထောက်ပြခဲ့သည်။
“ပြောရရင် ကိုယ်စားလှယ်တွေကို အလကားသက်သက် ပါခိုင်းထားတာ မဟုတ်ဘူး။ မှန်မှန်ကန်ကန် တရားမျှတအောင်လို့ မူလ အသိမ်း ခံရတဲ့ ပုဂ္ဂိုလ်တွေ၊ မတရား အသိမ်းခံရတဲ့ ပုဂ္ဂိုလ်တွေ ပြန်ရအောင်လို့ ပါခိုင်းတာ။ ကိုယ့်အလုပ်ကို ကိုယ်လုပ်ဖို့ လိုတယ်”ဟု ဦးဝင်းမြင့် က ပြောသည်။
၎င်းက ဆက်၍ “ကိုယ်မှန်မှန်ပြောဖို့ ကိုယ်ကိုယ်တိုင် ပါနေပြီပဲ။ ကိုယ်ကိုယ်တိုင် တရားမျှတမှုရှိအောင်၊ ဥပဒေနဲ့ ညီအောင် ဆောင်ရွက် ပေး။ သက်ဆိုင်ရာ ပုဂ္ဂိုလ်တွေက ဘာဖြစ်လို့ ဒီလိုဖြစ်လဲဆိုတော့ ဒီပုဂ္ဂိုလ်တွေ ကိုယ်တိုင်လည်း နဂိုတုန်းက သိမ်းခဲ့တုန်းက ပါခဲ့တဲ့အခါ ကျတော့ အဲဒီလိုပဲ လှည့်နေဦးမှာ။ အဲဒါကြောင့်မိုလို့ သက်ဆိုင်ရာ လွှတ်တော် ကိုယ်စားလှယ်တွေကို ပါခိုင်းထားတာ”ဟု ပြောသည်။
ကြံ့ခိုင်ရေးပါတီမှ မင်းကင်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမောင်မြင့်ကလည်း “ဒီလိုကိစ္စတွေကို ကိုယ်တို့ ကိုယ်တိုင်လည်း ကိုင်တွယ်ခဲ့ဖူးတယ်။ တကယ်တမ်း လုပ်ကြည့်တဲ့အခါကျတော့ Case တွေက မခိုင်မာဘူး။ မခိုင်မာတဲ့ Case တွေ အပေါ်မှာ လိုက်ဖြေ ရှင်း ရတဲ့အခါကျတော့ ကြန့်ကြာမှုတွေလည်း ရှိတယ်”ဟု ပြောသည်။
နေပြည်တော် လယ်ဝေးမြို့နယ်တွင် လယ်ယာမြေ စိစစ်မှု ကိစ္စရပ်များကို မြို့နယ်အဆင့် စိစစ်မှုများ ပြုလုပ်ရာတွင် ပါဝင်ခွင့်ရ၍ ခရိုင်နှင့် နေပြည်တော် ကောင်စီသို့ တင်ပြရာတွင် ကြန့်ကြာမှုများ ရှိနေသဖြင့် မြန်မြန်ဆန်ဆန် ဆောင်ရွက်ပေးရန် တင်ပြထားကြောင်း၊ ထို့ုပြင် လယ်ယာမြေ စိစစ်မှု အစည်းအဝေးများကို လွှတ်တော် ပိတ်ရက်များတွင် ပြုလုပ်ရန် မေတ္တာ ရပ်ခံထားကြောင်း လယ်ဝေးမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးမျိုးဇော်အောင်က ပြောသည်။
“မြေလွတ်မြေရိုင်းတွေကို သိမ်းယူပြီး ပြန်အသုံးချတဲ့နေရာမှာ ဥပဒေနဲ့ညီသလားဆိုတာ စိစစ်တဲ့နေရာမှာ ဥက္ကဌကြီး ပြောသလို လွှတ် တော် ကိုယ်စားလှယ်တွေ ပါဖို့ လိုတယ်။ တခါတလေ စိစစ်တဲ့နေရာမှာ လွှတ်တော် ဖွင့်ရက်တွေကို လုပ်တယ်။ ပြီးမှ လွှတ်တော် ကိုယ်စားလှယ်ကို လှမ်းအကြောင်းကြားတော့ ကိုယ်စားလှယ်က လွှတ်တော်ထဲ ရောက်နေတော့ မလိုက်နိုင်ဘူး”ဟုလည်း ၎င်းက ပြောဆိုသည်။
လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်ခံရမှုများ ပြန်လည် စိစစ်ရေး ဗဟိုကော်မတီသို့ လွှတ်တော် အသီးသီးနှင့် တိုင်းနှင့် ပြည်နယ် များမှ တင်ပြလာသည့် အမှုတွဲများအနေဖြင့် ဗဟိုကော်မတီ စတင်ဖွဲ့စည်းချိန်မှစ၍ မြေယာ သိမ်းဆည်း မှု နှင့် ပတ်သက်ပြီး ၂၀၁၇ မတ်လ ၃၀ ရက်နေ့အထိ တိုင်ကြားစာပေါင်း ၃၉၈၀ ရှိပြီး စိစစ်ဖြေရှင်းနိုင်သည့်အမှု ၂၁၂ မှု ရှိကြောင်း၊ ကျန်ရှိသည့် အမှုမှာ ၃၇၆၈ မှု ရှိ၍ မျှော်မှန်းထားသော အတိုင်းအတာအထိ ဖြေရှင်းနိုင်မှု မရှိဟု သုံးသပ်မိ ကြောင်း ယင်းဗဟို ကေ်ာမတီ ဥက္ကဌ ဒု သမ္မတ ဦးဟင်နရီဗန်ထီးယူ က နေပြည်တော်တွင် မတ်လ ၃၀ ရက်နေ့က ပြုလုပ် သည့် အဆိုပါ ကော်မတီ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် ပြောဆိုခဲ့သည်။