သတင်း

မွတ်ဆလင် မုန်းတီးရေး ရာဇဝတ်မှု သီရိလင်္ကာ ပထမဆုံး ဖမ်းဆီး

Want create site? Find Free WordPress Themes and plugins.

နိုင်ငံတကာ၏ ပြစ်တင်ဝေဖန် ခံနေရသော မွတ်စလင် မုန်းတီးရေး ရာဇဝတ်မှု အများအပြားအတွက် တာဝန်ရှိသော အစွန်းရောက် ဗုဒ္ဓဘာသာအဖွဲ့မှ အဖွဲ့ဝင်တဦး အပါအဝင် သံသယ တရားခံ ၅ ဦးအား ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ကြောင်း သီရိလင်္ကာမှ လာသော သတင်းများက ဆိုသည်။

ဗုဒ္ဓ ဗလသေန (သို့မဟုတ်) BBS မှ အသက် ၃၂ နှစ်အရွယ် အဖွဲ့ဝင်သည် ဘာသာရေး တင်းမာမှုများကို မီးထိုးပေးခဲ့ပြီး မွတ်စလင်များအား တိုက်ခိုက်မှုအတွက် ဖမ်းဆီးခံရသော ပထမဆုံး သံသယရှိသူဖြစ်သည်။

ဧပြီလမှ စတင်ဖြစ်ပွားခဲ့သည့် မွတ်စလင် နေအိမ်များ၊ ဗလီများနှင့် သုသာန်တခုတို့ကို မီးရှို့မှု ၁၆ မှုနှင့် ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုများ ဆက်လက်လုပ်ဆောင်နေကြောင်း သီရိလင်္ကာ ရဲတပ်ဖွဲ့က ပြောသည်။

ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ် ပရီယန်သာ ဂျာယာကိုဒီ က “ဒီလိုအမှုတွေကို ကျနော်တို့ပြတ်ပြတ်သားသား အရေးယူမယ်” ဟု သတင်းထောက်များအား ပြောကြောင်း သိရသည်။

ရဲက ဖမ်းဆီးထားပြီး နာမည်ထုတ်ဖော် မပြောဆိုသေးသောသူသည် မွတ်ဆလင်များအား တိုက်ခိုက်မှု ၄ မှုနှင့် ဆက်နွယ်နေပြီး ရဲက စုံစမ်းစစ်ဆေးနေကြောင်း ဆိုသည်။

လူနည်းစုမွတ်စလင် အသိုင်းအဝိုင်းသည် ကျောက်ခဲများ၊ ဓာတ်ဆီ၊ ဗုံးစသည်တို့ဖြင့် တိုက်ခိုက်ခံနေရချိန်တွင် ဝရမ်းပြေး နေသော ဗုဒ္ဓ ဗလသေန အတွင်းရေးမှူး Galagodaatte Gnanasara ကို ဖမ်းဆီးပြီး ဗုဒ္ဓအစွန်းရောက်အဖွဲ့ကို နှိမ်နင်းနိုင်ခြင်း မရှိသောကြောင့် ရဲတပ်ဖွဲ့အနေဖြင့် ဝေဖန်ခံခဲ့ရသည်။

ယခုဖမ်းဆီးခဲ့သူသည် Galagodaatte Gnanasara ၏ လူရင်းတဦးဖြစ်သည်ဟု ဂျာယာကိုဒီက ပြောသည်။ လာရောက် စစ်ဆေးခံရန် ရဲအဖွဲ့က မေလအတွင်းမှ စတင်အမိန့်ထုတ်လိုက် ချိန်မှ စ၍ Galagodaatte Gnanasara သည် မြေအောက် သို့ ပုန်းလျှိုးသွားပြီ ဖြစ်သည်။ ၎င်းအား ဖမ်းဆီးနိုင်ရန် အထူးအဖွဲ့က လိုက်လံ စုံစမ်းနေသည်ဟုလည်း ဂျာယာကိုဒီက ပြောသည်။

BBS အဖွဲ့သည် ၂၀၁၄ နှစ်လယ်က လူ ၄ ဦး သေဆုံးစေခဲ့သော ဘာသာရေး အဓိကရုဏ်းများ လှုံ့ဆော်ခဲ့သည်ဟု စွပ်စွဲ ခံခဲ့ရသော်လည်း ထိုစဉ်က အာဏာရှင် သမ္မတ မဟင်ဒါ ရာဂျာပက်ဆီ အုပ်ချုပ်သောကာလဖြစ်၍ တရားစွဲဆိုစီရင်ခြင်း မခံ ခဲ့ရပေ။

Galagodaatte Gnanasara ကို ဖမ်းဆီးနိုင်မှု မရှိခြင်းနှင့် ဘာသာရေးအကြမ်းဖက်မှုများ ထပ်မံဖြစ်ပွားလာခြင်းတို့ကြောင့် ဥရောပ သမဂ္ဂနှင့် ပြည်ပသံသတမန်များက အရေးယူဆောင်ရွက်ရန် သီရိလင်္ကာအား ဖိအားပေးခဲ့အပြီး လက်ရှိ သမ္မတ မိုင်သရီ ပလ သီရိသီန နှင့် ဝန်ကြီးချုပ် ရာနေဝစ်ခရီမာဆင်း တို့က တရားဥပဒေစိုးမိုးရေး ဆောင်ရွက်ရန် ရဲကို အမိန့်ပေးခဲ့သည်။

ဗုဒ္ဓ ဗလသေနအဖွဲ့ကမူ လတ်တလော တိုက်ခိုက်မှုများတွင် အဖွဲ့ဝင်များ မပါဝင်ကြောင်း ငြင်းဆိုသည်။ ၎င်းတို့၏ ထုတ်ပြန်ကြေညာချက်တွင် အဖွဲ့၏ စီအီးအို Dilanthe Withanage က “ကျွနု်ပ်တို့သည် အကြမ်းဖက်လုပ်ဆောင်ရန် ခွန်အားများ ရှိသည်။ နောက်ကွယ်က လုပ်မည် မဟုတ်” ဟု ပြောဆိုကြောင်း သီရိလင်္ကာမှ လာသော သတင်းမြားအရ သိရသည်။

ဗုဒ္ဓ ဗလသေန အဖွဲ့ဝင်များသည် ဗုဒ္ဓဘာသာဝင် ၇၀ ရာခိုင်နှုန်း နေထိုင်သော သီရိလင်္ကာတွင် မွတ်ဆလင်များမှာ အဓမ္မ ဘာသာကူးပြောင်းနေစေပြီး သမိုင်းဝင် ဗုဒ္ဓသာသနိက အဆောက်အဦးများကို ဖျက်ဆီးနေကြောင်း စွပ်စွဲပြောဆိုနေခဲ့သည်။ မွတ်ဆလင်ခေါင်းဆောင်များက ထိုစွပ်စွဲချက်ကို မဟုတ်မမှန်ကြောင်း ငြင်းဆိုထားသည်။

 

Did you find apk for android? You can find new Free Android Games and apps.
Loading