မန္တလေးမြို့ စည်ပင်သာယာရေးနယ်နိမိတ်အတွင်းရှိ အစိုးရဌာနနှင့် ပုဂ္ဂလိကအဆောက်အအုံများအပေါ် ကောက်ခံနေသည့် ပစ္စည်းခွန်များ စည်းကြပ်ကောက်ခံမှုကို ယခုဘဏ္ဍာနှစ်မှ စတင်ပြီး ပြောင်းလဲတိုးမြှင့် ကောက်ခံမည်ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီက ထုတ်ပြန်ကြေညာသည်။
ပစ္စည်းခွန်တွင် (အိမ်ခွန်၊ လမ်းမီးခွန်နှင့် သန့်ရှင်းရေးခွန်) ဆိုသည့် အခွန် ၃မျိုး ပါဝင်ပြီး မူလကောက်ခံလျက်ရှိသည့် နှုန်းထားမှ ၀ ဒသမ ၅ ဆ သို့ စည်းကြပ်ကောက်ခံသွားမည်ဟု မန်းစည်ပင်ပိုင် သတင်းစာဖြစ်သည့် မန္တလေးနေ့စဉ် သတင်းစာတွင် ဇွန်လ ၉ ရက်က အသိပေး ကြေညာခဲ့သည်။
ပစ္စည်းခွန် စည်းကြပ်ကောက်ခံမှု တိုးမြင့်မည့် အစီအစဉ်နှင့် ပတ်သက်ပြီး မန်းစည်ပင်သာယာရေး ကော်မတီ အခွန်ဌာနမှုး ဦးဝင်းမောင်က “ တိုးကောက်တာ မဟုတ်ဘူး။ အရင်နှုန်းထားဟောင်းတွေက ၂၀၀၇ ခုနှစ် ကတည်းက သတ်မှတ်ထားတဲ့ နှုန်းတွေဖြစ်လို့ ခေတ်ကာလနဲ့ လျော်ညီအောင် အခွန်ကို ပြောင်းလဲသတ်မှတ်တာ ဖြစ်တယ်” ဟု ဧရာဝတီကို ပြောသည်။
ထိုသို့ကောက်ခံရာတွင် ပြည်တွင်းအခွန်များ ဦးစီးဌာနက နှစ်စဉ်ထုတ်ပြန်သည့် ရာဖြတ်တန်ဖိုးများကို အခြေခံတွက်ချက်ပြီး အဆောက်အအုံ အမျိုးအစား၊ အကျယ်အဝန်းနှင့် တည်နေရာအပေါ် မူတည်၍ ၁ နှစ်လျှင် ၂ ကြိမ် မန်းစည်ပင်က အခွန်စံနှုန်း စည်းကြပ်ကောက်ခံနေခြင်းဖြစ်ကြောင်း သိရသည်။
ဥပမာ – မန်းစည်းပင်သာယာရေး နယ်နမိတ်အတွင်းရှိ အနိမ့်ဆုံး တတိယတန်းစား အဆင့်ဖြစ်သည့် ထရံကာသွပ်မိုး တထပ်အိမ်ကို မူလကောက်ခံခဲ့သည့် နှုန်းထားဟောင်းအရ ၆ လစာအတွက် ပစ္စည်းခွန် (အိမ်ခွန်၊ လမ်းမီးခွန်နှင့် သန့်ရှင်းရေးခွန် အပါ) ကျသင့်ငွေ စုစုပေါင်း ကျပ် ၁၄၀၀ ကျော် ကောက်ခံနေခြင်း ဖြစ်သည်ဟု မန်းစည်ပင်သာယာရေး ကော်မတီက ရှင်းပြသည်။
မန်းစည်ပင်က ယခုပုံစံသစ် ကောက်ခံမှုဖြစ်သည့် ၀ ဒသမ ၅ ဆ သို့ စည်းကြပ်ကောက်ခံရာတွင် ထိုတတိယတန်းစား အဆင့်ဖြစ်သည့် ထရံကာသွပ်မိုး တထပ်အိမ်သည် ပစ္စည်းခွန်အား (အိမ်ခွန်၊ လမ်းမီးခွန်နှင့် သန့်ရှင်းရေးခွန် အပါ) ကျပ် ၂၂၀၀ ကျော် ပေးသွင်းရမည်ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီက ပြောသည်။
မန်းစည်ပင်က ထိုသို့စည်းကြပ်ကောက်ခံရာတွင် ပုဂ္ဂလိက အဆောက်အအုံဖြစ်ပါက ၁ နှစ်အတွင်း ၆ လ တရစ်နှုန်းဖြင့် ၂ ကြိမ်ခွဲ၍ လည်းကောင်း၊ အစိုးရဌာနပိုင် အဆောက်အအုံဖြစ်ပါက တနှစ် ၁ ကြိမ်သာ စည်းကြပ်ကောက်ခံ သွားမည်ဟု မန်းစည်ပင်၏ ကြေညာချက်တွင် ဖော်ပြထားသည်။
အခွန်နှုန်းထား တိုးမြှင့်လိုက်ခြင်းနှင့် ပတ်သတ်၍ မန်းစည်ပင် နယ်နိမိတ်အတွင်းရှိ အောင်မြေသာစံ မြို့နယ်တွင် နေထိုင်သည့် ကုမ္ပဏီဝန်ထမ်းဖြစ်သူ ဒေါ်ယမုံအေးက “ကိုယ့်မြို့ ဖွံ့ဖြိုးရေးအတွက် မဖြစ်မနေ အခွန်ဆောင်ရတယ် ဆိုရင်လည်း ပေးရတဲ့အခွန်နဲ့တန်တဲ့ မြို့ပြဝန်ဆောင်မှုမျိုး ပြန်ရချင်ပါတယ်။ လမ်းတို့၊ ရေမြောင်းစနစ်တို့ ကောင်းစေချင်တယ်” ဟု ပြောသည်။
ယခု ၂၀၁၇- ၂၀၁၈ ဘဏ္ဍနှစ်အတွက် စည်ပင်အခွန်ဌာန၏ အခွန်လျာထားချက်မှာ သိန်းပေါင်း ၂ သိန်း ၂ သောင်း ဖြစ်ပြီး ရရှိလာသည့် အခွန်များကို မြို့တည်ဆောက်ပြုပြင်ရေး လုပ်ငန်းများတွင် အကောင်အထည်ဖော် အသုံးပြုသွားမည်ဟု မန်းစည်ပင် အခွန်ဌာနမှုး ဦးဝင်းမောင်က ပြောသည်။ အသေးစိတ် သိရှိလိုသူများသည် မန်းစည်ပင် သာယာရေးကော်မတီ၊ အခွန်ဌာန၊ ရာပြတ်ဌာနခွဲ (၀၂ – ၆၁၆၃၆၊ ၃၆၁၇၂ လိုင်းခွဲ ၁၅၂) သို့ ဆက်သွယ်မေးမြန်း နိုင်သည်ဟု ၎င်းက ပြောသည်။