သူ၏ အကောင့်ကို ဖေ့စ်ဘုတ်က ယာယီ ပိတ်ပင်လိုက်သည်ဟု မန္တလေးမြို့ အခြေစိုက် ဗုဒ္ဓဘာသာ ရဟန်းတပါး ဖြစ်သည့် ဦးဝီရသူက လွန်ခဲ့သော သောကြာနေ့က အခြားအကောင့်တခုမှ တင်သော ဗီဒီယိုဖိုင်တွင် မိန့်ကြားသည်။
“သူတို့ ဒီအကောင့်ကို တလပိတ်မယ်လို့ ဖေ့စ်ဘုတ်က မေလ ၃၁ ရက်နေ့က စာပို့ပြီး ပြောတယ်”ဟု ဦးဝီရသူက မိန့်သည်။
ထို့အပြင် ဖေ့စ်ဘုတ်၏ မည်သည့်မူဝါဒကိုမျှ ချိုးဖောက်ခြင်း မရှိဟုလည်း ၎င်းက ဆိုသည်။
သောကြာနေ့က တင်ခဲ့သည့် ဗီဒီယိုဖိုင်တွင် ဖေ့စ်ဘုတ်က ခွင့်မပြုသည့်ပို့စ်များ အကြိမ်ကြိမ် တင်ခြင်းကို ပြုလုပ်သော ကြောင့် အကောင့်ပိုင်ရှင်ကို ရက်ပေါင်း ၃၀ ယာယီပိတ်မည်ဟု ဖေ့စ်ဘုတ်က ရေးသား ပေးပို့ခဲ့သည့် စာကိုလည်း ဖော်ပြထားသည်။
ယခု ယာယီ အပိတ်ခံရသော အကောင့်တွင် နောက်လိုက် (followers) ၄ သိန်း နီးပါး ရှိကြောင်း သိရသည်။
“ကျုပ်က ဖေ့စ်ဘုတ်မှာ လူနာမယ်တွေနဲ့ မရေးဘူး။ ဘာပုဂ္ဂိုလ်ရေး တိုက်ခိုက်မှုမှ မတင်ဘူး။ ရိုးရိုးလေးတွေပဲ ရေးတယ်။ ဒါပေမယ့် သူတို့က ပိတ်လိုက်တယ်”ဟု ဦးဝီရသူက မိန့်ဆိုသည်။
အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး အဖွဲ့ (မ ဘ သ) ၏ ထင်ရှားသော အဖွဲ့ဝင်တဦးဖြစ်သူ ဦဝီရသူက ဖေ့စ်ဘုတ် သည် မွတ်စလင်တို့၏ ထိန်းချုပ်မှုအတွင်း ကျရောက်နေသည်ဟုလည်း စွပ်စွဲသည်။
မစိုးရိမ် ဝီရသူ အမည်ရှိ သူ၏အခြားသော အကောင့်တွင်လည်း နောက်လိုက် ၇ သောင်း ရှိပြီး ထိုအကောင့်လည်း အပိတ် ခံရသည်ဟု ဆိုသည်။
“ဒီ အကောင့်ကို တပတ်ပိတ်မယ် ဆိုတဲ့ အကြောင်းကြားစာ ရတယ်။ ဒါပေမယ့် နောက်တော့ သူတို့က အဲဒီ အကောင့်ကို လုံး၀ ဖျက်ပစ်လိုက်တယ်”ဟု ဆက်လက် မိန့်ဆိုသည်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဦးဆောင်သော အစိုးရကလည်း ဦးဝီရသူနှင့် အခြားသော မဘသ အဖွဲ့ဝင်များ၏ အမုန်း စကားများကို ထိန်းချုပ်ရန် ကြိုးစားနေခဲ့သည်။
ပြီးခဲ့သည့် မတ်လက နိုင်ငံတော် သံဃ မဟာနာယက (မဟန) အဖွဲ့ကလည်း ဦးဝီရသူ တရားဟောခြင်းကို နိုင်ငံတဝန်း တွင် တနှစ် ပိတ်ပင်ခဲ့သည်။
လွန်ခဲ့သောလကမူ မဟနသည် မဘသ အဖွဲ့ကို ကန့်သတ်ချက်များ ထုတ်ပြန်၍ ထိုအဖွဲ့အမည်ဖြင့် လှုပ်ရှား ဆောင်ရွက် ခြင်းများကို ပိတ်ပင်ခဲ့ကာ ဇူလိုင်လ နောက်ဆုံးထားပြီး တနိုင်ငံလုံးတွင် အဖွဲ့အမည် ဆိုင်းဘုတ်များကို ဖြုတ်ချရန် အမိန့် ထုတ်ပြန်ခဲ့သည်။
နိုင်ငံ၏ သံဃာစည်းမျဉ်းနှင့်အညီ ဖွဲ့စည်းထားခြင်း မရှိသောကြောင့် မဘသ သည် တရားဝင် သံဃာ့အဖွဲ့အစည်း မဟုတ် ကြောင်း လွန်ခဲ့သောနှစ်က ကြေညာချက် ထုတ်ခဲပြီးနောက် ယခု လုပ်ဆောင်မှုသည် မဟန အဖွဲ့၏ ဒုတိယမြောက် အရေး ယူမှု ဖြစ်သည်။