မြန်မာနိုင်ငံတွင်ပြန်တွေ့သည့် ထိုင်းရှေးဟောင်းဆင်စွယ်ကို ပြန်အပ်လိုက်ပြီ
ထိုင်းနိုင်ငံ အုန်းဖန်မြို့နယ် လေးတော်ခု ကျေးရွာရှိ ရသေ့ကျောင်းမှ ပျောက်ဆုံးသွားသော ရှေးဟောင်း ဆင်စွယ်တစုံကို မြန်မာနိုင်ငံ မြဝတီခရိုင် အတွင်း ပြန်လည် တွေ့ရှိပြီးနောက် ထိုင်းအာဏာပိုင်များထံ ဇွန်လ ၁၂ ရက်နေ့က ပြန်လည်အပ်နှံလိုက်ပြီ ဖြစ်ကြောင်း သတင်းရရှိသည်။
ဗုဒ္ဓဝင် ပန်းပုလက်ရာများ ထွင်းထုထားသော အဆိုပါ ပျောက်ဆုံးဆင်စွယ်ကို တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) ထိန်းချုပ်နယ်မြေ ဝေါလေမြို့နယ်အတွင်း ပြန်လည်တွေ့ရှိပြီးနောက် DKBA နှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့တို့က ပြန်လည်အပ်နှံပေးလိုက်ခြင်း ဖြစ်ကြောင်းသိရသည်။
DKBA အဖွဲ့မှ ဗိုလ်မှူးကြီး စောစိန်ဝင်း က “ထိုင်းအစိုးရက ဆင်စွယ်ပျောက်ဆုံးမှုနဲ့ ပတ်သက်ပြီး ကျနော်တို့ကို ဆက်သွယ် အကြောင်းကြားလာတော့ နှစ်ဘက်ညှိနှိုင်းစုံစမ်းရာကနေ တွေ့တာပေါ့။ အဲဒီတော့ ညှိနှိုင်းဆောင်ရွက်ပေးလိုက်တာပေါ့” ဟု ဧရာဝတီသို့ ပြောသည်။
ထိုင်းနိုင်ငံ တာခ့်ခရိုင် အတွင်းရှိ အုန်းဖန်မြို့နယ်နှင့် မြန်မာနိုင်ငံ မြဝတီခရိုင်အတွင်းရှိ ဝေါလေမြို့နယ်တို့သည် နှစ်နိုင်ငံ နယ်စပ်မြို့ များဖြစ်ပြီး သောင်းရင်းမြစ် တခုသာ ခြားထားသည်။
နှစ်ပေါင်း ၂၀၀ ကျော်ရှိပြီဖြစ်သော အဆိုပါ ဆင်စွယ် အစုံကို ဒေါနတောင်တန်း ပေါ်ရှိ ပေ ၆၈၀၀ ကျော်တွင် တည်ဆောက် ထားသော “မူလအိ” ဆံတော်ရှင် ဆုတောင်းပြည့် စေတီတွင် တွေ့ရှိခဲ့ရခြင်းဖြစ်ကြောင်း ဗိုလ်မှူးကြီး စောစိန်ဝင်း က ပြောသည်။
အဆိုပါဆင်စွယ်ပျောက်ဆုံးမှုမှာ ကျေးရွာအုပ်ချုပ်ရေးမှူးဟောင်း၏ ခိုးယူခံရခြင်းဖြစ်ကြောင်း ထိုင်းသတင်းမီဒီယာများက ရေးသားကြသည်။
သို့သာ်လည်း အဆိုပါ လေးတော်ခု ကျေးရွာတွင် နေထိုင်သူများအကြား ဆင်စွယ်ထားရှိရန် နေရာနှင့်ပတ်သက်၍ သဘောထား ကွဲလွဲမှုဖြစ်ခဲ့ကြပြီး “မူလအိ” စေတီတွင် ထားရှိရန် လုပ်ဆောင်ရာမှ ယင်းသို့ ဖြစ်ပွားခြင်း ဖြစ်ကြောင်း ဗိုလ်မှူးကြီး စောစိန်ဝင်း က ရှင်းပြသည်။
“အဲဒီ ရွာသား တချို့ရဲ့ အယူအဆက ဒီဆင်စွယ်ရဲ့ ပင်ရင်းဌာနသည် ‘မူလအိ’ ဆံတော်ရှင်မှာ ရှိတယ်လို့ ယူဆကြတယ်။ အဲဒီ အုပ်စုက ယူလာတယ်။ သဘောမတူတဲ့ အုပ်စုက ထိုင်းအစိုးရဆီကို ပျောက်ဆုံးတဲ့ ပုံစံမျိုးနဲ့ တိုင်ကြားရင်းကနေ ခုလိုဖြစ်တာ။ ဒေသခံတချို့ကတော့ ဒါသူတို့ ရိုးရာပိုင်၊ နိုင်ငံပိုင်မဟုတ်ဘူး။ ဌာပနာချင်တဲ့နေရာမှာ ဌာပနာမယ် ဆိုပြီးတော့ လုပ်တာပါ” ဗိုလ်မှူးကြီး စောစိန်ဝင်း က ဆိုသည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ မြဝတီခရိုင် ရဲတပ်ဖွဲ့၊ မြို့မရဲစခန်းနှင့် ဝေါလေမြို့နယ် ရဲစခန်းမှူးတို့ကို ဆက်သွယ် မေးမြန်း ခဲ့သော်လည်း အသေးစိတ် ဖြေဆိုရန် ငြင်းဆန်ခဲ့ကြသည်။
ဗုဒ္ဓဝင် ပန်းပုလက်ရာများ ထွင်းထုထားသော အဆိုပါ ဆင်စွယ်ကို ထိုင်းနိုင်ငံ အုန်းဖန်မြို့နယ်ရှိ ဒေသခံ ကရင်လူမျိုးများ အကြား အထွတ်အမြတ်ထား၍ ကိုးကွယ်ကြကြောင်း၊ ယခုဖြစ်ရပ်ကြောင့် ထိုဆင်စွယ် အစုံ၏ လုံခြုံရေးကို ထိုင်းအာဏာပိုင်များအနေဖြင့် လုံခြုံရေး ပိုမိုဂရုစိုက်လာဖွယ်ရှိသည်ဟု ဆိုသည်။