သတင်း

ISIS အဖွဲ့ခွဲများ မလေးရှားရောက် ရိုဟင်ဂျာ ဒုက္ခသည်များကို စည်းရုံးဟု ဆို

Want create site? Find Free WordPress Themes and plugins.

ဖိလစ်ပိုင်လုံခြုံရေး တပ်ဖွဲ့များနှင့် တိုက်ခိုက်နေသော အစ္စလာမ်မစ် စစ်သွေးကြွအဖွဲ့တွင်ပါဝင်ရန် ISIS ကို ထောက်ခံသည့် အရှေ့တောင် အာရှမှအဖွဲ့များက ရခိုင်ပြည်နယ်မှ ထွက်ပြေးလာသော မလေးရှားနိုင်ငံရောက် ရိုဟင်ဂျာ မွတ်ဆလင်များကို စည်းရုံးရန် ကြိုးစားနေကြကြောင်း ဂျကာတာ အခြေစိုက် သုတေသန လုပ်ငန်းတခု၏ အစီရင်ခံစာ အရ သိရသည်။

အင်ဒိုနီးရှား နှင့် ဖိလစ်ပိုင်မှ အကြမ်းဖက် ပဋိပက္ခများကို စောင့်ကြည့်လေ့လာသည့် The Institution for Policy Analysis of Conflict (IPAC)က ဖိလစ်ပိုင်တောင်ပိုင်း Marawi မြို့မှ လတ်တလောတိုက်ခိုက်မှုများသည် ISIS ကြောင့် ဖြစ် လာသည့် အစွန်း ရောက် လှုပ်ရှားမှုများသည် ဒေသတလွှားတွင် လူဦးရေ ရွေ့လျားမှုနှင့်အတူ ကြီးထွားလာသည်ကို ပြသနေခြင်း ဖြစ်ကြောင်း ဆိုသည်။

မေလအတွင်းက ထုတ်ပြန်ခဲ့သည့် ““How Southeast Asia and Bangladeshi Extremism Intersect” အမည်ရှိ အစီရင်ခံစာတွင် IPAC က ဘင်္ဂလားဒေ့ရ်ှ နှင့် မြန်မာနိုင်ငံမှ အဖြစ်အပျက်များက တောင်အာရှနှင့် အရှေ့တောင်အာရှမှ အစွန်းရောက်များ၏ ဆက်သွယ်မှုက အန္တရာယ်များကြီးမားသည့် အခြေကုတ်ရယူလာမှုတခုဖြစ်သည်ဟု ထောက်ပြ သည်။

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်တွင် ရိုဟင်ဂျာ မွတ်ဆလင်တို့၏ အခွင့်အရေးကို ကာလကြာရှည်စွာ ငြင်းပယ်ခဲ့ပြီး ၂၀၁၆ ခုနှစ် နှောင်းပိုင်း နယ်ခြားစောင့်ရဲစခန်းများ ဝင်စီးခံရကာ လုံခြုံရေးတပ်ဖွဲ့များ၏ တန်ပြန် နှိမ်နင်းမှုကြောင့် သေဆုံးသူနှင့် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသူ ထောင်နှင့် ချီ၍ ရှိခဲ့သည်။

“မြန်မာနိုင်ငံမှာ မွတ်ဆလင်တွေကို ဖိနှိပ်ခြင်းက ပြည်ပရောက် မွတ်ဆလင် ရိုဟင်ဂျာ အသိုင်းအဝိုင်းအကြားမှာ အစွန်းရောက်လုပ်ရပ်တွေ လုပ်ကိုင်ချင်စိတ် ပိုပြီး များလာစေတဲ့ အလားအလာ ရှိပြီး အရှေ့တောင်အာရှမှာ ရှိတဲ့ အစွန်းရောက် အဖွဲ့အစည်းတွေရဲ့ အမြင်မှာလည်း ရိုဟင်ဂျာတွေက လူသစ်စုဆောင်းဖို့ အသင့်တော်ဆုံး အနေအထားမှာ ရှိနေပါတယ်” ဟု အဆိုပါ အစီရင်ခံစာက ပြောသည်။

IPAC ၏ ဒါရိုက်တာ Sidney Jones က “ISIS က ပြည်ပရောက်ရိုဟင်ဂျာ အသိုင်းအဝိုင်းကနေ ထောက်ခံမှုတွေ ရှာဖွေ ရရှိနိုင်ပါတယ်။ ဒါပေမယ့် ပြည်တွင်းက ဒေါသထွက်နေတဲ့ လူငယ်ရိုဟင်ဂျာတွေကတော့ ကမ္ဘာ့အဆင့် ဘာသာရေး စစ် ပွဲ (jihad)နဲ့ ဆက်သွယ်တဲ့ လှုပ်ရှားမှုထက်စာရင် ပြည်တွင်းမှာ လူမျိုးရေးအရ တော်လှန်ပုန်ကန်မှု လုပ်တာမျိုးပဲ ပိုပြီးတော့ ပါဝင်ချင်ပါတယ်” ဟု ပြောဆိုသည်။

ပြီးခဲ့သည့် အောက်တိုဘာလ အတွင်းတွင် နယ်ခြားစောင့် ရဲတပ်ဖွဲ့စခန်းများ တိုက်ခိုက်ခံရ၍ ရဲအဖွဲ့ဝင် ၉ ဦး သေဆုံးခဲ့ရသည်ကို လက်တုန့် ပြန်သည့် အနေဖြင့် မြန်မာ တပ်မတော်က စစ်ဆင်ရေးများ စတင်ဆောင်ရွက်ခဲ့ပြီးနောက် ရခိုင်ပြည်နယ်မှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးခိုလှုံသူ ၇၀၀၀၀ ခန့် ရှိခဲ့သည်။

ရခိုင်ရိုဟင်ဂျာ ကယ်တင်ရေးတပ်ဖွဲ့(ARSA) ဆိုသည့် အဖွဲ့တခုက တိုက်ခိုက်မှုသည် သူတို့၏ လက်ချက်ဖြစ်သည်ဟု ဝန်ခံခဲ့ကြောင်း ဒီဇင်ဘာလတွင် ထုတ်ပြန်ခဲ့သည့် International Crisis Group ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။ သို့သော်လည်း ၎င်းတို့သည် မည်သည့် နိုင်ငံတကာ အကြမ်းဖက် အဖွဲ့အစည်းနှင့်မျှ ဆက်သွယ်မှု မရှိကြောင်း ရိုက်တာသတင်းဌာနနှင့် အင်တာဗျူးတခုတွင် အဖွဲ့ခေါင်းဆောင်ဆိုသူက ပြောသည်။

ယခု IPAC ၏ အစီရင်ခံစာတွင်မူ ARSA ခေါင်းဆောင်များက စစ်ရေး လေ့ကျင့်ရေးအတွက် အရှေ့တောင်အာရှမှ အကြမ်းဖက် အဖွဲ့အစည်းအချို့ထံ အကူအညီတောင်းခံခဲ့ကြောင်း ဖော်ပြထားသည်။

“မြန်မာလုံခြုံရေးတပ်ဖွဲ့တွေကို နယ်စပ်မှာ တိုက်ခိုက်နေတဲ့ လက်နက်ကိုင် အဖွဲ့အစည်းတခု ရှိနေခြင်းက ဘင်္ဂလားဒေ့ရှ်၊ အင်ဒိုနီးရှားနဲ့ မလေးရှားမှာ ရှိတဲ့ ISIS ထောက်ခဲတဲ့ အဖွဲ့တွေ အနေနဲ့ သူတို့ရဲ့ သက်ဆိုင်ရာ ရိုဟင်ဂျာ အသိုင်းအဝိုင်းတွေ အတွင်းနဲ့ သူတို့ ကိုယ်တိုင် တိုက်ခိုက်မှုတွေ ပြုလုပ်ဖို့ ဆန္ဒ ရှိနေတဲ့ သူတွေကို ပိုပြီး စနစ်ကျတဲ့ လူသစ်စုဆောင်းမှုတွေ လုပ်ဖို့ လှုံ့ဆော်ပေးပါတယ်” ဟု အစီရင်ခံစာက သတိပေးထားသည်။

လက်ရှိ အချိန်တွင် ရခိုင်ပြည်နယ်၌ ကိုယ့်ကိုယ်ကိုယ် ရိုဟင်ဂျာဟု သတ်မှတ်သည့် မွတ်ဆလင် ၁ သန်းခန့် ရှိနေပြီး အများစုမှာ နိုင်ငံမဲ့များ ဖြစ်ကြသည်။ ဗုဒ္ဓဘာသာဝင် ရခိုင် အသိုင်းအဝိုုင်းမှ လူအများအပြားနှင့် မြန်မာအစိုးရတို့က သူတို့ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ မြန်မာနိုင်ငံသို့ တရားမဝင် ရွှေ့ပြောင်းအခြေချသည့် ဘင်္ဂါလီများ အဖြစ် သတ်မှတ်ဖော်ပြကြသည်။

ရခိုင်ပြည်နယ်တွင် လုံခြုံရေးတပ်ဖွဲ့များက ရိုဟင်ဂျာ မွတ်ဆလင်များ အပေါ် သတ်ဖြတ်ခြင်း၊ နှိပ်စက်ခြင်း နှင့် မတရားပြုကျင့်ခြင်း စွပ်စွဲမှုများ အတွက် အချက်အလက်ရှာဖွေရေး အဖွဲ့တခု စေလွှတ်ရန် ကုလသမဂ္ဂက မတ်လ အတွင်း ဆုံးဖြတ်ခဲ့သည်။ ၂၀၁၇ ခုနှစ် အစောပိုင်းအထိ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ၏ စာရင်းများအရ အင်ဒိုနီးရှား နိုင်ငံတွင် ရိုဟင်ဂျာ ၈၀၀ ရှိပြီး မလေးရှားနိုင်ငံတွင် ၅၆၅၀၀ ခန့်ရှိသည်။ အများစုမှာ ဆယ်စုနှစ် နှင့် ချီ၍ ရောက်ရှိနေထိုင်ကြသူများ ဖြစ်သည်။

အင်ဒိုနီးရှားနိုင်ငံသားများ၊ မလေးရှားနိုင်ငံသားများ နှင့် သူတို့ကို စာနာထောက်ထားသူများက ဘင်္ဂလားဒေ့ရှ် အခြေစိုက် ရိုဟင်ဂျာ အဖွဲ့များမှ တဆင့် မြန်မာနိုင်ငံမှ ရိုဟင်ဂျာများကို ကူညီရန် ကြိုးစားနေကြကြောင်း IPAC ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

“ခြုံပြောရမယ်ဆိုရင် မြန်မာနိုင်ငံအနေနဲ့ ISIS ထက်စာရင် အခြေခံ နိုင်ငံရေး အခွင့်အရေးတွေရရှိဖို့ ဆိုတဲ့ခေါင်းစဉ်နဲ့ ရိုဟင်ဂျာတွေရဲ့ လက်နက်ကိုင် ပုန်ကန်မှုကို ပိုပြီး စိုးရိမ်ရမှာ ဖြစ်ပါတယ်။ တနည်းအားဖြင့်တော့ ဒါက သတင်းကောင်းပါ။ ဘာကြောင့်လဲ ဆိုတော့ ရန်ကုန်က အာဏာပိုင်တွေမှာသာ လုပ်ချင်ဖို့ စိတ်ရှိကြမယ် ဆိုရင် နိုင်ငံရေး အဖြေတခု အတွက် အလားအလာရှိနေတဲ့ သဘော ဖြစ်ပါတယ်” ဟု Sidney Jones ကပြောသည်။

“ISIS ထဲကို ဝင်ဖို့ကတော့ တခြားနည်းလမ်းတွေ ရှိပါတယ်။ အင်ဒိုနီးရှားက အယူအဆပြင်းထန်တဲ့ ဘာသာရေးကျောင်းတွေဆီ ရောက်သွားတဲ့ လှေစီး ရိုဟင်ဂျာ လူငယ် တယောက် နှစ်ယောက် ဒါမှ မဟုတ်ရင်လည်း ဆီးရီးယားနဲ့ ဖိလစ်ပိုင် မင်ဒါနာအိုက အွန်လိုင်းပေါ် ဆွဲဆောင်နေတာကို ခံရတဲ့ မလေးရှားရောက် ရိုဟင်ဂျာ အသိုင်းအဝိုင်းတွေပေါ့” ဟု သူက ထပ်ပြောသည်။

မလေးရှား တက္ကသိုလ်များတွင် ပညာသင်ကြားနေသည့် ဘင်္ဂလားဒေ့ရှ် လူလတ်တန်းစား မိသားစုများမှ ကျောင်းသား အချို့ ကြားတွင် ၎င်းတို့နိုင်ငံတွင်ရော မလေးရှားမှာပါ ISIS ကို ထောက်ခံသည့် သဘောတရားများ တိုးပွားအောင်လည်း လုပ်ဆောင်နေသည်ဟု IPAC ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။ အချို့က ဆီးရီးယားနိုင်ငံသို့ သွားရန် အတွက် ကွာလာလမ်ပူကို ထွက်ခွာသည့်နေရာအဖြစ် အသုံးပြုနေကြပြီး အချို့က ဆီးရီးယား သို့မဟုတ် အီရတ်တွင် ISIS တိုက်ခိုက်ရေးသမားများ အဖြစ် အချင်းချင်းတွေ့ကြသည်ဟုလည်း ဆိုသည်။

အကြမ်းဖက်မှုသည် ပိုမိုကြီးမားစွာ ရောထွေးယှက်နွယ်လာပြီး တောင်အာရှ နှင့် အရှေ့တောင်အာရှကြားတွင် အစဉ်အလာအရ ကွဲပြားခြားနားမှု မရှိသည့်သဘော ဖြစ်လာနေသည်ဟု လည်း IPAC ၏ အစီရင်ခံစာ ကဆိုသည်။

သမိုင်းအရဆိုလျှင် ဘင်္ဂလားဒေ့ရှ် နိုင်ငံ အရှေ့တောင်ဖက်ပိုင်းတွင် လှုပ်ရှားခဲ့သော ရိုဟင်ဂျာ သွေးစည်းညီညွတ်ရေး အဖွဲ့ (RSO) က ၁၉၈၀ နှောင်းပိုင်း နှစ်များနှင့် ၁၉၉၀ နှစ်များအတွင်းတွင် အရှေ့တောင်အာရှမှ အစွန်းရောက် အဖွဲ့ အစည်းများ နှင့် ဆက်သွယ်မှုရှိခဲ့သည်ဟု သိရသော်လည်း ယခုအခါ ဖြစ်ထွန်းမှုသစ်များကြား ရောထွေးပျောက်ကွယ်သွားပြီဟု ယူဆရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading