သတင်း

ငွေစက္ကူအတုများကြောင့် ပြည်သူများ နစ်နာမှု မေးခွန်း လွှတ်တော်တွင် အဖြေမရှိ

Want create site? Find Free WordPress Themes and plugins.

ပြည်သူများက အကြောင်းအမျိုးမျိုးဖြင့် ငွေစက္ကူအတု ကိုင်ဆောင်မိသည့် အခါ ငွေကို ဘဏ်များ၏ သိမ်းဆည်းမှုကို ခံနေရပြီးနောက် ရဲတပ်ဖွဲ့၏ စုံစမ်းစစ်ဆေးမှုကိုပါ ခံရနိုင်သဖြင့် ထိုဖြစ်စဉ်များကို အစိုးရ၊ ဗဟိုဘဏ်နှင့် ပြည်ထဲရေး ဝန်ကြီးဌာနတို့ဖြင့် မည်ကဲ့သို့ ပေါင်းစပ် ညှိနှိုင်း၍ ဖြေရှင်းပေးမည်ကို သိလိုကြောင်း နေပြည်တော် ဇမ္ဗူသီရိမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖြိုးဇေယျာသော်က ယနေ့ ကျင်းပသည့် လွှတ်တော်တွင် မေးမြန်းခဲ့သည်။

“ငွေစက္ကူအတုတွေ ပြည်သူတွေဆီမှာ ထပ်မံ မလည်ပတ်ဖို့ဆိုတဲ့ အကြောင်းပြချက် တခုတည်းနဲ့တင် တစုံတရာသော ဖြေရှင်းမှု မရှိဘဲနဲ့ ပြည်သူတွေရဲ့ ချွေးနှဲစာ ဒီငွေစက္ကူတွေဟာ စက္ကူစုတ်တခု ဖြစ်သွားရတာဟာ မသင့်တော်ဘူးလို့ ယူဆတဲ့အတွက် ဒီမေးခွန်းကို မေးမြန်းရတာ ဖြစ်ပါတယ်”ဟု ဦးဖြိုးဇေယျာသော်က ပြောသည်။

သာမာန်ပြည်သူတဦးသည် ဘဏ်တခုသို့ ငွေအပ်နှံခြင်း သို့မဟုတ် ငွေလွှဲခြင်းများ ပြုလုပ်သည့်အခါ ၎င်းအထဲမှ ပိုက်ဆံ တချို့ကို အတုဟု ယူဆပြီးနောက် ဘဏ်များက ဖျက်ဆီးခြင်းများ ပြုလုပ်ကြောင်း၊ ယခုအခါ သိမ်းဆည်းခြင်းများ ဆောင်ရွက်ပြီး ဆုံးရှုံးသွား ရသည့် ငွေကြေးအတိုင်းအတာအတွက် မည်သည့်ဘဏ်ကမျှ တာဝန်ယူခြင်း မရှိကြောင်း သိရသည်ဟု ၎င်းက လွှတ်တော်တွင် ဆွေးနွေးသည်။

“အဲဒီအပြင် သိမ်းဆည်းလိုက်တဲ့ ငွေကြေးတွေအတွက်လည်း ခိုင်လုံတဲ့ အထောက်အထား တခုခုလည်း ထုတ်ပြန် ပေးတာမျိုး မရှိပါဘူး။ ငွေအပ်နှံတဲ့ ပြည်သူတွေအတွက်မှာတော့ တရားမဝင် ငွေကြေးအတုတွေ ကိုင်ဆောင်တယ် ဆိုပြီးတော့ ထပ်မံတရားစွဲဆိုခြင်း မခံရရင်ဘဲ တော်လှပြီလို့ သဘောထားပြီးတော့မှ အလွယ်တကူ ပေးလိုက်ရသလို ဖြစ်နေပါတယ်”ဟု ဇမ္ဗူသီရိမြို့နယ် လွှတ်တော် ကိုယ်စားလှယ် ဦးဖြိုးဇေယျာသော်က ပြောသည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ နိုင်ငံတော်မှ တရားဝင် ထုတ်ပြန်ထားသည့် ငွေကြေးများကို အာမခံနိုင်သော်လည်း ငွေစက္ကူ အတု များနှင့် ပတ်သက်၍ တာဝန်ယူနိုင်ခြင်း မရှိကြောင်း၊ ၂၀၁၆- ၁၇ ဘဏ္ဍာရေးနှစ်တွင် ၅၀၀၀ တန် ၁၃၄၃ ရွက်၊ ၁၀၀၀၀ တန် ၉၅၇ ရွက်ကို စစ်ဆေးပြီး အတုဟု အတည်ပြုနိုင်ခဲ့သဖြင့် လက်ရှိ လှည့်လည် သုံးစွဲနေသည့် ရွက်ရေ စုစုပေါင်း ၁၃၅၃ သန်းနှင့် နှိုင်းယှဉ်ပါက ၀ ဒသမ ၀၅၄ ရာခိုင်နှုန်းသာ ရှိကြောင်း ဗဟိုဘဏ်က လွှတ်တော်တွင် ပြောသည်။

“ဘယ်သူမှ ဗဟိုဘဏ်က ထုတ်ဝေတဲ့ ငွေစက္ကူ၊ ဒင်္ဂါးနဲ့ လွှဲပြောင်းနိုင်တဲ့ စာချုပ်စာတမ်း တမျိုးမျိုးကို အတုမှန်းသိလျက်နဲ့ သုံးစွဲခြင်း မပြုရလို့ ပြဌာန်းထားတဲ့အတွက် သိလျက်နဲ့ သုံးစွဲခြင်းက ပြစ်မှု မြောက်ပါတယ်”ဟု ဗဟိုဘဏ် ဒုတိယ ဥက္ကဋ္ဌ ဦးစိုးမင်းက ပြောသည်။

ငွေစက္ကူအတုများနှင့် ပတ်သက်၍ ဘဏ်များအပေါ် လုပ်ပိုင်ခွင့် အပ်နှင်းထားခြင်းနှင့် ပတ်သက်၍ အတုများ လာရောက်ပေးသွင်းမှုများ တွေ့ရှိပါက ၎င်း၏ အမည်၊ နိုင်ငံသား စိစစ်ရေး ကတ်ပြားအမှတ်၊ နေရပ်လိပ်စာတို့ကို မှတ်သား၍ ငွေစက္ကူအတုကို မှတ်တမ်း အပြည့် အစုံနှင့်အတူ လိုသလို စုံစမ်းမှုများ ပြုလုပ်နိုင်ရန် နီးစပ်ရာ ပြည်သူ့ရဲတပ်ဖွဲ့စခန်းသို့ ပို့ရန်ဟု ဘဏ်များသို့ အကြောင်းကြားထားကြောင်း သိရသည်။

ငွေစက္ကူအတုများနှင့် ပတ်သက်၍ ကောလဟလ မဖြစ်ပေါ်စေရေးနှင့် ငွေကြေးကဏ္ဍ တည်ငြိမ်မှု မပျက်ပြား စေရေးအတွက် အခါ အားလျော်စွာ ဘဏ်များမှ တာဝန်ရှိသူများအား ငွေစက္ကူအတုနှင့် အစစ်တို့၏ ခြားနားချက်များနှင့် ထူးခြားချက်များကို ရှင်းလင်း ပြသထားကြောင်း ဗဟိုဘဏ်က ပြောသည်။

၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလမှ မေလ ၂၄ ရက်အထိ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ ငွေစက္ကူအတုများကို နယ်စပ်မှ ၇ ကြိမ်၊ ပြည်တွင်း တုပမှု ၆ ကြိမ် ဖမ်းဆီးရမိခဲ့ပြီး ငွေစက္ကူ အတုများကို Color Printer၊ Color Copier၊ Block နည်းတို့ဖြင့် တုပပြုလုပ်ခြင်း ဖြစ်ကြောင်း၊ တရားရုံး အမိန့် ချမှတ်ပြီးသည့် ငွေစက္ကူများကို ဗဟိုဘဏ် အပြီးသတ် ဖျက်ဆီးရေး ကော်မတီက ဖျက်ဆီးလိုက်ကြောင်းလည်း သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading