သတင်း

ကျိုက်ထီးရိုးတောင်အား ရှေးဟောင်းဇုန်အဖြစ် သတ်မှတ်ရန် ခက်ခဲနေ

Want create site? Find Free WordPress Themes and plugins.

ကမ္ဘာလှည့် ခရီးသည်များအား ဆွဲဆောင်ရာ နေရာ တခု ဖြစ်သည့် မွန်ပြည်နယ် ကျိုက်ထိုမြို့ရှိ ကျိုက်ထီးရိုး စေတီတော် မြတ်အား “ရှေးဟောင်း ယဉ်ကျေးမှုဇုန်” အဖြစ် သတ်မှတ်ရန်မှာ ခက်ခဲနေပြီး လက်ရှိတွင် ကျိုက်ထီးရိုးတောင်အား “ကာကွယ် ထိန်းသိမ်း ထားသောဇုန်” အဖြစ်သာ သတ်မှတ် ထားနိုင်သေးကြောင်း မွန်ပြည်နယ် အစိုးရ အဖွဲ့ဝင် လူမှုရေး ဝန်ကြီး ဒေါက်တာ ထိန်လင်းက ပြောသည်။

“အကယ်၍ သတ်မှတ်ပြီးရင် ဘုရား ပြုပြင်တာတို့ ရွှေချတာတို့ အဲဒါတွေ လုပ်လို့ မရတော့ဘူး၊ ရှေးဟောင်း ဘုရား အနေနဲ့ စည်းကမ်းချက်ထဲမှာ အဲဒါတွေပါတယ်၊ ဂေါပကတွေရော ၊ အဲဒီက လုပ်ငန်းရှင်တွေရော ၊ ဟိုတယ် ပိုင်ရှင်တွေရော ၊ ဈေးသည် တွေရော အားလုံးကို ဒီစည်းကမ်းတွေ ရှင်းပြရမယ်၊ စည်းကမ်း ဖောက်ဖျက် ရင်တော့ ဥပဒေ အရ အရေးယူ တာတို့ ဘာတို့ ရှိလာလိမ့်မယ်” ဟု ဒေါက်တာ ထိန်လင်းက ရှင်းပြသည်။

အဆိုပါ နေရာအား မွန်ပြည်နယ် အစိုးရ အဖွဲ့မှ “ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ်ဇုန်” အဖြစ် သတ်မှတ် ပြဌာန်း သွားရန် အစီအစဉ် ရှိသော်လည်း အချိန်ယူ၌ ဆက်လက် ညှိနှိုင်း လုပ်ဆောင် သွားရမည်ဟု သိရသည်။

ကျိုက်ထီးရိုး ဘုရားအား လုံးတော်ပြည့် ရွှေသင်္ကန်း ကပ်လှူခြင်းနှင့် ဘုရားထီးတင်ခြင်းအား ဘုရား ဂေါပက အဖွဲ့ဝင် များက သုံးနှစ် တကြိမ်ခန့် ပြုလုပ်လျက် ရှိရာ အကယ်၍ ရှေးဟောင်း ယဉ်ကျေးမှု ဇုန်အဖြစ် သတ်မှတ် ပြီးပါက “ရှေးဟောင်း ယဉ်ကျေးမှုဇုန်” စည်းကမ်းချက် များအရ ထိုကဲ့သို့ ရှေးဟောင်း ဘုရားများအား ပြန်လည် ပြုပြင်ခြင်းကို ခွင့်ပြုချက် ယူရမည် ဖြစ်ကာ ဆန္ဒအလျောက် ၎င်းပြုပြင်မှုများ ပြုလုပ်၍ ရတော့မည် မဟုတ်ပေ။

ထို့ပြင် ရှေးဟောင်း အထိမ်းအမှတ် အဆောက်အအုံ တည်ရှိရာဇုန် အဖြစ် သတ်မှတ်နိုင်ရေး အတွက် မြို့၊ ရပ်ကွက်၊ ကျေးရွာ အကျယ်အဝန်းအား ချဲ့ထွင်ခြင်း မပြုရန်နှင့် ရှေးဟောင်း အဆောက်အအုံ မြေဧရိယာ၌ အခြား အဆောက်အအုံ ဆောက်လုပ်ခွင့် မပြုရန် စသည့် စည်းကမ်းချက်များ ၂၂ ချက် ရှိ၍ ၎င်းအား ဘုရား ဂေါပက အဖွဲ့၊ ဒေသခံ များနှင့် စီးပွားရေး လုပ်ငန်းရှင်များ လိုက်နာ လုပ်ဆောင်နိုင်ရန် ခက်ခဲမည် ဖြစ်ကြောင်း ဒေါက်တာ ထိန်လင်းက ဆက်ပြောသည်။

၎င်းက “စည်းကမ်းချက်တွေ လက်ခံ နိုင်တယ် ဆိုတော့မှ လုပ်တာ ပိုကောင်းတယ်၊ ဒါမှမဟုတ်ရင် ခဏခဏ အရေးယူနေရမယ်၊ နောက်သတ်မှတ်ချက်တွေ များလာရင် ဂေါပက တွေက ဘာမှ လုပ်လို့ ရဘူး ၊ ဌာနရဲ့ ခွင့်ပြုချက် ရမှပဲ လုပ်လို့ ရမယ်၊ ဂေါပက တွေက လိုက်နာနိုင်ဖို့ ခက်တယ်၊ သတ်မှတ်တာက လွယ်တယ်၊ ဒီဥပဒေတွေ လိုက်နာ နိုင်ဖို့က ခက်တယ်” ဟု ပြောသည်။

ကျိုက်ထီးရိုး ဘုရားတောင်ပေါ်တွင် ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ် ဟူ၍ ကျိုက်ထီးရိုး ဘုရားတဆူသာ ရှိ၍ အခြား ရှေးဟောင်း လက်ရာ များမှာ မရှိတော့ရာ ယဉ်ကျေးမှု ဇုန်အစား ယခုကဲ့သို့ ကာကွယ် ထိန်းသိမ်း ထားသော ဇုန်အဖြစ် တည်ရှိနေခြင်းကာ သင့်လျော်ကြောင်း ကျိုက်ထီးရိုး ဘုရား ဂေါပက အဖွဲ့ဝင် ဦးစိန်မြင့်က ၎င်း၏ အမြင်ကို ရှင်းပြသည်။

ဂေါပက အဖွဲ့ဝင် ဦးစိန်မြင့်က “အဲဒီလောက် ကျပ်တည်း လာရင် လက်မခံ နိုင်ဘူး၊ ဘာဖြစ်လို့လဲ ဆိုတော့ ဒီမှာက ရှင်းရှင်း ပြောရရင် ရှေးဟောင်း ပစ္စည်း ဆိုလို့ ကျိုက်ထီးရိုး ဘုရား တဆူပဲ ရှိတယ်၊ ကျန်တာတွေက အကုန်ပျက်သွားပြီ၊ အရင်က သိမ်ဟောင်းလည်း ပျက်ပြီ၊ ကျွန်တော်တို့ ငယ်ငယ်က ရှိတဲ့ ဇရပ်တွေလည်း ဖျက်ပြီးပြီ၊ ရှေးဟောင်း ဆိုလို့ ဘာမှ မရှိတော့ပါဘူး” ဟု ဦးစိန်မြင့်က ဆိုပါသည်။

အဆိုပါ နေရာအား ရှေးဟောင်းယဉ်ကျေးမှုဇုန် အဖြစ် သတ်မှတ်မည့် အစား ကျိုက်ထီးရိုး သစ်တောကြိုးဝိုင်း ကာကွယ်ရေးအား ပီပီပြင်ပြင် လုပ်ဆောင်လျှင် ပိုမို သင့်လျှော်ကြောင်း ဦးစိန်မြင့်က ၎င်း၏ အမြင်ကို ပြောသည်။

မွန်ပြည်နယ် ကျိုက်ထိုမြို့၌ တည်ရှိသည့် Golden Rock ဟု နိုင်ငံတကာမှ တင်စား ခေါ်ဝေါ် ကြသည့် ကျိုက်ထီးရိုး ဘုရားသည် ကျိုက်ထီးရိုး သဘာဝ ကြိုးဝိုင်းတော မြေဧရိယာ ၃၈၆၀၆ ဧက ပေါ်တွင် တည်ရှိပြီး သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနမှ စီမံပိုင်ခွင့် သစ်တော မြေပေါ်တွင် တည်ရှိသည်။

အဆိုပါမြေထဲမှ ၆၆၉၂ ဧကအား သာသနာ့ နယ်မြေ အဖြစ် သတ်မှတ် ထားပြီး ယင်းသာသနာ့ နယ်မြေ ပေါ်တွင် စေတီပုထိုး ၁၆ ဆူ၊ ဘုန်းတော်ကြီးကျောင်း ၃၃ ကျောင်း၊ ဌာနဆိုင်ရာနှင့် အခြား အဆောက်အအုံ ၄၁ ခု ၊ အလှူခံ မဏ္ဍာပ် ၁၂ ခု၊ ရင်ပြင်တော် ဧရိယာ အတွင်းရှိ ဘုန်းကြီးကျောင်း၊ တည်းခိုဆောင်၊ ဈေးဆိုင် ၉၁ ခု ၊ အခြား လူနေအိမ်နှင့် ဈေးဆိုင်ခန်းများ ၉၉၁ ခု ရှိကြောင်း မှတ်တမ်းများအရ သိရသည်။

ဆံတော်ရှင် ကျိုက်ထီးရိုး စေတီတော်အား ယဉ်ကျေးမှု ဝန်ကြီးဌာနမှ အမိန့် ကြေငြာစာ အမှတ် (၄/၉၉) ဖြင့် ၁၉၉၉ ခုနှစ် အောက်တိုဘာလ ၁၁ ရက်နေ့တွင် “ကာကွယ် ထိန်းသိမ်းထားသောဇုန်” အဖြစ် တရားဝင် သတ်မှတ် ကြေငြာ ခဲ့ပြီးနောက် လက်ရှိ၌ ထိုအတိုင်းပင် ဆက်လက် သတ်မှတ် ထားသည်။

 

Did you find apk for android? You can find new Free Android Games and apps.
Loading