အစိုးရ ၏ လမ်း၊ တံတား၊ ကျောင်း၊ ဆေးရုံ စသည့် အခြေခံအဆောက်အအုံ တည်ဆောက်ရေး လုပ်ငန်းစဉ် အားလုံးကို ပြည်သူလူထုအား ချ ပြရန် အစီအစဉ်ရှိ၊ မရှိ ပဲခူးတိုင်းဒေသကြီး အမှတ် ၈ မဲဆန္ဒနယ် မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာဝင်းမြင့်ချစ်က ယနေ့ လွှတ်တော် အစည်းအဝေးတွင် မေးမြန်းခဲ့သည်။
ယခင်ကာလများက မြို့နယ် အလိုက် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ တည်ဆောက်ရာတွင် ဒေသခံအနေဖြင့် သိရှိခြင်း မရှိပဲ သက်ဆိုင်ရာ ဒေသ တာဝန်ရှိသူများသာ အရည်အသွေး စစ်ဆေးခြင်း အပါအဝင် လုပ်ငန်းစဉ် အားလုံး ဆောင်ရွက်ခဲ့ကြသဖြင့် လျာထားပေးသည့် ဘဏ္ဍာငွေနှင့် ထိုက်တန်သည့် လုပ်ငန်းများ စံ ကိုက်၊ မကိုက် ဆိုသည်မှာ မေးမြန်းစရာ ဖြစ်နေကြောင်း သိရသည်။
အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာဝင်းမြင့်ချစ်က “တိုင်းပြည်ရဲ့ဘဏ္ဍာငွေ အလေအလွင့်၊ အဖိတ်အစင် နည်းပါးသထက် နည်းပါးအောင် ဆောင်ရွက်နေချိန် ဖြစ်တဲ့အတွက် ဒေသဖွံ့ဖြိုးရေး အတွက် လိုအပ်လို့ ခွင့်ပြုပေးထားရတဲ့ ဘတ်ဂျက်နဲ့ ထိုက်တန်တဲ့ လုပ်ငန်းများ ဖြစ်ရန် အထူး အရေးကြီးပါတယ်” ဟု ပြောဆိုသည်။
လူထု နှင့် သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်များ အနေဖြင့် လုပ်ငန်းဆိုင်ရာ အချက်အလက်များကို သိရှိလို၍ မေးမြန်းတောင်းခံလာပါက ဆောက်လုပ်ရေးဝန်ကြီးဌာန က ရှင်းလင်းဖြေကြားပေးသွားမည်ဖြစ်ကြောင်း ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက ယနေ့ကျင်းပသည့် အမျိုးသားလွှတ်တော် အစည်းအဝေးတွင် ပြန်လည် ဖြေကြားခဲ့သည်။
ဒုတိယဝန်ကြီး ဦးကျော်လင်းက “ သက်ဆိုင်ရာဝန်ကြီးဌာနများနဲ့ တိုင်းဒေသကြီးနှင့်ပြည်နယ် အလိုက် တင်ဒါ စိစစ်ရေး ကော်မတီများနှင့်အတူ လုပ်ငန်ကြီးကြပ် စစ်ဆေးသည့် ကော်မတီများဖြင့် ကြီးကြပ်ဆောင်ရွက်သွားရန်နှင့် သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်များအား ဖိတ်ကြားကာ လုပ်ငန်းဆိုင်ရာ အချက်အလက်များကို ရှင်းလင်းတင်ပြသွားရန် ညွှန်ကြားထား ရှိပါကြောင်း ဖြေကြားအပ်ပါတယ်” ဟု ပြောသည်။
ဆောက်လုပ်ရေးဝန်ကြီးဌာန အနေဖြင့် နိင်ငံတော် ဘဏ္ဍာရေးဖြင့် ဆောင်ရွက်သည့် တည်ဆောက်ရေးလုပ်ငန်းများတွင် ဆောက်လုပ်ရေးပစ္စည်းများကို တင်ဒါခေါ်ယူဆောင်ရွက်လျက်ရှိကြောင်း၊ ခန့်မှန်းခြေ စာရင်းများကို လည်း တည်ဆောက်ရေးကော်မတီ သို့ တင်ပြ၍ အတည်ပြုချက် ရယူပြီးမှ ဆောင်ရွက်ကြောင်း၊ လုပ်ငန်းခွင်တွင်လည်း လုပ်ငန်းအမည်၊ အတိုင်းအတာ၊ ခွင့်ပြု ရန်ပုံငွေ၊ ပုံစံ၊ ဌာန၊ ဆောင်ရွက်မည့် အဖွဲ့၊ ကုမ္ပဏီ စသည့် အမျိုးအမည် တို့ကို ဆိုင်းဘုတ်စိုက်ထူ ဆောင်ရွက်စေခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ပုဂ္ဂလိက ကဏ္ဍ မှ တည်ဆောက်သည့် ဆောက်လုပ်ရေး လုပ်ငန်းများတွင် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရများက စိစစ်ခြင်း ဖြစ်ပြီး အရည်အသွေး စံချိန်စံညွှန်း သတ်မှတ်ချက် အနည်းငယ်ကွဲလွဲနိုင်ကြောင်း ဒုဝန်ကြီး ဦးကျော်လင်းက ရှင်းပြသည်။
ဆောက်လုပ်ရေးဝန်ကြီးဌာနသည် အိမ်နီးချင်းနိုင်ငံများကဲ့ သို့ တနိုင်ငံလုံး ရှိ အခြေခံအဆောက်အအုံများ၏ အရည်အသွေး သတ်မှတ်ချက် တူညီနိုင်ရန် အတွက် ဆောက်လုပ်ရေးဆိုင်ရာ စီမံခန့်ခွဲမှု ကြီးကြပ်ရေး အဖွဲ့ ဖွဲ့စည်း ဆောင်ရွက်သွားရန် ဥပဒေရေးဆွဲနေသည်။
ဦးကျော်လင်းက “ဒီဥပဒေကို ပြည်ထောင်စု လွှတ်တော်မှာ အတည်ပြု ပြီးသွားရင် ကျနော်တို့ board အဖွဲ့ ထူထောင်ရပါမယ် ။ အဲဒါ ထူထောင်ပြီးသွားရင်တော့ တနိုင်ငံလုံး မှာ စံချိန် စံညွှန်းက တပြေးညီ ဖြစ်လာပါလိမ့်မယ် ။” ဟု ပြောသည်။
မေးခွန်း မေးမြန်းသူ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာဝင်းမြင့်ချစ် က တည်ဆောက်မှုလုပ်ငန်းစဉ်များတွင် ဌာနဆိုင်ရာ ပညာရှင်များက ဒေသခံ ပြည်သူလူထုနှင့် ပြည်သူ့ကိုယ်စားလှယ်များ ပါဝင်သော ကြပ်မတ် စောင့်ကြည့်ရေး အဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်လျှင် အရည်အသွေးမှီ စံချိန်စံညွှန်းမှီ အဆောက်အအုံများ ရရှိနိုင်မည်ဖြစ်ကြောင်း အကြံပြုပြောဆိုခဲ့သည်။
၂၀၁၇ ဧပြီလ ၅ ရက်နေ့က နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် က ကျေးလက် လမ်းတံတား တည်ဆောက်ရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန် ညွှန်ကြားခဲ့သဖြင့် တနိုင်ငံလုံးရှိ လမ်း၊ တံတား တည်ဆောက်ရေးလုပ်ငန်း အားလုံး ကို ဆောက်လုပ်ရေး ဝန်ကြီးဌာန မှ တာဝန်ယူ ဆောင်ရွက်ရန်လည်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန သို့ တင်ပြထား ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ သိရသည်။