သတင်း

ကူးစက်ရောဂါ ကာကွယ်နှိမ်နင်းရေး ဥပဒေသစ် ယခုနှစ်အပြီး ရေးဆွဲနေ

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန လက်အောက်ရှိ ပြည်သူ့ကျန်းမာရေး ဦးစီးဌာနက ကူးစက်ရောဂါ ကာကွယ် နှိမ်နင်းရေး ဥပဒေသစ်ကို ယခုနှစ်အတွင်း ပြီးစီးအောင် ရေးဆွဲနေကြောင်း အဆိုပါဌာနမှ သိရသည်။

အဆိုပါဥပဒေကို ကျန်းမာရေးဝန်ကြီးဌာန ပြည်သူ့ကျန်းမာရေး ဦးစီးဌာနက အသစ်ပြန်လည် ရေးဆွဲနေခြင်း ဖြစ်ပြီး ပြည်သူ့လွှတ်တော် ဥပဒေနှင့် အခြားကိစ္စရပ်များ လေ့လာဆန်းစစ်ရေး ကော်မရှင်သို့ ပေးပို့ထားကာ ယခုနှစ်အတွင်း ပြဋ္ဌာန်းနိုင်ရန် ရည်မှန်းထားကြောင်း ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲမှ ကူးစက် ဆရာဝန် ဒေါက်တာထူးမြင့်ဆွေက ဧရာဝတီကို ပြောသည်။

ဒေါက်တာ ထူးမြင့်ဆွေက “နဂိုတုန်းက လုပ်ထားတာကို ဖျက်သိမ်းပြီး အသစ်ပြန်ပြီး ပြဋ္ဌာန်းမှာ။ ၅ ရက် ၅လ ၂၀၁၆ မှာ ပြည်သူ့လွှတ်တော် ကျန်းမာရေးနဲ့ အားကစားကော်မတီက ဒေါက်တာ စံရွှေဝင်းက ပြည်သူ့ကျန်းမာရေး ဦးစီးဌာနကို လာပြီး ခေတ်နဲ့ လျော်ညီအောင် ပြန်ပြင်မယ်ဆိုပြီး ဆွေးနွေးခဲ့တယ်” ဟု ပြောသည်။

၁၉၉၅ ခုနှစ် ကူးစက်ရောဂါ ကာကွယ်နှိမ်နင်းရေး ဥပဒေသည် ခေတ်နှင့် လျော်ညီမှု မရှိခြင်း၊ ပြစ်မှု၊ ပြစ်ဒဏ် အားနည်း နေသေးခြင်း၊ လူသိနည်းနေခြင်းတို့ကြောင့် ယခုကဲ့သို့ ပြန်လည် ရေးဆွဲရခြင်းဖြစ်ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာဝင်းလွင်က “ပြင်ဆင်မှုတွေ လုပ်နေခဲ့တာ ၆ လ ကျော်လောက် ကတည်းကပဲ။ ပြစ်ဒဏ်တွေ နည်းနေတာကို ပြင်တာမျိုးတွေ လုပ်နေတာ” ဟု ဧရာဝတီကို ပြောသည်။

ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်းရေး ဥပဒေကို ၁၉၉၅ ခုနှစ်တွင် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး အဖွဲ့ (နဝတ) လက်ထက်၌ ပြဋ္ဌာန်းခဲ့ပြီး ၂၀၁၁ ခုနှစ် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ(နအဖ) လက် ထက်တွင် ယင်းဥပဒေအပေါ် အခြေခံကာ ပြင်ဆင် ဖြည့်စွက်ခြင်းများ ရှိခဲ့သော်လည်း ယခုမှသာ ပထမဆုံးအကြိမ် အသစ် ပြန်လည် ရေးဆွဲခြင်းဖြစ်သည်။

၁၉၉၅ ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်းရေး ဥပဒေတွင် အခန်း ၉ ခန်း ပါရှိပြီး အခန်း ၁ ရောဂါအမည်များနှင့် စကားလုံး အဓိပ္ပာယ်များ ဖော်ပြခြင်း၊ အခန်း ၂ ကြိုတင်ကာကွယ်ခြင်း ၊ အခန်း ၃ ကျန်းမာရေး အရာရှိ၏ လုပ်ငန်း တာဝန် များ ၊ အခန်း ၄ ပတ်ဝန်းကျင် သန့် ရှင်းရေး ဆောင်ရွက်ခြင်း ၊ အခန်း ၅ ကူးစက်ရောဂါဖြစ်ပွားကြောင်း တိုင်ကြားခြင်း ၊ အခန်း ၆ အဓိက ကူးစက်မြန်ရောဂါ ဖြစ်ပွားမှုနှင့် စပ်လျဉ်း၍ ဆောင်ရွက်ခြင်း ၊အခန်း ၇ အသွားအလာ တားမြစ် ပိတ်ပင်ခြင်း ကန့်သတ်ခြင်း ၊ အခန်း ၈ ပြစ်ဒဏ်များ ၊ အခန်း ၉ အထွေထွေ ဟူ၍ ပြဋ္ဌာန်းထားသည်။

အဆိုပါ ဥပဒေ ပုဒ်မ ၄ အရ ကျန်းမာရေး ဦးစီးဌာနသည် ရောဂါကူးစက်ပျံနှံ့မှုကို နှိမ်နင်းရန် ပြည်သူတို့အား ကာကွယ် ဆေးထိုးခြင်းနှင့် အခြားလိုအပ်သော အစီအမံများ ဆောင်ရွက်ခြင်းတို့ ပြုလုပ်ပေးသော်လည်း လိုက်နာရန် ပျက်ကွက် ကြောင်း ပြစ်မှု ထင်ရှားပါက ထိုသူအား ကျပ်၅ထောင် ထက်မပိုသော ငွေဒဏ် ချမှတ်နိုင်ကြောင်း ဥပဒေတွင် ပြဋ္ဌာန်း ထားသည်။

ပုဒ်မ ၅၊ ပုဒ်မခွဲ (ဇ)အရ လူအများ စားသုံးရန်မသင့်သော အစားအသောက်များကို ပိတ်ပင်ရန် သို့မဟုတ် ဖျက်ဆီးရန် ညွှန်ကြားခြင်းတို့ကို မလိုက်နာပါက ထိုသူအား ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်စလုံးဖြစ်စေ ချမှတ်နိုင် သည်ဟု သိရသည်။

 

Loading