မန္တလေးတိုင်းဒေသကြီးရှိ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး ကျောင်းဝင်းများအတွင်း အမြဲနေထိုင်လျက် ရှိသော လူပုဂ္ဂိုလ်များနှင့် လူနေအိမ်များကို ဖယ်ရှားမည့် အစီအစဉ်သည် နိုင်ငံတော် သံဃမဟာ နာယကအဖွဲ့(မဟန)၏ ညွှန်ကြားလွှာအရ လုပ် ဆောင်ရခြင်းဟု မန္တလေးတိုင်းဒေသကြီး သာသနာရေးမှူးရုံးမှ ညွှန်ကြားရေးမှူး ဦးခင်မောင်တင့်က ပြောသည်။
ဦးခင်မောင်တင့်က “နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့ရဲ့ ညွှန်ကြားလွှာ ၁၄အပါအဝင် ၇၂၊ ၇၅၊ ၇၉၊ ၈၀တို့ နဲ့ပတ် သက်ပြီး လုပ်ဆောင်ရတာပါ။ အခုမှ ညွှန်ကြားတာ မဟုတ်ပါဘူး ၂၀၀၄ လောက်ကတည်းက ညွှန်ကြားချက်ပါ။ လိုက်နာမှု အားနည်းတာကြောင့် ထပ်မံ ထုတ်ပြန်ပေးတာပါ။ ကျနော်တို့ သာသနာရေးကနေ ထုတ်ပြန်တာ မဟုတ်သလို လုပ်ဆောင် တာတွေကိုလည်း တိုင်းသံဃနာယက အဖွဲ့ကပဲ လုပ်ဆောင်မှာပါ” ဟု ဧရာဝတီကို ပြောသည်။
ဘုန်းကြီးကျောင်းဝင်းအတွင်း လူနေထိုင်မှုစာရင်းကို ဇူလိုင်လ ၂၀ရက်နေ့တွင် ရပ်ကွက်၊ ကျေးရွာ၊ သံဃနာယက အဖွဲ့များနှင့် အုပ်ချုပ်ရေးပိုင်းတို့က တာဝန်ယူ၍ စာရင်းပြုစု ကောက်ယူသွားမည်ဖြစ်ပြီး တိုင်းအစိုးရအဖွဲ့နှင့် ညှိနှိုင်း ဆောင်ရွက်နေကြောင်း ၎င်းက ပြောသည်။
ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းဝင်းများအတွင်း အမြဲနေထိုင်လျက် ရှိသော လူပုဂ္ဂိုလ်များသည် ဇူလိုင်လ ၃၁ ရက် နောက်ဆုံး ထား ဖယ်ရှားရမည်ဖြစ်ပြီး အဆိုပါ ရက်ထက် ကျော်လွန်နေထိုင်သူများကို တည်ဆဲဥပဒေအရ အရေးယူသွားမည် ဖြစ် ကြောင်း သိရသည်။
ချမ်းအေးသာစံမြို့နယ် သံဃနာယကအဖွဲ့ဝင် ဆရာတော်တစ်ပါးက “အခုဆုံးဖြတ်ချက်တွေက ၂၀၀၄လောက်ကတည်းက ထုတ်ပြန်ထားတာ။ လက်ရှိမှာ အခြေအနေအရ ထပ်မံထုတ်ပြန်တာဖြစ်တယ်။ လက်ရှိ အခြေအနေဆိုတာက ကျောင်းတွေ မှာ တရားမဝင် သစ်ထားတာမျိုး၊ လိုင်စင်မဲ့ကားတွေ ထားတာမျိုး ပေါက်ကွဲစေတတ်တဲ့ ပစ္စည်းတွေ ထားတာမျိုး လောင်း ကစားဒိုင်တွေ ဖွင့်နေတာမျိုးနဲ့ ဂိုဒေါင်သဖွယ် အသုံးပြုနေတာမျိုးတွေ တွေ့ရတယ်။ ဒါတွေက သာသနာအတွက် အမြင် မသင့်တော်တာကြောင့် ဖယ်ရှားသွားဖို့လုပ်တာပါ” ဟု ဧရာဝတီကို မိန့်ကြားသည်။
နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ညွှန်ကြားလွှာအမှတ် ၁၄ အရ ရဟန်းတော်များ သီတင်းသုံးရာ ကျောင်း၊ ကျောင်းတိုက်များမှ အမြဲနေ လူပုဂ္ဂိုလ်များ ဖယ်ရှားပေးရန်ကိစ္စနှင့် ပတ်သက်၍ ဇွန်လ ၁ဝ ရက် မွန်းလွဲ ၂ နာရီက မန္တလေး မြို့ ချမ်းအေးသာစံမြို့နယ် သီရိမင်္ဂလာ ဂွေးချိုတိုက် မေသက် ဘရားသားကျောင်းရှိ မြို့နယ်သံဃ နာယကအဖွဲ့ ရုံး၌ အစည်းအဝေး ကျင်းပခဲ့သည်။
ယင်းအစည်းအဝေးတွင် မြို့နယ် သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဘဒ္ဒန္တပညိန္ဒာဘိဝံသက ဘုရားရှင်၏ အလိုဆန္ဒတော်နှင့် လည်းကောင်း၊ ဓမ္မဝိနယများနှင့် လည်းကောင်း ဆန့်ကျင်နေသည့် သက်ကြီးရွယ်အို၊ သားသမီး ကျောထောက် နောက်ခံ မရှိသော ရဟန်း ခမည်းတော်၊ မယ်တော်များမှတပါး မာတုဂါမများအပါအဝင် အမြဲနေထိုင်သူ လူပုဂ္ဂိုလ်များကို ဖယ်ရှား ပေးရန် ဆုံးဖြတ်ချက် ၁ဝ/၈ဝ ကို ချမှတ်ခဲ့ကြခြင်း ဖြစ်သည်။
အဆိုပါ အစည်းအဝေးသို့ မြို့နယ်သံဃနာယက အဖွဲ့ဝင် ဆရာတော်များ၊ ရပ်ကွက် သံဃနာယက အဖွဲ့ဥက္ကဋ္ဌ ဆရာတော် များ၊ မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အုပ်ချုပ်ရေးမှူး ဦးကျော်ဆွေ၊ မြို့နယ် သာသနာရေးမှူး ဦးဝင်းမြင့်နှင့် ရပ်ကွက် အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ယခုအခါ ဘုန်းတော်ကြီးကျောင်းများတွင် ဥပဒေနှင့်မလွတ်ကင်းသည့် ပစ္စည်းများ လက်ခံထားရှိခြင်း၊ ပြစ်မှု ဖြစ်ပွားခြင်းများ ရှိနေခြင်းနှင့်အတူ ၂၀၁၆ခုနှစ်အတွင်းက မန္တလေးခရိုင် ချမ်းမြသာစည်မြို့နယ်အတွင်းရှိ ဘုန်တော်ကြီးကျောင်းတကျောင်း အတွင်း လိုင်စင်မဲ့ကားများ ဖမ်းဆီးရမိခြင်း၊ တရားမဝင်သစ်များ ဖမ်းဆီးရမိခြင်းနှင့် ယခုလအတွင်းကလည်း ဘုန်းတော် ကြီးကျောင်းတကျောင်း၏ ကုဋီအနီးမှ WY စာတန်းပါ မူးယစ်ဆေးဝါးများ တွေ့ရှိခြင်းတို့ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။