ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လူသားချင်းစာနာမှု ညှိနှိုင်းပူးပေါင်းဆောင်ရွက်ရေး ဌာနေ အကြီးအကဲ ရီနာတာ လော့တ် ဒက်ဆယ်လီယန် (Renata Lok-Dessallien) ရာထူးမှ ထွက်မည် ဖြစ်ကြောင်း ကုလသမဂ္ဂက အင်္ဂါနေ့တွင် အတည်ပြု သည်။
“ဒီရာထူး အတွက် ကြော်ငြာ ထည့်ထားပြီးပါပြီ” ဟု ပြန်ကြားရေး အရာရှိ ဦးအေးဝင်းက ဧရာဝတီသတင်းဌာနသို့ ပြောသည်။ သို့သော် လော့တ် ဒက်ဆယ်လီယန် နှုတ်ထွက်ရခြင်း အကြောင်းရင်းကိုမူ ထုတ်ဖော် ပြောရန် ငြင်းဆန်သည်။
သူမ သည် ပုံမှန် ရာထူးသက်တမ်း ၅ နှစ် မပြည်မီ တနှစ်ခွဲ အလိုတွင် နုတ်ထွက်ခဲ့ခြင်း ဖြစ်ပြီး မြန်မာနိုင်ငံမှ လူ့အခွင့်အရေး ချိုးဖောက်မှုများကို ကိုင်တွယ်ရန် လုံလောက်သည့် ဆောင်ရွက်မှုများ လုပ်ဆောင်နိုင်ခြင်း မရှိကြောင်း ဝေဖန်မှုများလည်း ခံခဲ့ရသည်။
ကုလသမဂ္ဂ၏ လက်အောက်ခံရုံး အမျိုးမျိုးတို့ အကြား ညီညွတ်မှု မရှိပဲ တင်းမာသော ဆက်ဆံရေးများ ရှိနေပြီး မြန်မာနိုင်ငံတွင် ကုလသမဂ္ဂရုံးသည် သိသိသာသာ အလုပ် မဖြစ်ကြောင်း အထွေထွေ အတွင်းရေးမှူးသစ်ထံ တင်သွင်းမည့် ကုလသမဂ္ဂ ရုံးတွင်း စာတွင် ဖော်ပြထားသည် ဟု ဘီဘီစီ သတင်းဌာနက အင်္ဂါနေ့က ဖော်ပြသည်။
လွန်ခဲ့သောနှစ် နိုဝင်ဘာလက အစိုးရလုံခြုံရေး တပ်များက လူ့အခွင့်အရေး ချိုးဖောက်သည် ဟူသော စွပ်စွဲချက်များ ထွက်ပေါ်နေစဉ် ကုလသမဂ္ဂနှင့် ပြည်ပ သံအမတ်များ ရခိုင်ပြည်နယ်သို့ သွားရောက်ခဲ့ပြီး နောက် ကျင်းပခဲ့သော သတင်းစာ ရှင်းလင်းပွဲတွင် ရိုက်ကူးဖမ်းယူခြင်း မပြုရန် သတင်းသမားများကို ပိတ်ပင်ခဲ့ သောကြောင့်လည်း သူမသည် ဝေဖန်ခံခဲ့ရသည်။
သူမသည် ကနေဒါနိုင်ငံသူ ဖြစ်ပြီး ၂၀၁၄ ခုနှစ် ဇန်နဝါရီလတွင် ထိုရာထူးကို စတင်ထမ်းဆောင်ကာ ပထမဆုံး မြန်မာနိုင်ငံဆိုင်ရာ ကုလ အကြီးအကဲ ဖြစ်သည်။ သူမသည် ယခင်က ဘူတန်၊ ဘင်္ဂလားဒေ့ရှ် နှင့် တရုတ်နိုင်ငံများတွင် လူသားချင်းစာနာမှု ဌာနေ ညှိုနှိုင်းရေးမှူး အဖြစ်လုပ်ကိုင်ခဲ့ဖူးသည်။