အမှတ် ၉၃ ခြေလျင်တပ်ရင်းမှ လုံခြုံရေး အကြောင်းပြ သိမ်းဆည်းခဲ့ပြီး ပြန်လည်စွန့်လွှတ်ကြောင်း ကြေညာ ထားသည့် ဥယျာဉ်ခြံမြေ ၂၀၉ ဧကအား မူလပိုင်ရှင်လယ်သမားများထံ အမြန်ဆုံး ပြန်လည်ရရှိရေးအတွက် တိုင်းအစိုးရအနေဖြင့် ဆောင်ရွက်ပေးရန် မြောင်းမြမြို့မှ မြေသိမ်းခံလယ်သမားများက ဇွန် ၁၃ ရက်နေ့က သတင်းစာ ရှင်းလင်းပွဲပြုလုပ်ကာ တောင်းဆိုခဲ့ကြသည်။
“ကျနော်တို့ သီဟိုဠ်ခြံတွေကို ၁၉၉၆ ကတည်းက သိမ်းခဲ့တာ။ ၂၀၁၆ မှာ တပ်သိမ်းမြေအဖြစ် စွန့်လွှတ်ကြောင်း ကြေညာခဲ့ပေမယ့် ဒီကနေ့အချိန်အထိ အုပ်ချုပ်ရေးနဲ့ မြေစာရင်းဌာနက ကျနော်တို့ဒေသခံတောင်သူတွေ လက်ထဲ ပြန်လည်ရောက်ရှိအောင် ဆောင်ရွက်ပေးခြင်းမရှိဘူး။ အဲဒီတော့ ကျနော်တို့မှာ တအားနစ်နာ ဆုံးရှုံး နေတဲ့အတွက် တပ်ကစွန့်လွှတ်ပြီးသားမြေတွေ မူလပိုင်ရှင်လက်ထဲရောက်ရှိအောင် ဧရာဝတီတိုင်းအစိုးရ အနေနဲ့ ထိရောက်စွာ ဆောင်ရွက်ပေးပါလို့ တောင်းဆိုပါတယ်”ဟု မြောင်းမြမြို့မှ မြေသိမ်းခံတောင်သူ ဦးကိုအေးက ဧရာဝတီကို ပြောသည်။
မြောင်းမြမြို့၊ သဇင်ကုန်းကြီးကျေးရွာအုပ်စုတွင် ခလရ ၉၃ က ၁၉၉၆ ခုနှစ်မှ စတင်၍ ဒေသခံတောင်သူ ၃၂ ဦး ပိုင်ဆိုင်သည့် သီဟိုဠ်ခြံ ၂၄၉ ဧကအား သိမ်းယူခဲ့သည့်အတွက် ဒေသခံတောင်သူများမှာ ခလ၇ ၉၃ တပ်အား သီစားခပေး၍ ၁၃ နှစ်ကြာ ရယူလုပ်ကိုင်ခဲ့ကြောင်း၊ အဆိုပါမြေများပေါ်တွင် မည်သည့်စီမံကိန်းမှ အကောင် အထည်ဖော်ခြင်း မရှိကြောင်း၊ ထို့နောက် ၂၀၁၆ ခုနှစ်တွင် တပ်သိမ်းမြေအဖြစ်မှ စွန့်လွှတ်ကြောင်း ကြေညာခဲ့ခြင်း ဖြစ်သည်ဟု မြေသိမ်းခံတောင်သူများက ပြောသည်။
တပ်သိမ်းမြေ ပြန်လည်စွန့်လွှတ်ရာတွင် တောင်သူမိသားစု ၂၀ ၏ ဥယျာဉ်မြေ ၂၀၉ ဧကကိုသာ စွန့်လွှတ်ခဲ့ခြင်း ဖြစ်ပြီး တောင်သူ ၁၂ ဦး၏ မြေဧက ၄၀ ကို စွန့်လွှတ်ခြင်းမရှိဘဲ ချန်လှပ်ခဲ့ကြောင်း၊ အဆိုပါမြေကို မည်သည့်ဌာန အတွက် ချန်လှပ်ထားသည်ကို မသိရှိရကြောင်း ဒေသခံများက ဆိုသည်။
“မြေတွေပြန်ပေးရာမှာ တပ်ဘေးနားက လေယာဉ်ကွင်းနဲ့ အလျားလိုက် ပေ ၅၀၀ ကိုတော့ ပြန်မပေးဘဲ ချန်ထားမယ်လို့ မြေစာရင်းက ပြောတယ်။ အဲဒါက သီဟိုဠ်ခြံ ဧက ၅၀ လောက်ရှိတယ်။ အဲဒီမြေက ဘယ်ဌာန အတွက် ယူတာပါလဲလို့ မေးတော့ မြောင်းမြက ဌာနဆိုင်ရာတွေ ဘယ်သူမှ မေးလို့မရဘူး။ ကျနော်တို့ အိမ်နဲ့ခြံက သိမ်းမယ်ဆိုတဲ့ ပေ ၅၀၀ ထဲမှာ ပါနေတော့ အိမ်တွေ ဖယ်ရ၊ ဖျက်ရမယ်ပြောတယ်။ ဒီအိမ်တွေဖျက်ရရင် ကျနော်တို့မှာ တခြားနေစရာမရှိဘူး”ဟု မြေသိမ်းခံတောင်သူ ဦးအေးမြင့်က ပြောသည်။
အဆိုပါ တပ်သိမ်းမြေကိစ္စများနှင့်ပတ်သက်၍ မြောင်းမြမြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဌာနအား ဧရာဝတီက မြောင်းမြမြေစာရင်းဦးစီးမှူး ဦးမြင့်အောင်အား ဖုန်းဖြင့်ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဖြေကြားခြင်း မရှိပါ။
“တောင်သူတွေရဲ့ ဥယျာဉ်ခြံမြေတွေကို ဥပဒေမဲ့ သိမ်းခဲ့တယ်။ ပြီးတော့ ဘာစီမံကိန်းမှမလုပ်ဘဲ တောင်သူတွေကို သီးစားပြန်ချတယ်။ အခု စွန့်လွှတ်ဖို့ကျတော့ ဥပဒေနဲ့အညီဆိုပြီး စိစစ်နေတာက တနှစ်နဲ့ မပြီး၊ နှစ်နှစ်နဲ့ မပြီးဖြစ်နေတော့ မြေသိမ်းခံ ပြည်သူတွေအတွက် အရမ်းနစ်နာတယ်။ အဲဒီတော့ ဧရာဝတီတိုင်း အစိုးရအနေနဲ့ တပ်ကစွန့်လွှတ်ပြီးသား မြေကိုတောင် မူလပိုင်ရှင်တောင်သူတွေဆီ ပြန်ရအောင် လုပ်မပေးနိုင် ဘူးလားလို့ မေးခွန်းထုတ်စရာ ဖြစ်နေတယ်”ဟု တောင်သူလယ်သမားအကျိုးဆောင်ကွန်ရက် ဥက္ကဋ္ဌ ဦးကြည်လွင်က ပြောသည်။
ဧရာဝတီတိုင်းဒေသကြီးတွင် စီမံကိန်းအမျိုးမျိုးအကြောင်းပြု၍ စစ်တပ်၊ ဌာနဆိုင်ရာ၊ ကုမ္ပဏီများနှင့် အုပ်ချုပ်ရေး တာဝန်ရှိသူများ သိမ်းဆည်းခဲ့သည့် မြေဧကပေါင်း ၂ သိန်းကျော်ရှိနေပြီး ယခင်အစိုးရလက်ထက်၌ မြေဧက ၉ သောင်း ကျော်ကို သက်ဆိုင်သူများထံ ပြန်လည်ပေးအပ်ခဲ့ပြီးဖြစ်ကြောင်း ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူဦးဆောင်သည့် ဗဟိုမြေစစ်ကော်မတီက ပြီးခဲ့သည့်မတ်လအတွင်းက သတင်းထုတ်ပြန် ထားသည်။