သတင်း

ကျူးကျော်မဟုတ်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ထံ အသနားခံစာတင်မည်

Want create site? Find Free WordPress Themes and plugins.

ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ်၊ ဆရာစံ မြောက်အနောက်ရပ်ကွက်၌ နေထိုင်သူများက ကျူးကျော်မဟုတ်ကြောင်း သက်သေအထောက်အထား ခိုင်လုံစွာဖြင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် တာဝန်ရှိသူများထံ အသနားခံစာ တင်ပြသွားမည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်တိုင်းအစိုးရအဖွဲ့ ၏ ကျူးကျော်အသိအမှတ်ပြု စမတ်ကတ် ထုတ်ပေးမှုကို ငြင်းပယ်ပြီး၊ မှားယွင်းစွာ ကျူးကျော်စာရင်း သွင်းထားမှုကို ပယ်ဖျက်ပေးရန် ရန်ကုန်တိုင်းဝန်ကြီးချုပ် အပါအဝင် သက်ဆိုင်ရာ တာဝန်ရှိသူများထံ ဇူလိုင် ၁၂ ရက်က စာပေးပို့ခဲ့ပြီး၊ ဒုတိယအဆင့်အဖြစ် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် တာဝန်ရှိသူများထံ အသနားခံစာ ပေးပို့ခြင်း ဖြစ်သည်ဟု ဆရာစံ မြောက်အနောက်ရပ်ကွက် အပိုင်း (၄) နေ ဦးသစ်လွင် (ခ) ဦးလှမင်းက ဧရာဝတီကို ပြောသည်။

“ တိကျတဲ့ စာရွက်စာတမ်း အကိုးအကားတွေနဲ့ တင်မှာပါ။ ဘယ်ဥပဒေအရ ဘယ်လိုရပိုင်ခွင့် ရှိတယ်ဆိုတာ၊ ရပ်ကွက်ဖြစ်လာပုံ သမိုင်းလည်း တင်ပေးမယ်။ ဘယ်သူက ချထားပေးတယ်ဆိုတာကို ကျနော်တို့ဘက်က တိတိကျကျနဲ့ အချက်အလက် ပြည့်ပြည့်စုံစုံ တင်မှပါ။ ဒါမှတာဝန်ရှိသူတွေက အကုန်လုံးကို ထည့်သွင်းစဉ်းစားလို့ရမှာ။ မဟုတ်ရင် လမ်းဘေးကျူးကျော်လို့ပဲ ယူဆသွားမှာစိုးတယ်” ဟု ဦးသစ်လွင်က ဆိုသည်။

ရန်ကုန်တိုင်းအစိုးရအဖွဲ့က ဆရာစံ မြောက်အနောက်ရပ်ကွက်အတွင်းရှိ အိမ်ထောင်စုပေါင်း ၁၉၀ ကို ကျူးကျော်ဟုဆိုကာ ကျူးကျော်အသိအမှတ်ပြု စမတ်ကတ် ထုတ်ပေးခြင်းကို ဇွန် ၁၂ ရက်က ပြုလုပ်ခဲ့ရာ ၆၉ ဦး (အိမ်ရှင်၊ အိမ်ငှားများ) စမတ်ကတ် သွားရောက်ထုတ်ယူပြီး၊ ကျန်အိမ်ထောင်စုများက ကတ်မထုတ်ကြဘဲ ကျူးကျော်မဟုတ်ကြောင်း ငြင်းပယ်၍ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းထံ စာတင်ခဲ့ကြကြောင်း ဆရာစံမြောက်အနောက်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးတင်မျိုးဦးက ဧရာဝတီကို ပြောသည်။

လက်ရှိနေထိုင်သူများသည် အစိုးရအဆက်ဆက် နှစ်ပေါင်း ၆၀ ကျော် နေထိုင်လာကြပြီး တရားဝင် မြေချပါမစ် ပြေစာဖြတ်ပိုင်း၊ မြေတိုင်း/မြေကွက်အမှတ်များနှင့်အတူ သတ်မှတ်ထားသည့် လမ်းအကျယ်အဝန်း၊ စည်ပင်ရေမြောင်းတို့ ရှိကြောင်းကို ဓာတ်ပုံအထောက်အထားများနှင့်တကွ တင်ပြသွားမည်ဟု ၎င်းက ဆက်ပြောသည်။

အသနားခံစာကို လက်ရှိမြေပိုင်ရှင် ၇၀ ဦးက လက်မှတ်များရေးထိုးပြီး၊ အထောက်အထားများနှင့်အတူ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်း၊ မြို့တော်ဝန်၊ တိုင်းဒေသကြီး ပြည်သူတို့၏ တိုင်ကြားစာနှင့် အသနားခံစာများ စိစစ်ရေးကော်မတီ၊ ခရိုင်/မြို့နယ်/ရပ်ကွက် အုပ်ချုပ်ရေးမှူး၊ မြို့နယ်စည်ပင်နှင့် ဗဟန်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ်များထံသို့ ပေးပို့သွားမည်ဟု ဦးသစ်လွင်က ပြောသည်။

ဗဟန်းမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းထွဋ်က “ ခုကစာရင်းကောက်ရုံပဲ ရှိသေးတာပါ။ ကျန်တဲ့အပိုင်းတွေ မပါသေးဘူး။ မှတ်တမ်းပြုထားမယ်။ လိုအပ်သလို ရန်ကုန်တိုင်းအစိုးရက လုပ်ပေးမှာပါ။ ဘာလုပ်ပေးမယ် ဆိုတာတော့ ကျနော်တို့လည်း မသိဘူး။ စာရင်းကောက်ဆိုတဲ့အတိုင်း ကောက်ရတာပေါ့” ဟု ဆိုသည်။

ရန်ကုန်တိုင်းအစိုးရက တိုင်းဒေသကြီးအတွင်း ကျူးကျော်နေထိုင်သူစာရင်း ၃ သိန်း ကျော်ရှိမည်ဟု မျှော်မှန်းထားသော်လည်း မြေပြင်အခြေအနေတွင် ၄ သိန်းကျော် ရှိနေကြောင်း၊ ယင်းတို့ထဲမှ ကျူးကျော် အစစ်အမှန် ဟုတ်မဟုတ် ဆိုသည်ကို သေချာစိစစ်သွားမည်ဖြစ်ဟု ဇွန် ၉ ရက်က ပြုလုပ်ခဲ့သည့် ရန်ကုန်တိုင်းအစိုးရ တနှစ်ပြည့် သတင်းစာ ရှင်းလင်းပွဲတွင် ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောဆိုခဲ့သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading