ဘယ်လ်ဂျီယမ်နိုင်ငံ ဘရပ်ဆဲလ်အခြေစိုက် ဖွံ့ဖြိုးရေးနှင့် ဒီမိုကရေစီ အကျိုးဆောင်အဖွဲ့ ဖြစ်သည့် ဥရောပမြန်မာရုံး (Euro-Burma Office – EBO) ၏ အမှုဆောင် ဒါရိုက်တာ ဦးဟန်ညောင်ဝေကို မြန်မာအစိုးရက ပြည်ဝင်ခွင့် ပိတ်ပင်လိုက်ကြောင်း သတင်းရရှိသည်။
ဦးဟန်ညောင်ဝေနှင့် ပုဂ္ဂိုလ်ရေး ရင်းနှီးသူလည်းဖြစ် ထိုင်းနိုင်ငံ၊ ချင်းမိုင် အခြေစိုက် Pyidaungsu Institute for Peace and Dialogue အဖွဲ့၏ ဒါရိုက်တာလည်းဖြစ်သည့် ဦးခွန်ဆိုင်းကျိုင်ယင် က “ဟုတ်တယ်။ ပိတ်လိုက်တယ်။ နိုင်ငံခြားရေးဝန်ကြီးဌာနက ပိတ်တယ် ပြောတယ်။ သူတို့ကတော့ ပိတ်တယ်လို့တော့ မပြောပေမယ့် ဗီဇာတော့ မထုတ်ပေးဘူး။ ဘာကြောင့်လဲဆိုတာလည်း မရှင်းပြဘူး” ဟု ဧရာဝတီသို့ ပြောသည်။
ဦးဟန်ညောင်ဝေသည် မြန်မာ့တိုင်းရင်းသား နိုင်ငံရေးတွင် ဩဇာကြီးသူဖြစ်ပြီး ၎င်း၏ EBO အဖွဲ့သည် လူမျိုးစု လူမှုအခြေပြု အဖွဲ့အစည်း များနှင့် အတိုက်အခံအဖွဲ့များအတွက် အဓိက ဘဏ္ဍာရေး ရင်းမြစ်တခု ဖြစ်သည်။
သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် ပတ်သက်ပြီး ဝန်ကြီးဟောင်း ဦးအောင်မင်း၊ ဦးစိုးသိန်းတို့နှင့် ကျွမ်းဝင်သူ ဦးဟန်ညောင်ဝေသည် လက်ရှိအစိုးရ လုပ်ဆောင်နေသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ် ကဖျက်ယဖျက် လုပ်သည်ဆိုသော သတင်းများ ထွက်ပေါ်နေမှုနှင့်လည်း ဆက်စပ်မှုရှိနိုင်သည်ဟု ဆိုသည်။
ဦးခွန်ဆိုင်းကျိုင်ယင် က “သံတမန် အသိုင်းအဝိုင်းနဲ့ အစိုးရ အသိုင်းအဝိုင်းမှာ သတင်းထွက်နေတာက အစိုးရက ဦးဆောင် လုပ်နေတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းမှာ ဦးဟန်က ကဖျက်ယဖျက် လုပ်နေတယ်ပေါ့နော်၊ အဲလိုမျိုး သတင်းထွက်နေတယ်။ အဲဒါကြောင့် ဒီလို လုပ်လိုက်တာ ဖြစ်တယ်ပေါ့” ဟု ဆိုသည်။
ဦးဟန်ညောင်ဝေအနေဖြင့် မြန်မာနိုင်ငံထဲ ဝင်ရောက်ရန်အတွက် ဧပြီလပိုင်းကတည်းက ပြည်ဝင်ခွင့်ဗီဇာ လျှောက်ထားခဲ့ခြင်း ဖြစ်ပြီး ၎င်းအား ဗီဇာထုတ်မပေးခြင်းကို ဇွန်လ ၁ ရက်နေ့မှ သိရကြောင်း မကြာမီရက်ပိုင်းက ဦးဟန်ညောင်ဝေနှင့် ချင်းမိုင်မြို့တွင် တွေ့ဆုံခဲ့သည့် ဦးခွန်ဆိုင်းကျိုင်ယင်က ဆိုသည်။
အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၏ အတွင်းဝန် ဦးမြင့်ကြိုင်က ၎င်းတို့ ဌာန အနေဖြင့် မည်သူ တဦး တယောက်ကိုမှ တိုက်ရိုက်ဗီဇာပိတ်ပင်ခြင်း၊ Black List(အမည်ပျက် စာရင်း) သွင်းခြင်းတို့ကို လုပ်ဆောင်၍ မရကြောင်း၊ အစိုးရအဖွဲ့ တခုခုက ခိုင်းမှ ပိတ်ပေးတာမျိုးဖြစ်ကြောင်းနှင့် ထိုကိစ္စနှင့် ပတ်သက်၍ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဆောင်ရွက်နေသူ အချို့ကို မေးမြန်း စုံစမ်းရန် လမ်းညွှန်သည်။
ဦးမြင့်ကြိုင်က “ဘာကြောင့် ပိတ်လဲဆိုတာလည်း ကာယကံရှင်ကိုယ်တိုင်က စုံစမ်းရင် ရှင်းပြပေးမယ်။ ထုတ်ဖော်ကြေညာရင် ကာယကံရှင် သိက္ခာကျနိုင်တာမျိုးတွေ ရှိလို့ပါ” ဟု ဧရာဝတီသို့ ပြောသည်။
မြန်မာအစိုးရက Black List သွင်းထားသူ စုစုပေါင်း ၂၀၀၀၀ ကျော် ရှိသည့်အနက် လူပုဂ္ဂိုလ် အနေဖြင့် သွင်းထားသည့် မြန်မာနိုင်ငံသား ၁၇၆ ဦးသာရှိပြီး နိုင်ငံခြားသား ၃၆၀၀ ကျော်ရှိကြောင်း သိရသည်။ အခြားသူများထဲတွင် မှုခင်းမျိုးနှင့် အင်တာပိုလ်က အကြောင်းကြားထားသူ များလည်း ပါဝင်ကြောင်း သိရသည်။
မြန်မာနိုင်ငံ၏ ပထမဆုံး သမ္မတ စဝ်ရွှေသိုက်၏ သားအငယ်ဆုံး ဖြစ်သည့် ဦးဟန်ညောင်ဝေသည် သမ္မတ ဦးသိန်းစိန်အစိုးရ လက်ထက် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် အစိုးရတို့အကြား အပစ်အခတ်ရပ်စဲရေး လုပ်ငန်းစဉ်၌ အရေးပါခဲ့သူ တဦးလည်းဖြစ်သည်။
ယခင်အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် ၈ ဖွဲ့အကြား ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ် ရေးထိုး ရေးတွင် ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) နှင့် ကရင်အမျိုးသား အစည်းအရုံး (KNU) အပါအဝင် အခြား အဖွဲ့အချို့ ပါဝင် ရေးထိုးနိုင် ရေးအတွက် ဦးဟန်ညောင်ဝေသည် အရေးပါခဲ့သူတဦးဖြစ်ကြောင်း ဦးသိန်းစိန် အစိုးရလက်ထက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်ခဲ့သူ အချို့က ဆိုသည်။
ဦးဟန်ညောင်ဝေသည် ၁၉၆၃ ခုနှစ်ဝန်းကျင်တွင် မြန်မာနိုင်ငံမှ ပြည်ပသို့ ထွက်ခွာခဲ့ပြီး သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက်၌ ပြည်ဝင်ခွင့် အကြိမ်ကြိမ် ဝင်ထွက်ခွင့် ရရှိခဲ့ပြီးနောက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက်တွင် ပထမဆုံး အကြိမ် ပိတ်ပင်ခံရခြင်း ဖြစ်သည်။