မွန်ပြည်နယ် အတွက် အခွန်အလေအလွင့် မဖြစ်စေရေးနှင့် အခွန်ရှောင် ကုန်သွယ်မှုများအား ထိန်းချုပ် နိုင်ရေး အတွက် ခေတ်မီ နည်းပညာနှင့် စက်ကိရိယာများ သုံး၍ အခွန်အကောက် စည်းကျပ်ရေး တိုက်တွန်းကြောင်း အဆို တရပ်ကို ဇွန်လ ၁၃ ရက်နေ့က ကျင်းပသည့် မွန်ပြည်နယ် လွှတ်တော် အစည်းအဝေး၌ မဲခွဲ ဆုံးဖြတ်ခဲ့ရာတွင် ရှူံးနိမ့်ခဲ့ကြောင်း သိရသည်။
“မွန်ပြည်နယ် အစိုးရ အဖွဲ့ အနေဖြင့် အမှန်တကယ် ရသင့် ရထိုက်သည့် အခွန် အကောက်များ စည်းကြပ် နိုင်ရေး အတွက် တိုက်တွန်းကြောင်း အဆို” ခေါင်းစဉ်ဖြင့် ဇွန်လ ၈ ရက်နေ့ မွန်ပြည်နယ် လွှတ်တော် အစည်း အဝေး၌ သထုံမြို့နယ် မဲဆန္ဒနယ် အမှတ် ၂ မှ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကျော်သူက တင်သွင်း ခဲ့ရာ ဇွန် ၁၃ ရက် အစည်းအဝေးအတွင်း လွှတ်တော်တွင်း မဲပေးပိုင်ခွင့် ရှိသည့် လွှတ်တော် တက်ရောက်နေသည့် လွှတ်တော် ကိုယ်စားလှယ် ၃၀ ဦး ရှိသည့် အနက် ထောက်ခံမဲ ၁၂ မဲ၊ ကန့်ကွက်မဲ ၁၈ မဲဖြင့် ရှူံးနိမ့်ခဲ့ခြင်း ဖြစ်သည်။
“စားသောက်ဆိုင်နှင့် ဝန်ဆောင်မှု လုပ်ငန်း များတွင် ကောက်ခံနေသည့် တံဆိပ်ခေါင်း ကပ်သည့် စနစ်သည် ကမ္ဘာ အရပ်ရပ်မှာ အင်မတန် ရှားပါးသည့် ရှေးဟောင်း နည်းစနစ် တခု ဖြစ်နေတာကိုလည်း ပြည်နယ် အစိုးရနဲ့ ပြည်ထောင်စု အစိုးရတို့ သတိချပ်သင့် ပါတယ်” ဟု ဦးအောင်ကျော်သူက ထည့်သွင်း ဆွေးနွေး ခဲ့သည်။
ပြည်နယ် အစိုးရ တရပ် လည်ပတ်ရန် အတွက် လုံလောက်သော အခွန် ရရှိရန်နှင့် အနာဂတ်၌ မျှော်မှန်း ထားသည့် ဖက်ဒရယ် ပြည်ထောင်စု စနစ်၌ ပြည်နယ်နှင့် ပြည်ထောင်စု တို့အကြား အာဏာ ခွဲဝေရေး အစပြု လာနိုင် စေရန် အတွက် ဤအဆိုအား တင်သွင်းရခြင်း ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။
မွန်ပြည်နယ် စီမံကိန်း ၊ ဘဏ္ဍာရေးနှင့် လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာန ဝန်ကြီး ဦးဝဏ္ဏကျော်က ပြည်နယ် အစိုးရမှ စီမံပိုင်ခွင့် ရှိသော အခွန်အကောက် ကောက်ခံရေး ဆိုင်ရာ များ၌ စည်ပင်သာယာရေး အဖွဲ့ တခုသာ ခေတ်မီနည်းပညာနှင့် စက်ရိယာ များဖြင့် အခွန်အကောက် ကောက်ခံရန် လိုအပ်ပြီး ကျန်ဦးစီးဌာန များမှာ ထိုကဲ့သို့ မလိုအပ်ကြောင်း ထောက်ပြ ဆွေးနွေး ခဲ့သည်။
မွန်ပြည်နယ် အတွင်းသို့ အိမ်နီးချင်း ထိုင်းနိုင်ငံမှ လူသုံးကုန်နှင့် စားသောက်ကုန် ပစ္စည်း အများအပြား ဝင်ရောက် နေသော်လည်း တရားဝင် အခွန်ဆောင်ထားမှု နည်းပါးကြောင်း၊ တရားမဝင် အခွန်ရှောင် ကုန်စည် များအား စစ်ဆေး နိုင်ရန် အတွက် ဖွင့်လှစ် ထားသည့် ကျိုက်ထို မြို့နယ်တွင်းရှိ မရမ်းချောင် ဂိတ်ကဲ့သို့ စစ်ဆေးရေး စခန်းများမှာ လာဘ်ပေး လာဘ်ယူ မှုများ ဖြစ်ပေါ် နေစေပြီး အခွန်အကောက် အပြည့်အဝ မရရှိ ကြောင်း၊ ၎င်းဂိတ်များကို ရှောင်ကွင်း၍ သွားလာ နေကြခြင်းများ ရှိနေကြောင်းလည်း ၎င်းက ထောက်ပြ ဆွေးနွေး ခဲ့သည်။
ကျိုက်မရော မဲဆန္ဒနယ် အမှတ် (၁) မှ NLD ပါတီ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်မျိုးမြင့် က“မွန်ပြည်နယ် အတွင်းသို့ ဝင်ရောက်လာတဲ့ တဖက် နိုင်ငံမှ ကုန်စည် အမျိုးမျိုးကို ကျမတို့ ပြည်နယ် အစိုးရ အနေနဲ့ ခေတ်မီတဲ့ နည်းပညာတွေ အသုံးပြု ပြီးတော့ အခွန်ကောက်မယ် ဆိုရင် သင့်တင့်မျှတတဲ့ အခွန်တွေ ရရှိလာလိမ့်မယ်” ဟု ထောက်ခံ ဆွေးနွေး ခဲ့သည်။
၎င်းအဆိုကို ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ကျိုက်မရော မဲဆန္ဒနယ် အမှတ် ၂ မှ လွှတ်တော် ကိုယ်စားလှယ် ဦးမင်းအောင်မွန်က ထောက်ခံ ဆွေးနွေး ခဲ့ပါသည်။
“အခွန်ရှောင်တိမ်း နေသူများက ရှောင်တိမ်းနေပြီး အခွန်ပိုထမ်းဆောင်ရသူများက ပိုထမ်းဆောင်နေရသလိုမျိုး မဖြစ်စေရေး သတိချပ်ဖို့ လိုပါတယ်၊ ငွေရှင်းဘောက်ချာ များပေါ်တွင် တံဆိပ်ခေါင်း ကပ်ခြင်းကို ဆိုင်အများစုက ဆောင်ရွက် နိုင်စွမ်း မရှိတာကိုလည်း တွေ့ရပါတယ်” ဟု ဦးမင်းအောင်မွန်က ထောက်ပြ ဆွေးနွေး ခဲ့သည်။
ပြည်နယ် လွှတ်တော်၌ အတည် ပြုသည့် အဆိုများကို သမ္မတနှင့် ပြည်ထောင်စု အစိုးရ အဖွဲ့ ထံသို့ ပေးပို့ ရသဖြင့် မိမိတို့ စဉ်စား သကဲ့သို့ ပြည်ထောင်စု အစိုးရမှလည်း စဉ်းစားနိုင်ကြောင်းနှင့် မိမိတို့ လုပ်နိုင်သည့် အဆို ကိုသာ အတည်ပြုရန် မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ အေးဇံက သတိပေး တင်ပြ ခဲ့သည်။
“ပြည်နယ် အနေနဲ့လည်း ဒါကို လုပ်ဖို့ အတွက် ကျနော်တို့ လေ့လာပါတယ်၊ ဆွေးနွေး ခဲ့ပြီးပါပြီ၊ လောလောဆယ် ဒီဟာက မဖြစ်နိုင် သေးတဲ့ အတွက်ကြောင့် ဒီကိစ္စရပ်ကို ရှေ့ကို ကျော်မယ့်အစား မှတ်တမ်း အဖြစ်နဲ့ပဲ ထားဖို့ ဒီနေ့ အားလုံးကို မေတ္တာရပ်ခံပါတယ်” ဟု ဒေါက်တာအေးဇံက သတိပေး တင်ပြ သွားခဲ့သည်။
မွန်ပြည်နယ် အတွက် ၂၀၁၇- ၁၈ ဘဏ္ဍာရေး နှစ်၌ အခွန်အကောက် ရငွေ ၂ ဒသမ ၇၇၇ ဘီလျံ၊ အခြား သာမန် ရငွေ ၇ ဒသမ ၃၇၀ မီလီယံနှင့် အခွန်ဝေစု ရငွေ ၄ ဒသမ ၁၉၂ ဘီလျံ ရရှိ ခဲ့ကာ စုစုပေါင်း ပြည်နယ် ဝင်ငွေမှာ ၁၄ ဒသမ ၄၃၉ ဘီလျံ ရှိခဲ့ကြောင်း မွန်ပြည်နယ် စီမံကိန်း ၊ ဘဏ္ဍာရေးနှင့် လူဝင်မှု ကြီးကြပ်ရေး ဝန်ကြီးဌာန ဝန်ကြီး ဦးဝဏ္ဏကျော်က လွှတ်တော်တွင်း ရှင်းလင်းခဲ့သည်။
သို့သော် ပြည်နယ်အသုံးစရိတ်မှာ ၈၆ ဒသမ ၃၂၇ ဘီလျံ ရှိခြင်းကြောင့် အသုံးစရိတ် လိုငွေ ၇၁ ဒသမ ၈၈၇ ဘီလျံအား ပြည်ထောင်စုမှ ထောက်ပံ့ ပေးခဲ့ရကြောင်း သိရသည်။
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အရ ပြည်နယ်မှ ကောက်ခံပိုင်ခွင့် ရှိသည့် အခွန် ၁၉ မျိုး ရှိကာ ထိုအခွန်အကောက်များ ကို အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန ၊ ငါးလုပ်ငန်း ဦးစီးဌာန၊ သစ်တော ဦးစီးဌာနနှင့် စည်ပင်သာယာရေး အဖွဲ့ စသည်တို့က ကောက်ခံ ပေးသည်။
အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ ယစ်မျိုးခွန်၊ မြေယာခွန်၊ တာတမံခွန်၊ ဓါတ်သတ္တုခွန်များအပေါ် ကောက်ခံခြင်း၊ စည်ပင်သာယာရေး အဖွဲ့က ပစ္စည်းခွန်နှင့် ဘီးခွန်များအား ကောက်ခံခြင်း၊ ငါးလုပ်ငန်း ဦးစီးဌာနက အင်းအိုင်ခွန်များ နှင့် သစ်တောဦးစီးဌာနမှ သစ်တောခွန် များအား ကောက်ခံပေးကြောင်း သိရသည်။
အဆိုပါ ဦးစီးဌာန ၃ ခုနှင့် စည်ပင်သာယာရေး အဖွဲ့တို့သည် ပြည်နယ် အစိုးရ၏ တိုက်ရိုက် စီမံကွပ်ကဲမှုမှ အခွန် အကောက်များ ကောက်ခံနိုင်ပြီး ၎င်းကောက်ခံရရှိသည့် အခွန်အကောက် အလုံးစုံအား ပြည်နယ် ဝင်ငွေ အဖြစ် မှတ်ယူနိုင်သည်။
ထို့ပြင် အကောက်အခွန် ဦးစီးဌာနနှင့် ပြည်တွင်း အခွန်များ ဦးစီးဌာနက ပြည်ထောင်စု အစိုးရ၏ မူဝါဒဖြင့် အခွန်တွေကို ကောက်ခံ ပေးနေပြီး ၎င်းအခွန် များကိုမူ ပြည်ထောင်စု အစိုးရမှ စီမံခန့်ခွဲကာ ပြည်နယ် အစိုးရသို့ ပြန်လည် ခွဲပေးသည်။
ယင်းဌာန ၂ ခုက တံဆိပ်ခေါင်းခွန်၊ ဝင်ငွေခွန် ၊ ကုန်သွယ်ခွန်၊ အထူးကုန်စည်ခွန်နှင့် အောင်ဘာလီ သိန်းဆုခွန် များကို ကောက်ခံပေးလျက် ရှိသည်။